Connect with us

Hi, what are you looking for?

သတင်း

ICJ စီရင်ချက် အလွန်အရေးပါပြီး ရက္ခိုင်မှာ လက်ရှိ အဓိက အာဏာပိုင် ULA/AA အပါအဝင် အားလုံးနဲ့ နီးကပ်စွာအဖြေရှာမယ်လို့ SCEF ကြေညာ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ကျယ်ပြန့်ပြီး ပြတ်သားတဲ့ စီရင်ချက်ဟာ အလွန်အရေးပါကြောင်း အသိအမှတ်ပြုလျက် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ဖော်ဆောင်ရေးကို မြှင့်တင်နိုင်ဖို့ တရားရုံးရဲ့တွေ့ရှိချက်များနဲ့ နောက်ဆက်တွဲ ထုတ်ပြန်လာနိုင်တဲ့ အမိန့်တွေကို ဆက်လက်လေ့လာသုံးသပ်သွားမယ်လို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကထုတ်ပြန်ပါတယ်။

(ICJ တရားသူကြီး​တွေကိုနိုဝင်ဘာ ၁၉ ရက်က​တွေ့ရစဥ်/ SCEF ရဲ့ထုတ်ပြန်ချက်။ဓါတ်ပုံ-AFP)

နိုဝင်ဘာ-၂၂၊ ၂၀၂၆။ထားမြတ်/People’s Spring

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ကျယ်ပြန့်ပြီး ပြတ်သားတဲ့ စီရင်ချက်ဟာ အလွန်အရေးပါကြောင်း အသိအမှတ်ပြုလျက် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ဖော်ဆောင်ရေးကို မြှင့်တင်နိုင်ဖို့ တရားရုံးရဲ့တွေ့ရှိချက်များနဲ့ နောက်ဆက်တွဲ ထုတ်ပြန်လာနိုင်တဲ့ အမိန့်တွေကို ဆက်လက်လေ့လာသုံးသပ်သွားမယ်လို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကထုတ်ပြန်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာအုပ်စုအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ရက်မှာ ICJက စီရင်ဆုံးဖြတ်ခဲ့တဲ့အပေါ် SCEFက ဒီ့နေ့နိုဝင်ဘာ ၂၂ရက်မှာ သဘောထား ထုတ်ပြန်ခဲ့တာပါ။

“ရခိုင်ပြည်တွင် လက်ရှိ အဓိကအာဏာပိုင်အဖြစ် ရပ်တည်နေသော ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပါအဝင် ရခိုင်ပြည်ရှိ သက်ဆိုင်သူအားလုံး၊ နိုင်ငံတကာအသိုက်အဝန်းတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကာ အဖြေရှာရေးလုပ်ငန်းစဉ်များကို အတူတကွ ဖော်ဆောင်သွားမည်ဖြစ်ပါသည်” လို့လည်း SCEF က ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ICJ ရဲ့ စီရင်ဆုံးဖြတ်ချက်ကို အလေးအနက်ထားကြောင်း SCEFက ဖော်ပြပြီး အဲဒီ စီရင်ချက်ဟာ နိုင်ငံတကာတရားစီရင်ရေးတွင် သမိုင်းဝင်မှတ်တိုင် တစ်ရပ် ဖြစ်တယ်လို့ ရှုမြင်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

SCEFဟာ နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ကျူးလွန်မှုအားလုံးအတွက် ကျူးလွန်သူများဟာ ဘယ်အဖွဲ့အစည်းနဲ့ ဆက်နွယ်မှု ရှိသည်ဖြစ်စေတာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

အရပ်သားပြည်သူ​တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း၊အတင်းအကျပ်စစ်မှုထမ်းစေခြင်း၊ကျား၊မအခြေပြုအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်းနဲ့ အမုန်းစကားဖြန့်ဝေခြင်း စတဲ့ လုပ်ရပ်အားလုံးကို ပြတ်သားစွာ ဆန့်ကျင်ကြောင်း အသိပေးပါတယ်။

“မြန်မာနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်း၏ အနာဂတ်အတွက် မြန်မာနိုင်ငံတွင် အတိတ်က ကျူးလွန်ခဲ့သည့်အပြင် လက်ရှိ ဆက်လက်ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် ထိရောက်သော လက်တွေ့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အလွန်အရေးကြီးပါသည်” လို့ SCEFက ထုတ်ပြန်ပါတယ်။

လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ သံသယရှိသူများကိုယ်တိုင်ကလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းပါ တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ရေးအတွက် အမိန့်ချမှတ်ထားသော စုံစမ်းစစ်ဆေးမှု များ၊ ပြစ်ဒဏ်ချမှတ် အရေးယူမှုများကို တာဝန်ယူဆောင်ရွက်ခြင်း သို့မဟုတ် ယင်းလုပ်ငန်းစဉ်များအပေါ် အာဏာပိုင်ဆိုင်ခြင်း မပြုသင့်ကြောင်းထင်ရှားတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာဥပဒေ ချိုးဖောက်မှုအားလုံးကို ရပ်တန့်ရမည်ဖြစ်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေတဲ့ သံသရာကိုလည်း အဆုံးသတ်ရမယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အထူးသဖြင့် မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းအပါအဝင် အဓိကတာဝန်ရှိသူများကို အကာအကွယ်ပေးခြင်း သို့မဟုတ် သူတို့ရဲ့လုပ်ရပ်​တွေကို ဆက်လက်လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးတာ​တွေမလုပ်ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးကို ထိရောက်စွာ ဆောင်ရွက်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာနိုင်ငံတစ်ဝန်းမှာရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု​တွေကို ဒီနေ့တိုင် ဆက်လက်ကျူးလွန်​နေတယ်လို့လည်း အသိပေးထားပါတယ်။ တရားရုံးရဲ့ စီရင်ချက်မှာဖော်ပြထားတဲ့အတိုင်းတရားမျှတမှု ဖော်ဆောင်ရေးအတွက် အလားတူ ရာဇဝတ်မှုများ ထပ်မံမဖြစ်ပွားစေရန် ယုံကြည်စိတ်ချရသော အာမခံချက်​တွေလည်း လိုအပ်တယ်လို့လည်းသ​ဘောထားထုတ်ပြန်ပါတယ်။

အဲဒီလို အာမခံချက်ပေးနိုင်ဖို့ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ဖွဲ့စည်းပုံများကို အသွင်ပြောင်းလဲခြင်းနဲ့ စစ်တပ်အပေါ် အရပ်သားအုပ်ချုပ်မှု၊ ကြီးကြပ်ကွပ်ကဲမှု ထူထောင်ခြင်းတို့ လိုအပ်ကြောင်း အသိ​ပေးပါတယ်။

“မည်သည့်ပုံစံဖြင့်မဆိုစစ်အုပ်ချုပ်ရေး ဆက်လက်တည်ရှိနေခြင်းသည် အဆိုပါအာမခံချက်များကို ပေးနိုင်စွမ်းမရှိကြောင်း လက်တွေ့အခြေအနေများကသက်သေပြနေပါသည်။ထို့ကြောင့် မြန်မာနိုင်ငံ၌ အနှစ်သာရပြည့်ဝသောနိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ်ဖြစ်ပေါ်လာစေရန် သက်ဆိုင်သူအားလုံး တွန်းအားပေးဆောင်ရွက်ရမည့်တာဝန်ရှိပါသည်” လို့ SCEFက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရှိ လူမှုအသိုက်အဝန်းအားလုံးဟာမျိုးဆက်ပေါင်းများစွာတိုင်ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်ညှဉ်းပန်းမှုနဲ့ အခြေခံအခွင့်အရေးများ ငြင်းပယ်ခံရမှုတို့ကို ကြုံတွေ့ခံစားခဲ့ကြရပြီးလူအများအပြားဟာမိမိတို့ချစ်ခင်ရသူ​တွေ၊ နေအိမ်​တွေနဲ့ မိမိတို့ရဲ့ မွေးရပ်မြေမှာလုံခြုံစွာ နေထိုင်နိုင်မယ့် အခွင့်အလမ်း​တွေကို ဆုံးရှုံးခဲ့ကြရပါတယ်။စာနာကြောင်း ထုတ်ဖော်ပြောဆိုရုံမျှဖြင့် မလုံလောက်တာကိုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီက အသိအမှတ်ပြုကြောင်း ဖော်ပြကာ နိုင်ငံအတွင်း မည်သည့်လူမှုအသိုက်အဝန်းမျှ လူ့ဂုဏ်သိက္ခာ၊ အခွင့်အရေးများနဲ့ မိမိတို့ရဲ့ ထိုက်တန်တဲ့ နေရာရပ်တည်ခွင့်တို့ကို ငြင်းပယ်မခံရတဲ့ အနာဂတ်တစ်ရပ်တည်ဆောက်ဖို့အားလုံးမှာပူးတွဲတာဝန်ရှိတယ်လိုသ​ဘောထားထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

Facebook