ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက်အပြစ်ရှိကြောင်း မြန်မာအပေါ်အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ကစီရင်ဆုံးဖြတ်ခဲ့တဲ့တိုင်အောင်နှစ်နိုင်ငံဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားမယ်လို့ ထိုင်းဝန်ကြီးချုပ်အနူတင်ချန်ဝီယာကူကပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၂၁ ရက်ကဘန်ကောက်မြို့၊အစိုးရအိမ်တော်မှာ သတင်းထောက်တွေက ICJ ဆုံးဖြတ်ချက် နောက်ဆက်တွဲ အိမ်နီးချင်း နိုင်ငံအပေါ် ထိုင်းအစိုးရရဲ့ သဘောထား အမြင်ကို မေးမြန်းခဲ့ပါတယ်။
ထိုင်းပြည်ထဲရေးဝန်ကြီးအဖြစ်လည်းပူးတွဲတာဝန်ယူထားတဲ့အနူတင်က ထိုင်းဟာ ICJ ဆုံးဖြတ်ချက် ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနဲ့ ဆက်ဆံရေးကို ပုံမှန်အတိုင်း ဆက်ထိန်းထားဖို့ ရည်ရွယ်ထားခဲ့ကြောင်း ပြန်ဖြေခဲ့ပါတယ်။
ထိုင်းအစိုးရအနေနဲ့ ကိုယ့်နိုင်ငံအတွက်အကောင်းဆုံးဖြစ်စေမယ့်ရပ်တည်မှုကိုကိုင်ဆွဲထားဖို့လိုတယ်လို့ အနူတင်က ဆိုပါတယ်။

Public Service Announcement
အဲဒီမတိုင်ခင်တစ်ရက်မှာထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆီဟာဆက် ဖုန်ကက်ကောင်ကလည်း ICJ ဆုံးဖြတ်ချက်ကြောင့် ထိုင်း-မြန်မာ ဆက်ဆံရေး ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။
ထိုင်းဟာ မြန်မာ့အကျပ်အတည်းမှာ ကြုံနေရတဲ့ ရန်လိုမှုတွေကို လျှော့ချပေးဖို့၊ အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုတွေ အကောင်အထည် ပေါ်လာဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့ ထဲထဲဝင်ဝင် ပါဝင်ညှိနှိုင်း ပံ့ပိုးပေးလိုတယ်လို့ ဆီဟာဆက်က ဆိုပါတယ်။
ပြီးတော့ ထိုင်းဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နှစ်စဉ် ဒေါ်လာ ၁ သန်းစီ ထည့်ဝင် ကူညီနေတာကြောင့် ICJရဲ့ ဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီတဲ့ မူဝါဒတွေကို ကျင့်သုံးနေပြီးသား ဖြစ်တယ်လို့ သူက အကြောင်းပြချက် ပေးခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့အခြေစိုက် တရားရုံးဟာ သမိုင်းဝင် ဆုံးဖြတ်ချက် တစ်ခုအဖြစ် နိုင်ငံတစ်ခုက လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်ဆိုတဲ့ အမိန့်ကို ပထမဆုံးအကြိမ် ချမှတ်ခဲ့ပါတယ်။
မြန်မာအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းကင်း၊ လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက် နေရပ်ပြန်နိုင်အောင်၊ မိသားစုတွေနဲ့ ပြန်လည် ပေါင်းဆုံနိုင်အောင် စီစဉ်ပေးရမယ်လို့ ICJက ညွှန်ကြားထားပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် မြန်မာက နစ်နာကြေး ဘယ်လောက် ပေးချေရမလဲ ဆိုတာမျိုးတွေကိုတော့ ICJက နောက်ပိုင်းမှာ သီးခြားဆုံးဖြတ်မှာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဘက်ကတော့ ICJ စီရင်ချက်ကို ကန့်ကွက်ထားပြီး တရားမျှတမှုမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
ကိုးကား – Nation
























































