စစ်ကိုင်းတိုင်း ကလေးမြို့ရှိ စစ်ကောင်စီ၏ ကုတင် ၁၀၀ တပ်မတော်ဆေးရုံမှ စစ်သူနာပြု ဗိုလ်ကြီးတစ်ဦးသည် ကိုယ့်ကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားသည်ဟု ဒေသခံများက အတည်ပြုသည်။
ဌာနဆိုင်ရာဝန်ထမ်းအမျိုးသမီးနှင့် အိမ်ထောင်ကျထားသည့် စစ်သူနာပြု ဗိုလ်ကြီးချမ်းမြေအောင်သည် မတ်လ ၂၃ရက်တွင် ဆေးရုံ၏ အိမ်ထောင်သည်လိုင်းခန်း၌ ကြိုးဆွဲချ အဆုံးစီရင်သွားခြင်းဟု ဝန်ထမ်းတစ်ဦးက People’s Springသို့ ပြောသည်။
“သေတမ်းစာလည်းရေးသွားတယ်။သေတမ်းစာက ကွန်ပြူတာစာစီကြီးနဲ့။အခုသေသွားတဲ့ ဗိုလ်ကြီးကကလေးမြို့မှာ ကိုဗစ်တွေ ဆိုးဆိုးရွားရွားဖြစ်တဲ့အချိန် ဆရာဝန်တွေမရှိ။ CDM ဆရာဝန်များကို စစ်ကောင်စီက လိုက်ဖမ်းနေချိန်ဆိုတော့ သူတို့တွေပဲ ဆေးကုပြီး ငွေအရမ်းထောသွားတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။
ဗိုလ်ကြီးချမ်းမြေ့အောင်က သူသည် စစ်တပ်မှ နှူတ်ထွက်ရန် ကြိုးစားနေပြီး နှုတ်ထွက်ခွင့်မပေး၍ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းဟု သေတမ်းစာတွင်ရေးသွားသည်။ ထိို့ပြင် ၎င်းသည် အာဏာသိမ်းမှုကို မထောက်ခံကြောင်းနှင့် စစ်ကောင်စီခေါင်းဆောင်ပိုင်း၏ လုပ်ရပ်ကြောင့် တပ်မတော်သားများ ဒုက္ခရောက်ရကြောင်း ရေးသားသွားသည်ဟု ကလေးမြို့မှ ဌာနဆိုင်ရာအရာရှိတစ်ဦးကပြောသည်။

Public Service Announcement
သေတမ်းစာတွင် “”အာဏာသိမ်းမှုကို ငါလက်မခံဘူး။ခင်ဗျားတို့ လက်အောက်မှာလည်းတာဝန်မထမ်းဆောင်ချင်တော့ဘူး။ ငါ့ဘဝနဲ့ငါ လွတ်လွတ်လပ်လပ်နေချင်တယ်။ ဒါကြောင့် ငါထွက်ခွင့်တင်တယ် ။ဒါပေမယ့်မင်းတို့က လက်မခံဘူး။ အေး….ရတယ်။ မင်းတို့ခွင့်မပြုလည်း ငါ့ဘာသာ ရသလိုထွက်မယ်။ ငါ့ရဲ့စတေးမှုဟာ ကျန်ခဲ့တဲ့ တပ်မတော်က ထွက်ချင်နေကြတဲ့ အရာရှိ/စစ်သည်တွေအတွက် နမူနာပဲ။ ခင်ဗျားတို့တွေကြောင့် တန်ဖိုးရှိတဲ့ စစ်သားကောင်းတွေဆုံးရှုံးနေမှာပဲ။
ငါချစ်တဲ့သူတွေအားလုံးကို ငါနှုတ်ဆက်ခဲ့ပါတယ်။ ငါသွားနှင့်ပြီ” ဟု ရေးထားခဲ့ကြောင်း အထက်ပါ အရာရှိက ပြောသည်။
သေတမ်းစာ ဓာတ်ပုံကို ဗိုလ်ကြီးချမ်းမြေ့အောင်၏ ဆွေမျိုးတစ်ဦးက လူမှုကွန်ရက်ပေါ်တင်ခဲ့သေးပြီး နောက်ပိုင်းတွင် ပြန်ဖြုတ်သွားသည်ဟု ဆိုသည်။
ဗိုလ်ကြီးချမ်းမြေ့အောင်က သူ့ကိုယ်သူ ကြိုးဆွဲချအဆုံးစီရင်ခြင်းသည် စစ်တပ်မှနှုတ်ထွက်ခွင့်မရ၍ ဖြစ်နိုင်သလို မြေပြင်တွင်လည်း လူမှုရေးပြဿနာများရှိနေ၍ မရှင်းလင်းနိုင်သောကြောင့် ရှောင်လွှဲသွားခြင်းဟု မြို့ခံအချို့က မှတ်ချက်ပေးသည်။
ဗိုလ်ကြီးချမ်းမြေ့အောင်၏လူမှုရေးပြဿနာအချို့ကို မြို့ခံများက အသေးစိတ်ပြောပြသော်လည်း သတင်းဖြစ်ရပ်နှင့်မသက်ဆိုင်သော အိမ်တွင်းရေးပြဿနာဖြစ်၍ သီးခြားမရေးသားတော့ပေ။


















































