နိုဝင်ဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း မြို့နယ်တွေက အရပ်သားပြည်သူနေထိုင်ရာနေရာတွေကို စစ်တပ်က ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ အမျိုးသမီး ၁ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ နိုဝင်ဘာ ၂၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၆ရက်ကနေ နိုဝင်ဘာ ၁၉ရက်အတွင်း ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)၊ မူး(မုန်း)မြို့နယ်တွေက ရွာတွေကို စစ်တပ်က တိုက်ခိုက်ခဲ့မှု အခြေအနေတွေကို အသိပေး ဖော်ပြထားတာပါ။
နိုဝင်ဘာ ၁၆ရက်က မူးမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် မီးတိုင်တောရွာက အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးကာ အသက် ၁၈နှစ်အရွယ် မိန်းကလေးငယ် ၁ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

Public Service Announcement
လယ်ဒိုမြို့နယ် တောကြောင်ပေါက်ရွာကိုလည်း စစ်တပ်က နိုဝင်ဘာ ၁၆ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ အသက် ၂၄နှစ်ရွယ် လူငယ် ၁ဦး ဒဏ်ရာရခဲ့သလို မူးမြို့နယ် သရက်ကုန်းရွာကို စစ်တပ် ဒရုန်းနဲ့ တိုက်ခိုက်လို့ နေအိမ်တလုံးပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၉ ရက်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ ခမရ-၄၃၉ တပ်မှ ဒရုန်းနဲ့ တိုက်ခိုက်လို့ မူးမြို့နယ်၊ မြနီကွင်းရွာက အမျိုးသား ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ညောင်လေးပင်ခရိုင်က ရွှေကျင်(ဆောထိ)၊ မူး(မုန်း)၊ လယ်ဒို(ကျောက်ကြီး) မြို့နယ် သုံးခုလုံးမှာ အရပ်သား ပြည်သူနေထိုင်လုပ်ကိုင်စားသောက်ရာ နေရာတွေကို လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ မကြာခဏ တိုက်ခိုက်နေလို့ ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြရကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။
KNUဟာ ရွှေကျင်မြို့နယ်အတွင်းကိုလည်း စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားနေလို့ ရွာပေါင်း ၁၅ရွာထက်မနည်းက ပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေရှိခဲ့ပါတယ်။
























































