Connect with us

Hi, what are you looking for?

သတင်း

ပြည်ပရောက်မြန်မာတွေအတွက် သက်ဆိုင်ရာနိုင်ငံတွေမှာ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပေးဖို့ NUG ကို MMWRCCT တောင်းဆို

ထိုင်းရောက်မြန်မာ‌လုပ်သားသုံးသန်းကျော်ရဲ့အပ်နှင်းထားတဲ့ကိုယ်စားပြုမှုအရ​တောင်းဆိုတာလို့​ဖော်ပြ

(CI ဖျက်သိမ်းရေးအပါအဝင်အချက် ၄ချက်ကို​တောင်းဆိုတဲ့ ကန်ပိန်းမှာ ထိုင်း​ရောက်မြန်မာလုပ်သား​တွေပါဝင်လက်မှတ်​ရေးထိုး​​​နေကြစဥ်။ ။ဓါတ်ပုံ- MMWRCCT

နိုဝင်ဘာ-၁၉၊၂၀၂၆။တေဇ/People’s Spring

ပြည်ပရောက်မြန်မာနိုင်ငံသားတွေအတွက် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ကြားကာလနိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံသား ကူညီစောင့်ရှောက်ရေး ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်နိုင်ရေးအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အနေနဲ့ အမြန်ဆုံး‌ ဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT)က တောင်းဆိုလိုက်ပါတယ်။

ပြည်ပရောက်မြန်မာတွေအတွက် သက်ဆိုင်ရာနိုင်ငံတွေကကိုယ်စားလှယ်ရုံးတွေမှာ နိုင်ငံသားဖြစ်မှုကို အတည်ပြုနိုင်တဲ့ အထောက်အထားတွေနဲ့ ခရီးသွားစာရွက်စာတမ်းတွေ ထုတ်ပေးနိုင်တဲ့လက်တွေ့ကျတဲ့ အစီအစဉ်တွေ အမြန်ဆုံးဖော်ဆောင်ဖို့နဲ့ ကိုယ်စားလှယ်ရုံးတွေကစာရွက်စာတမ်း‌တွေကို သက်ဆိုင်ရာနိုင်ငံ‌တွေက အသိအမှတ်ပြု လက်ခံနိုင်ဖို့ အမြန်ဆုံး ‌ဆွေးနွေးညှိနှိုင်းရေးအတွက်လည်း MMWRCCT ရဲ့ နိုဝင်ဘာလ ၁၉ ရက်ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာ‌ရွှေ့ပြောင်းလုပ်သား ၃သန်းကျော်ရဲ့ အပ်နှင်းထားတဲ့ ကိုယ်စားပြုမှုအရ အထက်ပါအချက်တွေကို တောင်းဆိုခဲ့လို့ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ (နိုဝင်ဘာ၁၉) အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်တယ်လို့ အမိန့်ချမှတ်လိုက်တာကြောင့်စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ပယ်ချလိုက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရကို ထောက်ခံကြောင်း MMWRCCT ကထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စစ်တပ်က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို လက်ရှိအချိန်အထိ မတရား အနိုင်ကျင့်ဖိနှိပ် သတ်ဖြတ် ဖျက်ဆီးနေဆဲဖြစ်တာကြောင့် အဲဒီ့ အကြမ်းဖက်လုပ်ရပ်တွေအတွက်လည်း ဆက်လက် တာဝန်ခံရမယ်လို့ ရေးသားထားပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ လက်အောက်ခံသံရုံးတွေကို ပြည်သူတွေက ဆန့်ကျင်ငြင်းပယ်သွားမှာဖြစ်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့အခွင့်အရေး နဲ့ လုံခြုံရေးကို ကာကွယ်နိုင်ဖို့ NUG ကို အထက်ပါအချက်တွေ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ(MMWRCCT)ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ်မလုပ်ရေးနဲ့ပတ်သက်ပြီးအချက်(၄)ချက်ပါတဲ့ တောင်းဆိုလှုပ်ရှားမှုစတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ထိုင်းရောက်မြန်မာလုပ်သားတွေ ပူးပေါင်းပါဝင်နိုင်ဖို့ လူမှုကွန်ရက်တွေကနေ ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုစတင်ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် အွန်လိုင်ကနေထိုင်း​ရောက်မြန်မာလုပ်သား​တွေရဲ့ လက်မှတ်ထိုးပါဝင်တဲ့ လှုပ်ရှားမှုကို ပြီးခဲ့တဲ့ နိုတင်ဘာ ၁ရက်က စတင်ပြုလုပ်ရာ နိုဝင်ဘာ ၈ရက်နေ့အထိ ၅ရက်အတွင်း မြန်မာလုပ်သား ၃သန်း ကျော် ပူးပေါင်းပါဝင်ထားတယ်လို့ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