နိုဝင်ဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ဒေသ စစ်မျက်နှာက အာဏာသိမ်းစစ်တပ်ရဲ့ ကင်းစခန်း ၃ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန နိုဝင်ဘာ ၂၁ရက် သတင်းဖော်ပြပါတယ်။
မိုးမိတ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာကြားရှိ စစ်တပ်စခန်း ၃ခုကို KIA တပ်မဟာ(၄)၊ တပ်မဟာ(၁၁)၊ ABSDFနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
မိုးမိတ်နဲ့ တွင်းငယ်ရွာကြားရှိ ကင်းချောင်း၊ ပေကုန်း၊ သစ်ဆိမ့်ကုန်းတွေမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က နိုဝင်ဘာ ၁၉ရက်က မနက်ပိုင်းက တပြိုင်တည်းထိုးစစ် ဆင်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးကာ ၂၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
အဲဒီ တပ်စခန်းတွေဟာ စစ်တပ်က မိုးမိတ်မြို့ကို စစ်အင်အားဖြည့်တင်းရာ လမ်းကြောင်းပေါ်မှာ တည်ရှိတာဖြစ်လို့ စစ်ရေးအရ အရေးပါကြောင်း ၊ စစ်တပ်ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်မှာ ဖြစ်ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
KIAပူးပေါင်းနဲ့ စစ်တပ်ဟာ မိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်းကြောင်းမှာလည်း တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ စစ်တပ်ဟာ မိုးမိတ်နဲ့ မြစ်ဆုံကြားရှိ ၅မိုင်၊ ၆မိုင် ပတ်ဝန်းကျင်ရှိ KIA တပ်စွဲရာနေရာတွေကို ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေဖြစ်နေတာလို့ အသိပေးပါတယ်။
KIA ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ဟာ မိုးမိတ်ဒေသမှာ ၂၀၂၆ စက်တင်ဘာလကုန်ပိုင်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ နှစ်လနီးပါး ကြာပြီဖြစ်ပါတယ်။
























































