ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ခေါင်းဆောင် တပ်မှူးတွေနဲ့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ချင်းဒေသ ကာကွယ်ရေးတပ် (CDF) အသီးသီးက ခေါင်းဆောင် တပ်မှူးတွေဟာ နိုဝင်ဘာ ဒုတိယပတ်မှာ ၂ ရက်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ညီညွတ်ရေး၊ စစ်တပ်ကို ခုခံ တွန်းလှန်ရေး၊ ချင်းပြည် လွတ်မြောက်ရေး စတာတွေကို အတူ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဆွေးနွေး ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ချင်း တော်လှန်ရေး အင်အားစုတွေ အတူ ပူးပေါင်းပြီး စစ်တပ်ကို ခုခံ တော်လှန်မယ့် အခြေအနေတွေ အပါအဝင် ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲ ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ CDF တပ်မှူး တစ်ဦးကို People’s Spring က ဆက်သွယ် မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။
— ထားမြတ် / People’s Spring
မေး — ချင်းပြည်သူ့ အစည်းအရုံးနဲ့ CDF တွေ တွေ့ဆုံ ဆွေးနွေးမှု အကြောင်း ရှင်းပြပေးပါလား။
ဖြေ — ကျွန်တော်တို့ အချက် သုံးချက်ပဲ ရှိပါတယ်။ ပထမ တစ်ချက်ကတော့ ကျွန်တော်တို့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ချင်း လက်နက်ကိုင် တပ်ဖွဲ့တွေ ကြားထဲမှာ စုစည်း ညီညွတ်ရေးကို ဦးတည်ပြီးမှ တွေ့ဆုံတာ ဖြစ်ပါတယ်။ ဒုတိယကတော့ ချင်းပြည် တစ်ခုလုံး လွတ်မြောက်ဖို့နဲ့ စစ်ကောင်စီကို ခုခံ တွန်းလှန်စစ်တွေကို အတူတကွ ရှေ့ဆက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ရေးကို ကျွန်တော်တို့ လုပ်ဆောင်သွားဖို့ ဖြစ်ပါမယ်။ တတိယကတော့ ကျွန်တော်တို့ ချင်းပြည်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ များတဲ့အချိန်ကျတော့ ပြည်သူလူထုတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ စည်းလုံး ညီညွတ်မှု ပျက်ပြားတဲ့ အချက်တွေ မြင်ရတယ်။ အဲဒီအပေါ်မှာ တော်လှန်ရေးအပေါ်မှာလည်း အားနည်းတဲ့ ပြည်သူတွေ ရှိတယ်။ ဒီဟာတွေအပေါ်မှာ ကျွန်တော်တို့ အနေနဲ့ ပြန်ပြီးတော့ ပြည်သူ့ တော်လှန်ရေးကို အခြေပြုတဲ့ ၂၀၂၁ နွေဦးတော်လှန်ရေး တပ်ဖွဲ့ဝင်တွေပေါ့နော် လက်နက်ကိုင် အစုအဖွဲ့တွေ အနေနဲ့ ပြန်ပြီးတော့မှ ပြည်သူတွေကို ခွန်အား တက်စေမယ့် လက်နက်ကိုင်တွေ ပြန်ပြီးတော့ စုစည်းပြီးတော့မှ အမျိုးသား တော်လှန်ရေး ပြီးတော့မှ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အပြည့်အဝ တည်ဆောက်နိုင်တဲ့ နိုင်ငံတော် တည်ထောင်ဖို့အတွက် ရည်စူးတဲ့ ပုံစံမျိုး အနေနဲ့ကိုလည်း ရည်မှန်းပြီးတော့မှ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပါတယ်။

