Connect with us

Hi, what are you looking for?

သတင်း

အာဆီယံ ဖိအားတွေ မြင့်တက်လာချိန်နဲ့ တိုက်ဆိုင်နေတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော် ခရီးစဉ်

လေ့လာသူတွေကတော့ စစ်ကောင်စီဟာ ရုရှားနဲ့ အပိုင်ပေါင်းထားတဲ့အတွက် အင်အားကြီး နိုင်ငံတစ်ခုရဲ့ အထောက်အကူကို ရယူနိုင်တဲ့အပြင် တရုတ်အပေါ် ဘက်ပေါင်းစုံ မှီခိုနေရမှုကို လျှော့ချနိုင်မယ့် အခွင့်အရေး တစ်ရပ်လို့လည်း ယူဆနေကြောင်း သုံးထပ် ပြောဆိုထားကြပါတယ်။

အာဆီယံ ဖိအားတွေ မြင့်တက်လာချိန်နဲ့ တိုက်ဆိုင်နေတဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးရဲ့ နေပြည်တော် ခရီးစဉ်
အာဆီယံ ဖိအားတွေ မြင့်တက်လာချိန်နဲ့ တိုက်ဆိုင်နေတဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးရဲ့ နေပြည်တော် ခရီးစဉ်

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေအပေါ် အိမ်နီးချင်း အာဆီယံ နိုင်ငံတွေက ဖိအားပေး ဝေဖန်မှုတွေ မြင့်တက်လာချိန်နဲ့ တိုက်ဆိုင်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ဟာ နေပြည်တော်ကို ဆိုက်ရောက်လာခဲ့ပါတယ်။

ရုရှားဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လူမဆန်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တစ်ကမ္ဘာလုံးက ဝေဖန်ရှုတ်ချနေတဲ့ အချိန်တွေမှာတောင် စစ်ကောင်စီရဲ့ မဟာမိတ်အဖြစ် ပြောင်ပြောင်တင်းတင်း ရပ်တည်ပြခဲ့တဲ့ အင်အားကြီးနိုင်ငံ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာစစ်တပ်အတွက် ခဲယမ်းမီးကျောက်နဲ့ စစ်လက်နက် ပစ္စည်းတွေကိုလည်း ထောက်ပံ့ ရောင်းချပေးနေခဲ့ပါတယ်။

ဩဂုတ် ၃ ရက်က နေပြည်တော်မှာ လက်ဗ်ရော့ဗ်က မြန်မာစစ်ကောင်စီ ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံနေတဲ့ ဓာတ်ပုံတွေကို ရုရှား မီဒီယာတွေက ထုတ်ဖော် ပြသခဲ့ပါတယ်။ ဝန်ကြီးနှစ်ယောက်ဟာ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေကို အကျေအလည် ဆွေးနွေးခဲ့ကြတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဒါ့အပြင် လက်ဗ်ရော့ဗ်နဲ့ မင်းအောင်လှိုင် လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံကိုလည်း ထပ်မံ ထုတ်ပြန်ခဲ့ပြီး ရုရှား အစိုးရဟာ စစ်ကောင်စီရဲ့ နိုင်ငံ အေးချမ်းတည်ငြိမ်ရေး အားထုတ်မှုတွေနဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပမယ့် အစီအစဉ်တွေ ထောက်ခံ အားပေးကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်ကောင်စီဟာ သံတမန်ရေးရာ နယ်ပယ်မှာ ဆက်တိုက် ကျရှုံးလာတဲ့နောက် ရုရှားကို ပိုပြီး အားကိုးတကြီး ကပ်တွယ်လာခဲ့ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လွန်ခဲ့တဲ့ ၂ လအတွင်း မော်စကိုမြို့ကို ၂ ကြိမ် သွားရောက်ခဲ့သလို လုံခြုံရေး ကွန်ဖရင့် တစ်ခုမှာ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး နစ်ကိုလိုင် ပါထရူရှက်ဗ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ရုရှား အစိုးရက ဇူလိုင်လမှာ မင်းအောင်လှိုင် လာရောက်ခဲ့မှုကို ပုဂ္ဂိုလ်ရေးဆိုင်ရာ ခရီးစဉ်တစ်ခုလို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခု နေပြည်တော်ကို လက်ဗ်ရော့ဗ် ဆိုက်ရောက်လာတာကတော့ အာဆီယံ အစည်းအဝေးမှာ အဖွဲ့ဝင် နိုင်ငံတွေက အာဏာသိမ်း မြန်မာစစ်တပ်အပေါ် စိတ်ရှည် သည်းခံမှု သိသိသာသာ ကုန်ဆုံးလာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ အရင်က အဖွဲ့ဝင် နိုင်ငံတွေကြား ပြည်တွင်းရေး မစွက်ဖက်ဖို့ အာဆီယံက မူဝါဒ ချမှတ်ထားပေမယ့် ဖနွမ်းပင်မြို့မှာ ဩဂုတ် ၃ ရက်က ကျင်းပတဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေ ညီလာခံမှာတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် အသံကျယ်ကျယ် ရှုတ်ချလာကြပါတယ်။

