တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးကို လက်ခံတွေ့ဆုံခဲ့သည်။
ဝမ်ယိက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရတ်နိုမာဆူဒီ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမက်ဝီနိုင်နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်တို့ကို တရုတ်သို့ ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ် ပြီး တရုတ်-အာဆီယံ ရင်းနှီးချစ်ကြည်စွာ ဆက်ဆံရေး၊ ယူကရိန်းအရေးအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု တရုတ်အစိုးရအာဘော်သတင်းဌာန Global Times က ဖော်ပြသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးသည်လည်း ဝမ်ယိကို လာရောက်တွေ့ဆုံရန် အစီအစဉ်ရှိနေ သည်။
မြန်မာစစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ၀ဏ္ဏမောင်လွင်ကို ဒုတိယအကြိမ် ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပြီး ယခုတစ်ကြိမ်လက်ခံတွေ့ဆုံစဉ် ဝမ်ယိက တရုတ်သည် မြန်မာကို ၎င်း၏ အိမ်နီးချင်းသံတမန်ရေးတွင် အရေးပါသည့်နေရာ၌ အမြဲထားရှိကြောင်း ပြောသည်။

Public Service Announcement
ထို့အပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)အရှိန်မြှင့်တင်ရေး နှင့် အဓိကစီမံကိန်းကြီးများ အကောင် အထည်ဖော်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး၊ ဆွေးနွေးဖလှယ်ရေးတို့ကို လုပ်ဆောင်ရန် အသင့်ရှိကြောင်း ဝမ်ယိက ပြောသည်။
ဆက်လက်ပြီး ဝမ်ယိက မြန်မာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံများက အာဆီယံချဉ်းကပ်မှု၊ ညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းကာ တစ်သံတည်းဖြင့် လိုက်နာဆောင်ရွက်ရန် မျှော်လင့်ကြောင်းနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရေးမူဝါဒအပေါ် အခြေခံကာ အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး မြန်မာနှင့် ပူးပေါင်း ဆောင်ရွက်ရန် ပြောသည်။
တစ်ဖက်တွင် အမေရိကန်သမ္မတ ဘိုင်ဒင်က အာဆီယံခေါင်းဆောင်များကို ဝါရှင်တန်သို့ ခေါ်ယူတွေ့ဆုံမည့် အမေရိကန်-အာဆီယံ ထိပ်သီးအထူးအစည်းအဝေး ရွှေ့ဆိုင်းလိုက်ပြီးနောက် တရုတ် နိုင်ငံခြားရေးဝန်ကြီးက အာဆီယံဝန်ကြီးအချို့ကို ခေါ်ယူတွေ့ဆုံနေခြင်းဖြစ် သည်။
အမေရိကန်-အာဆီယံ ထိပ်သီးအထူးအစည်းအဝေးကို ပြီးခဲ့သည့် မတ်လ ၂၈-၂၉ တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း သတ်မှတ်မထားသည့် အချိန်ဇယားပြဿနာများကြောင့် အဆိုပါ ထိပ်သီးအထူးအစည်းအဝေးကို ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့သည်။


















































