Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြား စစ်ကောင်စီတပ်စခန်းတိုက်ခိုက်မှု RPG နှင့်လက်နက်ကြီးအချို့ရဟု CNA ပြော

တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့ (ဧပြီ ၂၇ရက်) ညနေပိုင်းတွင် ထန်တလန်မြို့နယ် တလန်လိုရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

(ဧပြီ ၂၇ရက် ညနေပိုင်းတွင် ထန်တလန်မြို့နယ် တလန်လိုရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သား နှစ်ဦးအား ညတွင်းချင်း သဂြိုလ်နေစဉ်။ ဓာတ်ပုံ - The Chin Journal)
(ဧပြီ ၂၇ရက် ညနေပိုင်းတွင် ထန်တလန်မြို့နယ် တလန်လိုရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သား နှစ်ဦးအား ညတွင်းချင်း သဂြိုလ်နေစဉ်။ ဓာတ်ပုံ - The Chin Journal)

ချင်းပြည်နယ် ဟားခါး နှင့် ထန်တလန်မြို့အကြားရှိ စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ စခန်းမှ ဆုတ်ခွာသွားပြီး လက်နက်ကြီးအချို့နှင့် RPG တစ်လက်၊ ကျည်၊ ခဲယမ်းများ ရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ ဒေသ၌ စစ်ကောင်စီတပ်စခန်း သုံးခုရှိရာ ဧပြီ ၂၆ရက်တွင် တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ဟားခါးနဲ့ ထန်တလန်အကြား သီးမစ်ချောင်းတံတားဘေးနားက စစ်ကောင်စီစခန်းတစ်ခုကို ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့က ဝင်စီးတာပေါ့။ အဲဒီမှာ စခန်းငယ်သုံးခုရှိတဲ့အနက်စခန်းတစ်ခုကို ဝင်စီးတာ။ ဒုတိယစခန်း ဝင်စီးမယ်အလုပ်မှာ ဖိုက်တာနှစ်စီးက ဗုံးလာကြဲသွားတာပေါ့။အဲဒါနဲ့ ကျနော်တို့ ဆုတ်ပေးလိုက်ရတာ။” ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ချင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး ကျဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“လက်နက်အချို့ (၆၀)မမ၊ (၄၀) မမ၊ RPG တစ်လက်နဲ့ ကျည်ဆံတွေ ကျနော်တို့ သိမ်းဆည်းရမိတာပေါ့။ သူတို့ဘက်က အထိအခိုက်တော့ ကျနော်တို့ မသိဘူး။ သူတို့ ဆုတ်ပေးလိုက်တဲ့ သဘောဖြစ်နိုင်တယ်။ သူတို့ လက်နက်တွေထားခဲ့တယ်။ သူတို့ သေသွားတဲ့အလောင်းတွေဘာတွေတော့ ကျနော်တို့ မတွေ့ရဘူးပေါ့နော်။ ဒါပေမဲ့အဲဒီမှာရှိတဲ့ လက်နက်ကြီးတွေ ရထားတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့ (ဧပြီ ၂၇ရက်) ညနေပိုင်းတွင် ထန်တလန်မြို့နယ် တလန်လိုရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

“အဲဒီ ဒေသမှာ တိုက်ပွဲတွေဘာတွေ အခုတလောမရှိဘူးဗျ။ ဒါပေမဲ့ သူတို့ အဲဒီလို အထိနာပြီဆိုရင် ဘာမှ မဆိုင်တဲ့ ပြည်သူတွေကိုမဲပြီး အဲဒီလို အလျဉ်းသင့်ရင်သင့်သလို အဲဒီလို လုပ်တာ သူတို့ရဲ့ ဗျူဟာတစ်ခုပေါ့။အဲဒီလုပ်ရပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလည်း မြောက်တယ်။ စစ်ရာဇဝတ်မှုလည်း မြောက်တယ်။ ကျနော်တို့ ချင်းလူမျိုးတွေ လူဦးရေနည်းနည်း သူတို့ အဲဒီရွာမှာ မနေနိုင်အောင် အဲဒီလို လုပ်ပြီး ကျနော်တို့ CNA နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကို ပြည်သူနဲ့ ချိတ်ဆက်လို့ မရနိုင်အောင် ပြည်သူကို အကြောက်တရားသွင်းပြီးတော့ တစ်ဖက်လှည့်နဲ့ ပြည်သူကို လူသားဒိုင်းသဖွယ် အသုံးပြုတာပါပဲ” ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်နယ်အတွင်းယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်များကြားကာ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည့်အပေါ် စစ်ကောင်စီက အရပ်သား ပြည်သူများကို လေကြောင်း တိုက်ခိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့၍ ဖလမ်းမြို့နယ် ဝေဘူလမြို့ လေကြောင်း တိုက်ခိုက်ခံရမှုတွင် အရပ်သား ပြည်သူ ၉ဦးထက်မနည်းသေဆုံးခဲ့သည်။ ထန်တလန်ခွာဖိုရွာ လေကြောင်း တိုက်ခိုက်မှုတွင်လည်း အရပ်သား ၉ဦးသေဆုံးပြီး ထိခိုက်မှုများရှိခဲ့သည်။

ထို့ပြင် မင်းတပ် မြို့နယ် ပန်းပါရွာလေကြောင်းတိုက်ခိုက်မှုတွင်လည်း အရပ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။