Public Service Announcement
မေး — အခု တွေ့ဆုံမှုက ချင်းညီနောင် (CB) နဲ့ ချင်းပြည်ကောင်စီ (CC) ညီညွတ်ရေး လုပ်ဖို့ ခက်ခဲနေတဲ့ အခြေအနေတွေကို ကျော်လွှားတဲ့ နည်းလမ်း တစ်ရပ်လား။
ဖြေ — ကျွန်တော်တို့က ဒီလိုမျိုး ကြီးကြီးမားမား နိုင်ငံရေး Issue တွေကို အခြေခံပြီးမှ တွေ့ဆုံတာမျိုးတော့ မဟုတ်ဘူး။ ကျွန်တော်တို့ အနေနဲ့ စစ်ရေးတွေကို အသားပေးပြီးတော့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပါတယ်။ ပြီးတော့ ခုနက ပြောသလိုမျိုးပါပဲ ကျွန်တော်တို့မှာ နိုင်ငံရေးလို့ ပြောရင် ကျွန်တော်တို့ရဲ့ နဂိုရ် ပေးထားချက် နိုင်ငံရေးတွေက ရှုပ်ထွေးမှုတွေ များပါတယ်။ ကျွန်တော်တို့ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ တပ်ဖွဲ့ဝင်တွေ အနေနဲ့ကတော့ စစ် အောင်နိုင်ရေး၊ အာဏာရှင် ဘယ် အာဏာရှင်စနစ် မဆို ချုပ်ငြိမ်းရေး အပေါ်မှာ အခြေခံပြီးတော့မှ တွေ့ဆုံမှုတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး CC တွေ CB တွေ ဆိုတဲ့ အခြေအပေါ်မှာ အခြေခံတာမျိုး မဟုတ်ပါဘူး။
မေး — ဒီလိုမျိုး တွေ့ဆုံနိုင်မှုက စစ်တပ်ရဲ့ လက်ရှိ ချင်းပြည်တောင်ပိုင်း ထိုးစစ်တွေကို အတူတကွ တွန်းလှန်ဖို့ အမြန်ဆုံး လုပ်ဆောင်နိုင်မယ့် အခြေအနေတွေ ဖြစ်လာဖို့ ရှိပါသလား။
ဖြေ — ကျွန်တော်တို့ ပူးပေါင်းနိုင်တဲ့ အခန်းကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါကတော့ သူတို့ ထိုးစစ်မှ မဟုတ်ပါဘူး။ ကျွန်တော်တို့က ခုခံ တွန်းလှန်စစ် တစ်ခုကို ကျွန်တော်တို့ ပြောထားတဲ့အတိုင်း ချင်းပြည် လွတ်မြောက်ရေးနဲ့ ခုခံ တွန်းလှန်စစ်တွေကို ပူးပေါင်း ဆောင်ရွက်ဖို့အတွက်ကတော့ ကျွန်တော်တို့ လုပ်ငန်းစဉ် အဆင့်ဆင့် လုပ်ဆောင်ပြီးတော့မှ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။
မေး — စစ်တပ်ရဲ့ လက်ရှိ ချင်းတောင်ပိုင်း ထိုးစစ်ကို ခုခံတာ အပြင် ချင်းပြည် တစ်ခုလုံး လွတ်မြောက်ရေး ထိုးစစ်တွေပါ ရှိလာနိုင်တဲ့ သဘောလား။
ဖြေ — ဟုတ်ပါတယ်။ ကျွန်တော်တို့ နဂိုရ် ကတည်းက ချင်း နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ချင်းပြည် လွတ်မြောက်ရေးနဲ့ အမျိုးသား လွတ်မြောက်ရေး နှစ်ခုလုံးကို ကျွန်တော်တို့ ရပ်တည်လာတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ စုဖွဲ့မှုကတော့ ချင်းပြည် တစ်ခုလုံး လွတ်မြောက်ရေးကိုပဲ ဦးစားပေးပါတယ်။