အထူးသဖြင့် မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ဆွေးနွေးထုတ်ပြန်ထားတဲ့ မူ ၅ ရပ်ကို အကောင်အထည် ဖော်ပေးဖို့ စစ်ကောင်စီရဲ့ ပျက်ကွက်မှု၊ နိုင်ငံရေး အကျဉ်းသားတွေကို ပြောင်ပြောင်တင်းတင်း သေဒဏ် စီရင်နေမှုတွေဟာ အာဆီယံ နိုင်ငံတွေအတွက် အကြီးအကျယ် မနှစ်မြို့စရာ ဖြစ်လာခဲ့ပါတယ်။ မင်းအောင်လှိုင်ကို လိုလား ထောက်ခံသူ တစ်ယောက်အဖြစ် သတ်မှတ် ခံထားရတဲ့ အာဆီယံ အလှည့်ကျ သဘာပတိ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်းက နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီး ကွပ်ကမျက် ခံနေရရင် အာဆီယံဟာ မြန်မာနဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေ မဖြစ်မနေ ပြောင်းလဲရတော့မယ်လို့ သတိပေးခဲ့ပါတယ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို စစ်ကောင်စီက စည်းလွတ်ဝါးလွတ် သေဒဏ်စီရင်ခဲ့တာကို နိုင်ငံတကာ ကန့်ကွက်မှုတွေ မြင့်တက်နေချိန်မှာ လက်ဗ်ရော့ဗ်ရဲ့ နေပြည်တော် ခရီးစဉ်ကတော့ ရုရှားအစိုးရဟာ အကြမ်းဖက် လုပ်ရပ်တွေကို ပွင့်ပွင့်လင်းလင်း ထောက်ခံ အားပေးနေတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ပေါ်လွင်သွားစေပါတယ်။ မြန်မာ နိုင်ငံရေး အကျဉ်းသားတွေ ကွပ်မျက်ခံရမှုကို ကုလသမဂ္ဂ လုံခြုံရေး ညီလာခံမှာ ရုရှားကိုယ်စားလှယ်က ပါဝင် ကန့်ကွက်ခဲ့ပေမယ့် ရက်ပိုင်း အကြာမှာပဲ လက်ဗ်ရော့ဗ်က စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ စစ်ကောင်စီဟာ ရုရှားနဲ့ အပိုင်ပေါင်းထားတဲ့အတွက် အင်အားကြီး နိုင်ငံတစ်ခုရဲ့ အထောက်အကူကို ရယူနိုင်တဲ့အပြင် တရုတ်အပေါ် ဘက်ပေါင်းစုံ မှီခိုနေရမှုကို လျှော့ချနိုင်မယ့် အခွင့်အရေး တစ်ရပ်လို့လည်း ယူဆနေကြောင်း သုံးထပ် ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။