နိုဝင်ဘာ – ၂၃ ၊၂၀၂၆
ဆယ်ကျော်သက် မြန်မာ မိန်းကလေးငယ် တစ်ဦးကို သတ်ဖြတ်မှုနဲ့ အသက် ၄၇ နှစ်အရွယ် ထိုင်းအမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
သေဆုံးခဲ့သူဟာ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ မခမ်းခစ် ဖြစ်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို ဘူရီရမ်ပြည်နယ်၊ နန်ရောင်းခရိုင်ရဲ့ ဘန်နွန်သူပက် ကျေးရွာနားက အဝေးပြေးလမ်းဘေးမှာ နိုဝင်ဘာ ၂၀ မနက် အစောပိုင်းက ရှာတွေ့ခဲ့ပါတယ်။
နောက်တော့ ရဲတွေက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ပြီး အသက် ၄၇ နှစ်အရွယ် အမျိုးသား တစ်ဦးကို လူသတ်မှု၊ အလောင်းစွန့်ပစ်မှုတွေအတွက် ဖမ်းဆီးခဲ့ပါတယ်။ အလောင်းရဲ့ မျက်နှာမှာ မာကျောတဲ့ အရာတစ်ခုခုနဲ့ ရိုက်နှက် ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ခဲ့သလို လည်ပင်းညှစ် ခံထားရတယ် ဆိုတာကိုလည်း ရဲတွေက ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။

Public Service Announcement
ဦးခေါင်းနဲ့ ခြေထောက်တွေကိုလည်း ပလတ်စတစ်တွေနဲ့ စွပ်ထားခဲ့တယ်လို့ ဆိုပါတယ်။
အလောင်းတွေ့တဲ့ နေရာဟာ လူပြတ်ပြီး အလင်းရောင် အားနည်းသလို လုံခြုံရေး ကင်မရာတွေလည်း တပ်ဆင်မထားတာကြောင့် စုံစမ်းစစ်ဆေးရေးဟာ ကနဦးအဆင့်မှာ အများကြီး ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ အနီးတဝိုက်မှာ လူပျောက် တိုင်ထားသူလည်း မရှိခဲ့ပါဘူး။
နောက်တော့မှ သေဆုံးသူရဲ့ အစ်မအပါအဝင် တခြားသက်သေတွေနဲ့ အဆက်အသွယ် ရခဲ့ပြီး သေသူ ဘယ်သူဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အသတ်ခံရတဲ့ မိန်းကလေးဟာ ချင်းရိုင်ပြည်နယ်ကနေတဆင့် ထိုင်းကို အလည်အပတ် ဗီဇာနဲ့ ရောက်နေတယ် ဆိုတာကို ရဲတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ အမျိုးသား တစ်ဦးက မိန်းကလေးကို အိမ်အကူ အလုပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး မိန်းကလေးက သွားရောက် တွေ့ဆုံခဲ့ကြောင်း ရဲတွေက သံသယ ရှိလာပါတယ်။
နောက်တော့မိန်းကလေးကသူ့ချစ်သူဆီပေးပို့ထားခဲ့တဲ့သတင်းအချက် အလက်တွေအရ နန်ရောင်းမှာရှိတဲ့ ခေါက်ဆွဲဆိုင် တစ်ခုဆီ ရောက်ရှိခဲ့တယ် ဆိုတာကို သိရှိလာရပါတယ်။အဲဒီသဲလွန်စကိုအခြေခံပြီးရဲတွေက ဆက်လက်စုံစမ်းခဲ့တဲ့အခါမိန်းကလေးဟာအမျိုးသားတစ်ဦးနဲ့အတူ ခရီးသွားခဲ့ကြောင်း၊သူတို့နှစ်ဦးဟာအလောင်းတွေ့တဲ့နေရာနဲ့ကီလိုမီတာ ၄၀ လောက် အကွာ၊ ပက်ခမ်ခရိုင်ထဲက အိမ်တစ်လုံးဆီ သွားရောက်ခဲ့ကြောင်း စစ်ဆေး တွေ့ရှိလာပါတယ်။
နောက်တော့ ရဲတပ်ဖွဲ့ဟာ ဘန်ကောက်မြို့၊ လတ်ခရာဘန် ခရိုင်မှာ နေရပ်လိပ်စာ မှတ်ပုံတင်ထားတဲ့ အသက် ၄၇ နှစ်အရွယ် သင်နာဖတ် ဆီရီဆိုဖာချိုတီကောင်အတွက် ဖမ်းဝရမ်းကို တရားရုံးကနေ ရယူခဲ့ပါတယ်။ နောက်တော့ နက်ခွန်ဖာသွမ်ခရိုင်၊ မူယန်ခရိုင်မှာ နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်းကသင်နာဖတ်ကိုရဲတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ပြီးတော့ အလောင်းကို သယ်ယူသွားပြီး စွန့်ပစ်ရာမှာ အသုံးပြုခဲ့တယ်လို့ ယုံကြည်ရတဲ့ အနက်ရောင် ပစ်ကပ်ကားကိုလည်း ရှာတွေ့ခဲ့ပါတယ်။
ကနဦးစစ်ဆေးချက်တွေအရသင်နာဖတ်ကသူဟာမိန်းကလေးကို သား မယားအဖြစ် ပြုကျင့်ဖို့ ကြိုးစားပေမယ့် မိန်းကလေးက ငိုယို ငြင်းဆန်ခဲ့တဲ့နောက် သူ့ကို လည်ပင်းအကြိမ်ကြိမ်ညှစ်ပြီး သတ်မိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ သူက မိန်းကလေးကို သတ်ပစ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ကြောင်း၊ ရဲတွေဆီမှာ သွားအဖမ်းခံဖို့လည်း စဉ်းစားထားခဲ့ကြောင်း၊ ဒါပေမဲ့ ဇနီးနဲ့ အရင်ဆုံး တိုင်ပင်ဖို့ ရည်ရွယ်ထားလို့ ရဲတွေဆီ မဆက်သွယ်ခဲ့သေးတာဖြစ်ကြောင်း ပြောပါတယ်။
ပြီးတော့သူက အလောင်းကို ကားနဲ့သယ်ပြီး လမ်းဘေးမှာ စွန့်ပစ်ထားတာကိုလည်း ဝန်ခံခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ သံသယ တရားခံရဲ့ ထွက်ဆိုချက်တွေပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး ရဲတပ်ဖွဲ့က သီးခြားစုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
ရဲတွေရဲ့ အဆိုအရ သင်နာဖတ်ဟာ ဘန်ကောက်မှာ အငှားယာဉ်မောင်း အလုပ်လုပ်ခဲ့ဖူးသလို လုယက်မှု မှတ်တမ်းဟောင်းလည်း ရှိနေခဲ့ကြောင်း သိရပါတယ်။
ကိုးကား – Khaosod
























































