နို၀င်ဘာ-၂၂၊၂၀၂၆။ဇော်၀င်း/People’s Spring
ဒေါ်လာနဲ့ထိုင်းဘတ်အပါအ၀င် နိုင်ငံခြားငွေလဲနှုန်းတွေဆက်လက်မြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းနေတယ်လို့ ပြင်ပငွေလဲလှယ်ရေးလုပ်ကိုင်သူတွေကပြောပါတယ်။
ငွေကြေးဈေးကွက်မှာနိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းကတစ်ဒေါ်လာ၅,၁၄၀ ကျပ်ရှိခဲ့ရာမှ ညနေပိုင်းမှာ ကျပ် ၅,၁၆၀ ရှိလာပါတယ်။ ထိုင်းဘတ်ဈေးမှာလည်း ၁ ဘတ်လျင် ၁၅၁ ကျပ်ကျော်ကနေ ၁၅၃ ကျပ်နီးပါးတက်လာတယ်လို့ ငွေကြေးဈေးကွက်မှသိရပါတယ်။
“တိုင်းပြည်ရဲ့လက်ရှိအခြေအနေက ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့ ငွေကြေးလွှဲပြောင်းမှုနဲ့ သဘာ၀သံယဇာတရောင်းစားမှုကနေ သွားနေရတာ။အာဏာသိမ်းပြီး နောက်ပိုင်း တောက်လျှောက်ငွေကြေးကျလာတာကနေ ။ဒါတောင် သွင်းကုန်တွေပိတ်ထားလို့။တကယ်ဆိုရင် အခုငွေဈေးက ၂၀၂၅ ၊၂၆ နှစ်ဆန်းပိုင်းလောက်မှာကတည်းက ရောက်မယ့်အခြေအနေ”လို့ နိုင်ငံခြားငွေလဲ လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
စစ်အုပ်စုအပေါ် နိုင်ငံတကာအရေးယူမှုတွေဖြစ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုမှာ အပြစ်ရှိတယ်လို့ မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့အမိန့်ချမှတ်မှု နဲ့ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေအဖွဲ့ (FATF) ရဲ့ မြန်မာအပေါ် ကန့်သတ်မှုတွေ ဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကလည်း ကျပ်ငွေကျဆင်းစေတာလို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင်ပြည်တွင်းစီးပွားရေးအခြေအနေတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတဲ့ ဝန်ထမ်းတွေ ကိုလစာတိုးမြှင့်မယ့် အလားအလာနဲ့ ပြည်ပလုပ်သား၊ သင်္ဘော သားတွေရဲ့ တရားဝင်ငွေလွှဲနှုန်း တိုးမြှင့်လိုက်တာ အပါအ၀င် ဘတ်ဂျက်လိုငွေကျပ် ဘီလီယံထောင်နဲ့ချီပြီ ငွေစက္ကူရိုက််ထုတ်မယ့်အခြေအနေတွေကြောင့်လည်း ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းနေတာလို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ကုန်သွယ်ရေးမူဝါဒ အသစ်ဆိုတာထက်အပြောင်း အလဲပေါ်လာမယ်ဆိုပြီးကြားရတယ်။
အဲဒါကြောင့် ဒေါ်လာ ကြို၀ယ်တာတွေရှိတယ်။ကျပ်ငွေကိုကျစေမယ့် ကိစ္စတွေ တပြိုင်တည်းစုပြုံဖြစ်နေတာ”လို့ အထက်ပါလုပ်ငန်းရှင်ကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက ဘက်ဂျက်လိုငွေအတွက် စစ်တပ်လွှတ်တော်ကတဆင့် ဗဟိုဘဏ်ဆီကချေးယူခွင့်ပြုခဲ့တာကြောင့် နိုင်ငံခြားငွေလဲနှုန်းတွေမြင့်တက်ခဲ့တာနဲ့ ကြောင့် ကျပ်ငွေ တန်ဖိုးကျဆင်းမှုတွေ ဆက်တိုက်ဖြစ်လာခဲ့တာပါ။
နိုင်ငံခြားငွေလဲနှုန်းတွေတက်တာက ကျပ်ငွေ တန်ဖိုးကျဆင်းမှု ဖြစ်ပြီး ပြည်ပကတင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးပိုမြင့်တက်လာမှာဖြစ်တယ်လို့လုပ်ငန်းရှင်တွေကပြောပါတယ်။နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းထုတ်ကုန်တွေနဲ့ အစား အသောက်ဈေးနှုန်းတွေပါ လိုက်လံမြင့်တက်ပြီး ဝင်ငွေနဲ့ အသုံးစရိတ် မညီမျှတဲ့ အကြပ်အတည်းတွေကို ပြည်သူတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။
























































