အကြမ်းဖက်စစ်တပ်ခေါင်းဆောင်များနှင့် တာ၀န်ရှိသူများကို အမြန်ဆုံးအပြစ်ပေး အရေးယူခြင်းဖြင့် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ပေးရန် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က တောင်းဆိုသည်။
နိုဝင်ဘာ ၄ရက်နှင့် ၅ရက်တို့တွင် အာဂျင်တီးနား အမျိုးသားကွန်ကရက်လွှတ်တော်က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် “(၄၃) ကြိမ်မြောက် ကမ္ဘာ့လွှတ်တော်ကိုယ်စားလှယ်များ၏ နှစ်ပတ်လည် ဖိုရမ်နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နှင့် တရားဥပဒေစိုးမိုးရေးအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတိုင်ပင်ရေးညီလာခံ”သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ တက်ရောက်ခဲ့ကာ မြန်မာစစ်အုပ်စုကို အရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း CRPH က ယနေ့ထုတ်ပြန်သည်။

CRPH ဥက္ကဋ္ဌက ယမန်နေ့တွင် “The Role of Legislators in Atrocity-Prevention: Democratic Backsliding, a Precursor to gross Human Rights Violations?” ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးရာ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က ပြည်သူ့အစိုးရထံမှ အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ပြီးနောက် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်နေမှု၊ အတိုက်အခံအင်အားစုများအပေါ် အင်အားအလွန်အကျွံသုံးကာ လူမျိုးတုံးသတ်ဖြတ်မှုများ လုပ်ဆောင်နေမှုများကို တင်ပြခဲ့သည်ဟု ဆိုသည်။


ထို့သို လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအား ကာကွယ်တားဆီးနိုင်ရန်နှင့် ဒီမိုကရေစီကို ကာကွယ်ရန် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းအားထုတ်နေမှုများ၊ အာဏာရှင်များကို လုံးဝငြင်းဆန်တွန်းလှန်ကာ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ပြည်သူများနှင့်အတူ လက်တွဲ လုပ်ဆောင်နေမှုများ၊ နိုင်ငံတကာတရားဥပဒေစိုးမိုးမှုနှင့် အပြစ်ပေးအရေးယူမှုတို့ အားကောင်းလာစေရန် နိုင်ငံတကာရှိ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှုတို့လည်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
ယင်းနောက် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသူများကို ထိရောက်သော အပြစ်ပေး အရေးယူမှုများ မပြုလုပ်နိုင်ပါက ကမ္ဘာကြီး၌ လုံခြုံရေးနှင့် အသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေခြင်းကိုလည်း CRPH ဥက္ကဋ္ဌက သတိပေးခဲ့ကြောင်း ဖော်ပြသည်။


















































