ကရင်အမျိုးသားအစည်းအရုံး ( KNU ) ရဲ့တပ်မဟာ ၅ နယ်မြေ ထဲမှာရှိတဲ့ စစ်ကောင်စီ မဲဝိုင်တပ်စခန်းကို ဇန်နဝါရီလ ပထမ ရက်သတ္တပတ်ထဲမှာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၄ ရက်နဲ့ ဇန်နဝါရီလ ၇ ရက် တို့မှာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )နဲ့ပူးပေါင်းတပ်တွေ စခန်းတိုက်ပွဲဆင်နွှဲကြတာပါ။
တိုက်ပွဲအတွင်း ၂ ဖက်အကျအဆုံးရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

ဒီလို စခန်းသိမ်းမယ့် စစ်ကောင်စီစခန်းကို တစ်လအလို ဒီဇင်ဘာလကတည်း နေ့စဉ်နီးပါး ဒရုန်းနဲ့ဗုံးကြဲခဲ့တာဖြစ်ပြီး ဗုံးအလုံးပေါင်း တစ်ထောင်ကျော် ကြဲခဲ့တာပါ။

Public Service Announcement
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်ကအရာရှိအပါအဝင် ကိုး ဦးသေဆုံးပြီး KNLA နဲ့ ပူးပေါင်းတပ်တွေဘက်က ခြောက် ဦးကျဆုံးတယ်လို့သိရပါတယ်။
တိုက်ပွဲကာလအတွင်းစစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ကူပေးတာတွေရှိခဲ့ပါတယ်။
“စခန်းမသိမ်းခင် တစ်ပတ်လောက်အလိုမှာ သူတို့ကို လက်နက်ချပူးပေါင်းအညံ့ခံဖို့ ဒရုန်းနဲ့ စာတွေချသေးတယ်”လို့ စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့သူတစ်ဦးကပြောပြပါတယ်။


















































