မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် Pakokku Underground Force စခန်းအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး လက်နက်နှစ်လတ်ပါ သိမ်းဆည်းခံခဲ့ရကာ ကျပ်သိန်း ၁၅၀ခန့် ဆုံးရှုံးခဲ့ကြောင်း အဆိုပါအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒီဇင်ဘာ ၂၃ ရက် မွန်းတည့် ၁၂နာရီခန့်က မြိုင်မြို့နယ်၊ ဖောင်းကွဲကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း၊ စစ်အုပ်စုက ပြန်ဆုတ်ခွာချိန် အနီးရှိကျေးရွာကို မီးရှို့ခဲ့ရာ စခန်းကိုပါတွေ့ရှိသွားပြီး မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း Pakokku Underground Forceသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စခန်းအတွင်းရှိ လက်နက်ခဲယမ်းနှင့် ရိက္ခာအပါအဝင် ကာလတန်ကြေး စုစုပေါင်း သိန်း၁၅၀ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။


“Shortgun တစ်လက်ရယ်၊ ခါးချိုးတစ်လက်ရယ် ပါသွားတယ်။ ယမ်းကန့်၊ ဘက်ထရီနဲ့ လက်နက်ကြီးပြောင်းတွေပါ အကုန်မီးရှို့သွားတာ။ ကျွန်တော်တို့လည်း စခန်းနားတောင်ကပ်ချိန်မရလိုက်ဘူး။ တိုက်ပွဲကဆုတ်လာတာဆိုတော့ ဘာမှတောင်သိမ်းမထားလိုက်ရဘဲ အကုန်မီးရှို့သွားတာဗျ။ အနည်းအကျည်းပဲ သိမ်းထားလိုက်ရတာဗျ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

ထို့ကြောင့် ပြည်တွင်း၊ပြည်ပရှိ ပြည်သူများအနေဖြင့် ကူညီလှူဒါန်းထောက်ပံ့ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
Pakokku Underground Forceအဖွဲ့သည် ပခုက္ကူ၊ ရေစကြို၊ မြိုင်နယ်များတွင် အခြားဒေသတွင်းအဖွဲ့များနှင့်ပါ ပူးပေါင်းကာ စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်လျက်ရှိပြီး ဒီဇင်ဘာ ၂၂ ရက်ကလည်း ပခုက္ကူမြို့ပေါ်ရှိ ပျူစောထီး သုံးဦးအား သွားရောက်ရှင်းလင်းခဲ့သေးသည်။


















































