အမေရိကန်ရဲ့ လေကြောင်းထိန်းသိမ်းရေး စနစ်တွေဟာ သက်တမ်းအိုဟောင်းနေတာ မှန်ပေမယ့် ဘေးကင်းလုံခြုံ စိတ်ချရဆဲ ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
နိုင်ငံအနှံ့ ဖြန့်ကျက် အသုံးပြုနေတဲ့ စနစ်တချို့ဟာ သက်တမ်း ၅၅ နှစ်လောက်တောင် ရှိနေပြီဖြစ်ပြီး တချို့ လေကြောင်းထိန်းသိမ်းရေး မျှော်စင်တွေက ကြံ့ခိုင်မှုပိုင်း အရလည်း အကောင်းဆုံး ပုံစံမှာ ဆက်ရှိမနေတော့ဘူးလို့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
အမေရိကန်ရဲ့ လေကြောင်းထိန်းသိမ်းရေး စနစ်တွေဟာ ခေတ်နောက်ကျနေပေမယ့် လုံခြုံစိတ်ချရမှုကတော့ အကောင်းဆုံးအဖြစ် ဆက်ရှိနေကြောင်း၊ ဒါပေမဲ့ အခုလို ဘေးကင်းတယ် ဆိုတာကလည်း ခပ်ဖြည်းဖြည်းလေး လုပ်နေရတာတွေကြောင့် ဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ တစ်နည်းပြောရရင်တော့ အမေရိကန်ဟာ ခရီးသွားလာမှုတွေကို ခပ်ဖြည်းဖြည်း ကိုင်တွယ်ပေးနေရတာဖြစ်ပြီး အဲဒီအတွက်လည်း လေဆိပ်တွေမှာ အကြာကြီး စောင့်ရတာတွေ ဖြစ်နေကြောင်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အမေရိကန်အနှံ့က လေဆိပ်တွေမှာ စနစ်ချွတ်ယွင်းမှု ပြဿနာ တစ်ခုကြောင့် လေယာဉ်တွေ ပျံတက်တာကို ၄ နာရီလောက်ကြာအောင် ဆိုင်းငံ့ ပိတ်ပင်ထားခဲ့ရပါတယ်။ ဒါဟာ ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ 9/11 အကြမ်းဖက်မှုကြီးနောက်ပိုင်း အမေရိကန်မှာ လေယာဉ်တွေ ပျံတက်တာကို စံချိန်တင် အကြာရှည်ဆုံး ပိတ်ပင်ထားမှု ဖြစ်လာပါတယ်။

Public Service Announcement
အမေရိကန် ဖက်ဒရယ် လေကြောင်းကွပ်ကဲရေးဌာန (FAA)ကတော့ အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုပြီး အသေးစိတ်ကျတဲ့ ထုတ်ပြန်ချက်တွေကို မကြာခင် ကြေညာမယ်လို့ ပြောကြားထားပါတယ်။ အစောပိုင်းမှာတော့ အာဏာပိုင်တွေက အဲဒီဖြစ်ရပ်ဟာ လေကြောင်းထိန်းသိမ်းရေး စနစ်တွေမှာ အသုံးပြုတဲ့ အိုဟောင်းနေတဲ့ ကိရိယာတွေ မနိုင်ဝန် ထမ်းသလို ဖြစ်သွားတာ၊ softwareပိုင်း update ပြုလုပ်ချိန်မှာ ချွတ်ချော်မှုတချို့ ရှိခဲ့တာတွေကြောင့်လို့ ရှင်းပြထားပါတယ်။
ထရမ့်က လေကြောင်းထိန်းသိမ်းရေး စနစ်တွေကို အဆင့်မြှင့်တင်ဖို့အတွက် အစိုးရ အသုံးစရိတ် ခွဲတမ်းကို မြှင့်တင်ပေးဖို့လည်း လွှတ်တော်ဆီ ရည်ရွယ် တိုက်တွန်းခဲ့ပါတယ်။ အဲဒီကိစ္စအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာနကို ဒေါ်လာ ၁၂ ဘီလီယံ ခွဲတမ်းသတ်မှတ်ပေးပြီး ဖြစ်ပေမယ့် တကယ်တမ်းက ဒေါ်လာ ၅၀ ဘီလီယံလောက် လိုအပ်နေတာကြောင့် မလုံလောက်ကြောင်း ထရမ့်က ဆိုပါတယ်။
သူက ပို့ဆောင်ရေး ဝန်ကြီး ရှောင်ဒပ်ဖီကိုလည်း လက်ပူတိုက် ပြင်ဆင်တာမျိုးတွေ လောလောဆယ် မလုပ်ဖို့ အကြံပေးထားကြောင်း၊ နောက်ဆိုရင် အကုန်လုံးကို ဖြိုချပြီး ပိုကောင်းတဲ့ စနစ်တွေနဲ့ အပြည့်အဝ အစားထိုးတာမျိုးတွေ ဖြစ်လာနိုင်ကြောင်း၊ ဒါကြောင့် လက်ရှိ ဘတ်ဂျတ်ကို အတတ်နိုင်ဆုံး ချွေတာပြီး မဖြစ်မနေ ပြင်ဆင်ရမယ့် အပိုင်းတွေ အတွက်ပဲ ငွေသုံးဖို့ တိုက်တွန်းထားကြောင်းလည်း သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
ဒါ့အပြင် အခုအခါ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက တကျော့ပြန် ထိန်းချုပ်လာတော့မယ့် လွှတ်တော်ဟာ လိုအပ်တဲ့ မွမ်းမံပြင်ဆင်မှုတွေအတွက် စရိတ်ထုတ်ပေးဖို့ အစဉ်တစိုက် ငြင်းဆိုနေကြောင်းလည်း ထရမ့်က စွပ်စွဲ ဝေဖန်သွားခဲ့ပါတယ်။
ကိုးကား: BBC

























































