ကဖေး/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်ငြိမ်းသက်သာခွင့်တွင် ကလေးမြို့နယ်မှ အကျဉ်းသား၂ဝဦး လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး လူသတ်မှုအပါအဝင် အမှုကြီးများကျူးလွန်သူ ၃၀ ဦးကို ဆက်လက်ထိန်းသိမ်းထားသည်။
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ယာယီသမ္မတ၏ အမိန့်အရ ကလေးမြို့နယ်ရှိ အကျဉ်းထောင်/အချုပ်ခန်းများတွင် ချုပ်နှောင်ထားရှိသည့် စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသည့် အကျဉ်းသား/သူ ၂၀ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)ကဇန်နဝါရီလ ၂ရက်၌ သတင်းထုတ်ပြန်သည်။
ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)ယာယီကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်မှ သတ်မှတ် ချက်နှင့် ကိုက်ညီသည့် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)မှုဖြင့် ထောင်ဒဏ်(၂)နှစ်ပြစ်ဒဏ်ချခံထား ရသည့် အမျိုးသား ခြောက်ဦး၊ အမျိုးသမီးခြောက်ဦး၊ မူးယစ်ဆေးဝါးပုဒ်မဖြင့် ၁၆(ဂ)ဖြင့်ပြစ်ဒဏ်ချခံထား ရသည့် အမျိုးသားခုနစ်ဦး၊အမျိုးသီးတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်ဟုသတင်းထုတ်ပြန်ထားသည်။
လွတ်ငြိမ်း ချမ်းသာခွင့်တွင်မပါဝင်သည့် အကျဉ်းသား၃၀ဦးရှိပြီး ၎င်းတို့ကျခံနေရသည့် ပြစ်ဒဏ်မှ(၃)ပုံ(၁)ပုံထုတ်နှုတ် လျော့ပေါ့ခံစားခွင့်ပြုခဲ့ကြောင်းထုတ်ပြန်သည်။
“လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်သူတွေ လွတ်တဲ့အထဲမပါဘူး။ ပြစ်ဒဏ်လျှော့တဲ့အထဲတော့ပါတယ်” ဟုကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ထိန်းချုပ်နယ်မြေများရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင်ပြစ်ဒဏ်ကျခံလျက်ရှိသည့်အကျဉ်းသား၁၆၉ ဦးအား လွတ်ငြိမ်းပေးပြီး ကျန်အကျဉ်းသားများအား ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေသည့်လွတ်ငြိမ်း သက်သာခွင့် ပြုလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဇန်နဝါရီလက ကြေညာခဲ့သည်။