နိုဝင်ဘာ−၂၂၊၂၀၂၆။ ထားမြတ်/People’s Spring
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ရိုဟင်ဂျာလူမျိုးစုများအပေါ်လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ အပြီးသတ်အမှုစီရင်မှုအပေါ် ကြိုဆိုကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB က ထုတ်ပြန်ခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အဓိက အဖွဲ့အစည်းဖြစ်တဲ့ အာဏာသိမ်းစစ်တပ် တာဝန်ယူ တာဝန်ခံရမယ်လို့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၉ရက် ICJ က ရိုဟင်ဂျာလူမျိုးစုများအပေါ် မြန်မာနိုင်ငံက လူမျိုးသုဉ်း သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း စီရင်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။
“WLB သည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ် မပြုပါ။ လက်ရှိတွင် အာဏာကို ကျင့်သုံးနေသည့် အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်အရ အဓိကပါဝင်ခဲ့သော အဖွဲ့အစည်းပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ ချိုးဖောက်မှုများ ဖြစ်ပေါ်စေခဲ့သည့် လုပ်ရပ်များတွင် အဓိက တာဝန်ယူ တာဝန်ခံရမည် ဖြစ်သည်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Public Service Announcement
တရားရုံးတွေ့ရှိချက်အရ မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာအမျိုးသမီးများနဲ့ မိန်းကလေးငယ်များအပေါ် ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် နည်းမျိုးစုံဖြင့် လိင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ပြီး ကလေးငယ်များကိုလည်း ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြကြောင်း ဖော်ပြထားပါတယ်။ အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုလုပ်ရပ်များဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်ကြောင်း တရားရုံးက အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ သက်သေများစွာရှိသည့်အနက် တစ်ခုအပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။
WLB အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ရိုဟင်ဂျာ လူမျိုးစုများအတွက် တရားမျှတမှု၊ အမှန်တရားပေါ်ထွန်းမှုနဲ့ ရိုဟင်ဂျာလူမျိုးစုများအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်များအား တာဝန်ယူမှု၊ တာဝန်ခံမှု ရရှိရေးအတွက် ရိုဟင်ဂျာအမျိုးသမီး အဖွဲ့အစည်းများ၊ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ထပ်လောင်း ကတိကဝတ်ပြုပါတယ်။
ဒါ့အပြင် ခုခံတော်လှန်ရေးအဖွဲ့အစည်းများအားလုံးနဲ့ ပေါ်ပေါက်လာနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ဦးဆောင်မှုအဖွဲ့များဟာ အရပ်သားပြည်သူများကို အကာအကွယ်ပေးရေး၊ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အခြားသော ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုများ ထပ်မံမဖြစ်ပွားစေရေး တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးတို့အတွက် သက်ဆိုင်ရာအခန်းကဏ္ဍ၊ လုပ်ပိုင်ခွင့်များအလိုက် တာဝန်ယူဆောင်ရွက်ကြဖို့လည်း WLBက တိုက်တွန်းထားပါတယ်။
























































