နိုဝင်ဘာ-၂၂ ၊၂၀၂၆။ဟာနာဆန်/People’s Spring
UID ကတ်ပြားပြုလုပ်ရာမှာ အချက်အလက်မကိုက်ညီရင် စစ်တပ်လက်အောက်ခံ ဝန်ထမ်း လူဝင်မှုကြီးကြပ်ရးဌာန(လဝက) ဝန်ထမ်းတွေက ကျပ်သိန်းချီတောင်းယူနေကြောင်း အဆိုပါကတ်ပြား ပြုလုပ်ခဲ့သူတွေက ပြောပါတယ်။
Smart Card လို့ အလွယ်ခေါ်နေကြတဲ့ Unique ID ကတ်(Unique Identification Number) (အမျိုးသားအဆင့် စိစစ်ရေးနံပါတ်) ပြုလုပ်ရာမှာ မှတ်ပုံတင်ပါ မွေးသက္ကရာဇ်နဲ့ စနစ်အတွင်း ထည့်သွင်းထားတဲ့ မွေးသက္ကရာဇ် မတူညီတဲ့ ပြဿနာတွေ ကြုံတွေ့နေရပြီး အချက်အလက်ပြင်ဆင်ဖို့ ငွေကြေးကုန်ကျမှုနဲ့အချိန်ကြန့်ကြာမှုတွေ ရှိနေကြောင်း လျှောက်ထားသူတွေက ပြောပါတယ်။
လျှောက်ထားသူအချို့ရဲ့ ပြောကြားချက်အရ Smart Card ပြုလုပ်ရာမှာ မှတ်ပုံတင်ပါ မွေးခုနှစ်နဲ့ သက်ဆိုင်ရာစက်အတွင်းရှိ အချက်အလက် မကိုက်ညီပါက မှတ်ပုံတင်ပြုလုပ်ထားတဲ့ မြို့နယ်လဝကရုံးသို့ ပြန်လည်သွားရောက်ရပြီး တိုင်းဒေသကြီးအဆင့်မှတဆင့် နေပြည်တော်ကို တင်ပြပြင်ဆင်ရမယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီလို ပြင်ဆင်ရာမှာ နေပြည်တော်အဆင့်အတွက် ကျပ်တစ်သိန်းနဲ့ မြို့နယ်အဆင့်အတွက် ကျပ်သုံးသောင်းစသဖြင့် ငွေကြေးတောင်းခံမှုတွေ ရှိနေကြောင်း UID ကတ်လျှောက်ထားခဲ့သူအချို့က ပြောပါတယ်။
“မွေးခုနှစ်က မှတ်ပုံတင်ထဲနဲ့ သူတို့စက်ထဲကနဲ့ မတူလို့တဲ့။ စမတ်ကတ် လုပ်သူတိုင်း ကြုံနေကြရတာပါ။၁၀ယောက်မှာ ၇ယောက်လောက်ဖြစ်နေကြတာပါ။သူတို့လွဲတာ ပြည်သူပဲ ခံနေရတာ”လို့ UID ကတ်လျှောက်ထားဖူးသူ တစ်ဦးက ပြောပါတယ်။
ပြည်ပခရီးသွားဖို့အတွက် အဆိုပါကတ် အရေးပေါ်ပြုလုပ်ခဲ့ရသူတစ်ဦးကလည်း အချက်အလက်ပြင်ဆင်မှုနဲ့ လုပ်ငန်းစဉ်တွေကြောင့် ကျပ် ၅သိန်းခန့်အထိ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ UID စနစ်ကို ၂၀၂၄ နှစ်လယ်ပိုင်းကနေ စတင်အသက်သွင်းခဲ့တာဖြစ်ပါတယ်။
UID ကတ်ဟာ အသက် ၁၀ နှစ်အထက် လူတိုင်းရဲ့ ကိုယ်ရေးအချက်အလက် (Biographical Data) နဲ့ မျက်လုံးစကင်၊ လက်ဗွေ စတဲ့ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) တွေကို ကောက်ယူကာ Database စနစ်ထဲ ထည့်သွင်းတာ ဖြစ်ပါတယ်။
UID စနစ်ဟာ ပြည်သူတွေရဲ့ သွားလာမှု၊ ငွေကြေးသုံးစွဲမှု၊ ဆက်သွယ်ရေးနဲ့အချက်အလက်တွေကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်ထိန်းချုပ်ဖို့ အဓိက ဦးတည်အသုံးချနေတာ ဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ Unique ID ကို စိစစ်ရေးကတ်တွေ၊ ပတ်စပို့တွေ၊ ဖုန်း SIM ကတ်တွေ၊ ဘဏ်အကောင့်တွေမှာ မဖြစ်မနေ ချိတ်ဆက်ခိုင်းခြင်းဖြင့် လူတစ်ဦးချင်းစီရဲ့ ခရီးသွားလာမှု၊ ငွေကြေးစီးဆင်းမှုနဲ့ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေအတွက် လူငယ်တွေရဲ့အသက်၊ နေရပ်လိပ်စာနဲ့ အခြားအချက်အလက်တွေကို Unique ID ဒေတာဘေ့စ်မှတစ်ဆင့် လွယ်ကူစွာ စိစစ်ပြီး အတင်းအကြပ် စစ်မှုထမ်းခိုင်းဖို့ ပစ်မှတ်ထား ရှာဖွေရာမှာ အသုံးချနေတယ်လို့ သိရပါတယ်။
အလားတူ CDM ဝန်ထမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်သူတွေရဲ့ Unique ID၊ ဘဏ်အကောင့်တွေကို ပိတ်သိမ်းတာ၊ မြို့ဝင်/ထွက် ဂိတ်တွေနဲ့ လေဆိပ်တွေမှာ Unique ID မှတစ်ဆင့် ကိုယ်ရေးအချက်အလက် စစ်ဆေးပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။
























































