နိုဝင်ဘာ−၂၃၊၂၀၂၆။မိထက်/People’s Spring
မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ပေါ်မှာ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး အိမ်ရှင်သားအမိ ဒဏ်ရာအပြင်းအထန်ရရှိသွားပါတယ်။
ဆင်ဖြူကျွန်းမြို့၊ ပိုးအရှေ့ရပ်ကွက်က ဆန်ဆိုင်ဖွင့်ထားတဲ့နေအိမ်ကို အမျိုးသား ၃ဦးက နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ဓားပြဝင်တိုက်တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ မြို့ခံတွေကို ထိန့်လန်တုန်လှုပ်စေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” မကြားဖူးပါတာတွေ ကြားရတာပဲ။ ဆိုင်ရှင် သားအမိဒဏ်ရာအပြင်းအထန် ရသွားတယ်ဗျ။ အတိုက်ခံရတဲ့ အိမ်က မြို့လယ်ခေါင်ဗျာ။ စစ်တပ်နဲ့ရဲကတော့ လူဖမ်းပွဲလုပ်နေတယ်”လို့ ပိုးအရှေ့ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိမှာ ဆန်ဆိုင်အလုပ်သမားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းရရှိပါတယ်။
ဆင်ဖြူကျွန်းမြို့မှာ ၂၀၂၅ ဒီဇင်ဘာက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့စစ်တပ် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
လက်ရှိမှာ ဆင်ဖြူကျွန်းမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး ဆေးဝါး၊ဆန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ဖြတ်တောက်ထားတယ်လို့မြို့ခံတွေက ပြောပါတယ်။
ဒေသခံအများစုဟာ အလုပ်လက်မဲ့ပြဿနာနဲ့ ယခင်ကမကြုံဖူးတဲ့ စားဝတ်နေရေးအခက်အခဲတွေ ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
” လယ်တွေလည်း အရင်လို လုပ်လို့မကောင်းတော့ဘူး။ လုပ်အားကတွေကလည်း တစ်နေ့စာအတွက်မလောက်တော့ဘူး။ တချို့ဆို ဆန်တောင်မစားနိုင်ကြဘူး။ ဆန်ကွဲပဲစားနေရတဲ့အခြေအနေဖြစ်လာတယ်။ အလုပ်လက်မဲ့တွေဖြစ်လာတော့ အမှုအခင်းတွေများလာတာ။ စစ်တပ်မွှေတဲ့ ပြဿနာတွေပါ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအများအပြားမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ လုယက်မှုတွေ၊ ဓားပြမှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။

























































