ဒီးမော့ဆိုမြို့နယ် ၆မိုင်ကျေးရွာအနီး တောင်ပေါ်၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးခန့် သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က ထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ (၁၆) ရက်နေ့၊ နံနက် ၈နာရီခွဲတွင် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နှင့် KNDFတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟုဆိုသည်။ တိုက်ပွဲ၌ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှု ရှိမရှိကို ဖော်ပြမထားပေ။
စက်တင်ဘာ၁၅ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်၊ ထွီလွှီးဘီလာ ကျေးရွာအနီး ခြေရာ တော် တောင်ပေါ်တွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ခြေရာတော်တောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ ဖြင့် တစ်ဖက်သတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီနှင့် စံပြ (၆) မိုင်ကျေးရွာ တို့မှ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာ အထိ၊ လွိုင်ကောင်- ဒီမောဆို-ဖရူဆို လမ်းတစ်လျှောက် ကို ညပိုင်း ခရီးသွားလာခြင်းမပြုရန် KNDFက အသိပေးထုတ်ပြန်ခဲ့သည်။


















