မေး — စစ်ကောင်စီက ချင်းမြောက်ပိုင်းက ဒေသအချို့ကို ထိုးစစ်ဆင်ပြီး သိမ်းပိုက်သွားတာ ရှိသလို လက်တလော ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေတာ ရှိတော့ ဒီအပေါ် သုံးသပ်ပေးပါလား။
ဖြေ — ကျွန်တော်တို့ လက်ရှိ လုပ်နေတဲ့ အလုပ်ကိုပဲ ဆက်ပြီးတော့မှ လုပ်မှာပါ။ ကျွန်တော်တို့ လုပ်နိုင်သလောက်ပေါ့။ တခြား စစ်ကောင်စီ သိမ်းသွားတဲ့ မြို့တွေကိုလည်း အရမ်းကြီး စိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ လက်ရှိ လုပ်နေတဲ့ အလုပ်ကို အာရုံစိုက်ပြီး လုပ်နေရင်းနဲ့မှ တခြားသော စစ်ကောင်စီ စိုးမိုးထားပါတယ်ဆိုတဲ့ မြို့တွေအပေါ်မှာလည်း အာရုံစိုက်ပြီးတော့မှ ဆက်ပြီး လုပ်စရာ ရှိတာတွေ လုပ်သွားမှာပါ။
မေး — အခု တွေ့ဆုံမှု ရည်ရွယ်ချက်မှာ စစ်ရေးကို အသားပေးတယ် ဆိုပေမဲ့ ချင်း ညီညွတ်ရေး၊ ပြည်ထောင်စုမှာ တော်လှန်ရေး အင်အားစုတွေ ညီညွတ်ရေးက အရေးကြီးတော့ ဘာ သတင်းစကား ပါးလိုပါသလဲ။
ဖြေ — ကျွန်တော်တို့ သတင်းစကား ပါးလိုတာက ပြည်ထောင်စု တစ်ခု တည်ဆောက်တော့မယ်ဆိုရင်တော့ ကျွန်တော်တို့မှာ ပြည်ထောင်စုမှာ ရှိတဲ့ လူမျိုးစုတွေ၊ တိုင်းရင်းသားတွေ၊ ပြီးတော့ လက်နက်ကိုင် အစုအဖွဲ့တွေ အနေနဲ့ တကယ် အလုပ်လုပ်တဲ့သူတွေကို ဦးစားပေးပြီးတော့မှ ညီညွတ်ရေးကို လုပ်စေလိုပါတယ်။ တိုင်းဒေသ ကိုယ်စားပြုတယ်၊ ပြည်နယ် ကိုယ်စားပြုတယ်၊ မျိုးနွယ်စု ကိုယ်စားပြုတယ်၊ ERO/EAO ကိုယ်စားပြုတယ် ဆိုတာထက် တကယ့်တကယ် ကျွန်တော်တို့ရဲ့ လွတ်မြောက်ရေးအတွက် အာဏာရှင် တကယ် ချုပ်ငြိမ်းရေးနဲ့ တကယ် စစ်မှန်တဲ့ အမျိုးသား တန်းတူရေးရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်မှာ ကျွန်တော်တို့က ဘယ်လိုမျိုး ရုံရုံကြည်ကြည်နဲ့ ပူးပေါင်းနိုင်မလဲဆိုတဲ့ အဖွဲ့အစည်းတွေနဲ့ပဲ အသစ်တဖန် ပြန်ပြီးတော့မှ စုစည်းစေချင်တယ်ဆိုတဲ့ စကားကိုပဲ သတင်းစကား ပါးချင်ပါတယ်။
မေး — ချင်းတောင်ပိုင်း စစ်တပ် ထိုးစစ်မှာ CDF တပ်တွေ အနေနဲ့ CPU/CPA နဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်သွားမယ့် အခြေအနေတွေ ပေါ်လာတော့မယ်လို့ ပြောလို့ ရပါသလား။
ဖြေ — ကျွန်တော်တို့ အဆင့်ဆင့် ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်သွားမှာပါ။ ဒါတွေကတော့။
မေး — ချင်းပြည်မှာ CNF ချင်းအမျိုးသားတပ်ဦးလည်း ရှိတော့ သူနဲ့ ချိတ်ဆက် ဆောင်ရွက်မယ့် အပိုင်းကိုရော အသိပေး ပြောကြားလိုတာ ရှိရင် ပြောပြပေးပါလား။
ဖြေ — သူကတော့ သူ ချိတ်ဆက် ဆောင်ရွက်တဲ့ အပိုင်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ သူ ချိတ်ဆက်လို့ မရတဲ့ အပိုင်းတွေလည်း ရှိမှာပေါ့။ အဲဒီလိုမျိုး ခွဲပြီး ကျွန်တော်တို့က ဆောင်ရွက်တာ ရှိပါတယ်။
မေး — CPU/CPA နဲ့ တွေ့ပြီးပြီဆိုတော့ နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ ချင်းတပ်တွေဖြစ်တဲ့ CNDF တို့ PDF ဇိုလဲန်းတို့ စတဲ့ ကျန်နေသေးတဲ့ အဖွဲ့တွေနဲ့ ဘယ်လို ဆက်လက် ဆောင်ရွက်သွားဖို့ ရှိမလဲ။
ဖြေ — ကျွန်တော်တို့ ဆက်ပြီးတော့မှ ဒီ နွေဦးမှာ ပေါက်ဖွားလာတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ အားလုံးကို စုစည်းနိုင်ရေးကို ဒီ အစည်းအဝေးကနေ ကြိုးပမ်းသွားဖို့ ရှိပါတယ်။
မေး — အခုက ချင်းပြည် အတွင်း စုစည်းမှုပေါ့။ ချင်းပြည် ပြင်ပ တခြား နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ အခြား အဖွဲ့တွေနဲ့ ဘယ်လို ချိတ်ဆက် ဆောင်ရွက်သွားမလဲ။
ဖြေ — ကျွန်တော်တို့က ဒီအတိုင်း ပြောတာထက် လက်တွေ့ ပူးပေါင်း ဆောင်ရွက်ပြီးမှပဲ ပြောမယ်ပေါ့နော်။ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ တော်လှန်ရေးကို လုပ်ဆောင်တဲ့ ဘယ် မဟာမိတ်နဲ့မဆို ကျွန်တော်တို့ ပေါင်းမှာပါ။ ဒါပေမဲ့ တကယ့် လက်တွေ့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အနေအထား ရောက်မှပဲ ဒီဟာတွေကို ပြောလို့ ရမှာပါ။
မေး — လက်ရှိ နွေဦးတော်လှန်ရေး အခြေအနေနဲ့ တော်လှန်ရေး အောင်မြင်အောင် လုပ်နိုင်ဖို့ ဘယ်လို အခြေအနေတွေ လိုအပ်လဲ၊ လူထုကို ဘာ သတင်းစကား ပါးလိုပါလဲ။
ဖြေ — အဓိက ပြောလိုတာကတော့ တစ်ဖွဲ့တည်း တစ်စုတည်းနဲ့ လုပ်လို့ မရဘူးဆိုတဲ့ ဟာကတော့ စစ်ကောင်စီလည်း သိပါတယ်။ သူလည်း တခြားသော သူ့ရဲ့ မဟာမိတ်တွေကို ခေါ်ပြီးတော့မှ ကျွန်တော်တို့ကို လုပ်တာပဲ။ ဆိုတော့ ကျွန်တော်တို့ တော်လှန်ရေး လုပ်တဲ့ အစုအဖွဲ့တွေ အနေနဲ့ကလည်း အကုန်လုံးက တော်လှန်ရေး မဟာမိတ်တွေ လုပ်ပြီးတော့မှ ကိုယ့်ရဲ့ အကျိုးစီးပွား၊ ပြီးတော့မှ ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ရှေ့ဦးစွာ ထားပြီးမှ လုပ်ရမယ့် ကဏ္ဍတွေ ရှိပါလိမ့်မယ်။ ဆိုတော့ အဓိက ပွိုင့်ကတော့ စစ်ကောင်စီလည်း သူ တစ်ဖွဲ့တည်းနဲ့ မနိုင်ဘူးဆိုတာ သူ သိတဲ့အတွက်ကြောင့်မို့လို့ သူနဲ့ သက်ဆိုင်ရာ မဟာမိတ်တွေနဲ့ သူ ပေါင်းတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ အချင်းချင်း စည်းလုံး ညီညွတ်ပြီးတော့မှ ဆက်လက်ပြီး လုပ်မယ်ဆိုရင် တော်လှန်ရေး အောင်မှာပါ။ အထူးသဖြင့် ပြည်သူတွေနဲ့ ကျွန်တော်တို့ တစ်သားတည်း ဖြစ်ဖို့ လိုအပ်ပါတယ်။

























































