Connect with us

Hi, what are you looking for?

ဆောင်းပါး

ကြိုတွေးထားရမယ့် ကပ်ရောဂါ ကူးစက်မှု လှိုင်းအသစ်များ

ကမ္ဘာ့နိုင်ငံ အတော်များများဟာ ကိုဗစ်ရောဂါ ကူးစက်မှု လှိုင်းတွေကို သုံးကြိမ်၊ လေးကြိမ်လောက်ထိ ကြုံတွေ့ခဲ့ကြပါတယ်။ ကမ္ဘာ့ဆေးပညာ သမိုင်းတလျှောက်မှာ အံ့ဩစရာ အကောင်းဆုံး မြန်နှုန်းမျိုးနဲ့ ကာကွယ်ဆေးတွေ တီထွင် အောင်မြင်လာခဲ့တာတောင် ကိုဗစ်ရောဂါကို တားဆီးတိုက်ဖျက်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

Photo : Reuters

“အသေအပျောက် များပြားတဲ့ ရောဂါလှိုင်းတွေ ထပ်မကြုံဖို့ ဘာတွေပြင်ထားရမလဲ”

ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ စတင်လာတာ အခုဆိုရင် ၂ နှစ်လောက် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး သေဆုံးသူ အရေအတွက်ကလည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ၅ သန်း နီးပါးလောက်ထိ များပြားလာခဲ့ပါတယ်။ ကပ်ရောဂါ အစောပိုင်း ကာလတွေတုန်းက ၂ နှစ်လောက် ကြာရင် ရောဂါရဲ့ ဖျက်ဆီးအားနဲ့ သေကြေပျက်စီးနှုန်းက တဖြည်းဖြည်း လျော့ကျလာလိမ့်မယ်လို့ အကောင်းမြင် ခန့်မှန်းမှုတချို့ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဒါက လက်တွေ့ မကျတော့ပါဘူး။

ကမ္ဘာ့နိုင်ငံ အတော်များများဟာ ကိုဗစ်ရောဂါ ကူးစက်မှု လှိုင်းတွေကို သုံးကြိမ်၊ လေးကြိမ်လောက်ထိ ကြုံတွေ့ခဲ့ကြပါတယ်။ ကမ္ဘာ့ဆေးပညာ သမိုင်းတလျှောက်မှာ အံ့ဩစရာ အကောင်းဆုံး မြန်နှုန်းမျိုးနဲ့ ကာကွယ်ဆေးတွေ တီထွင် အောင်မြင်လာခဲ့တာတောင် ကိုဗစ်ရောဂါကို တားဆီးတိုက်ဖျက်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြန့်ဝေဖို့ အခက်အခဲ အမျိုးမျိုး ကြုံနေရတာက တစ်ကြောင်း၊ ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်က အံ့ဩစရာ ကောင်းလောက်အောင် ခဏခဏ ဗီဇပြောင်းပြီး မျိုးကွဲသစ်တွေ ပေါ်ပေါက်လာတာက တစ်ကြောင်းတို့ကြောင့် ကိုဗစ်ကို ထိထိရောက်ရောက် ချိုးနှိမ်ဖို့ ခက်ခဲနေဆဲပါ။

Public Service Announcement

Public Service Announcement

ကပ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာချိန်မှာ နိုင်ငံအလိုက် Lockdownတွေချ၊ အသွားအလာ ကန့်သတ်မှု အစီအမံတွေ ကျင့်သုံးရတဲ့အတွက် စီးပွားရေး ကဏ္ဍမှာလည်း အကြီးအကျယ် ထိခိုက်ပြန်ပါတယ်။ ဒါကြောင့် နိုင်ငံအလိုက် အစိုးရတွေ၊ အထူးသဖြင့် စီးပွားရေးအင်အား သိပ်မတောင့်တဲ့ နိုင်ငံငယ်တွေဟာ ကူးစက်နှုန်း မြင့်တက်နေတဲ့ ကာလတွေမှာတောင် Lockdown မချတော့ဘဲ ကပ်ရောဂါနဲ့ အတတ်နိုင်ဆုံး ယှဉ်တွဲ နေထိုင်ဖို့ ကြိုးစားလာရပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင် ပျံ့နှံ့လာတဲ့ ကိုဗစ်ရောဂါဟာ နိုင်ငံအလိုက်၊ ဒေသအလိုက် အချိန်ကာလ မတူဘဲ ကူးစက်နှုန်း အနိမ့်အမြင့် အတက်အကျတွေ ပြောင်းလဲနေပါတယ်။ နိုင်ငံတစ်ခု၊ ဒါမှမဟုတ် ဒေသတစ်ခုမှာ ရောဂါကူးစက်မှုတွေ ခပ်များများ ရုတ်တရက် တွေ့လာပြီး နေ့အလိုက် ကူးစက်နှုန်း အမြင့်ဆုံးထိ ထိုးတက်သွားပါတယ်။ ပြီးရင် နေ့အလိုက် ကူးစက်နှုန်းက တဖြည်းဖြည်း ပြန်ကျပြီး အသေအပျောက်လည်း လျော့ပါးလာပြန်ပါတယ်။ အဲဒီလို ရောဂါတွေ ဆိုးဆိုးရွားရွားကူးပြီး အရှိန်ပြန်လျော့သွားတဲ့ အခြေအနေကို ကပ်ရောဂါ လှိုင်းတစ်ခုအဖြစ် သတ်မှတ်ကြတာပါ။ လှိုင်းတစ်ခုနဲ့ တစ်ခုကြား ကူးစက်နှုန်း လျော့နေတဲ့ အခြေအနေတွေမှာ လူတွေက ပေါ့လျော့သွားရင်၊ ကပ်ရောဂါ ထိန်းချုပ်ရေး စည်းမျဉ်းတွေကို လိုက်နာဖို့ မေ့လျော့နေရင် နောက်လှိုင်းတစ်ခု ခပ်မြန်မြန် ရိုက်ခတ်လာဖို့ ဖိတ်ခေါ်သလို ဖြစ်နေမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး(WHO)နဲ့ နိုင်ငံတကာ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။

ကပ်ရောဂါ ကူးစက်မှု အရှိန်ပြန်မြင့်လာတာဟာ ရာသီဥတု၊ ပတ်ဝန်းကျင်၊ လူစုလူဝေးနဲ့ ကိုယ်ခံအား တည်ဆောက်မှု အခြေအနေ အစရှိတဲ့ အချက်အလက် တော်တော်များများနဲ့ သက်ဆိုင်ပါတယ်။ အေးမြစိုစွတ်ပြီး နေရောင်ခြည် ကျရောက်မှုနည်းတဲ့ ရာသီမျိုး၊ ဆောင်းတွင်း ကာလမျိုး၊ တုပ်ကွေးရောဂါ အဖြစ်များတဲ့ ကာလမျိုးမှာ ကိုဗစ်ရောဂါက ပိုပြီး လက်တံရှည်ရှည် ကူးစက်တတ်သလို ရောဂါလှိုင်း ရိုက်ခတ်မှု အပြင်းထန်ဆုံး အခြေအနေမျိုး ရောက်သွားတတ်ပါတယ်။ ကမ္ဘာပေါ်မှာ ကိုဗစ် ရောဂါကို စတင် တွေ့ရှိတာ ၂ နှစ်လောက်သာ ကြာမြင့်သေးပေမယ့် ကမ္ဘာ့နိုင်ငံတွေမှာ တတိယလှိုင်း၊ စတုတ္ထလှိုင်း ကူးစက်မှုတွေထိ ကြုံတွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။

အနာဂတ်မှာ အထိအခိုက် အသေအပျောက် များပြားတဲ့ ရောဂါလှိုင်းတွေ ထပ်မကြုံဖို့ ဆိုရင်တော့ လူစုလူဝေးနဲ့ ကိုယ်ခံအား တည်ဆောက်ခြင်းကသာ လက်တွေ့ အကျဆုံး ဖြေရှင်းမှုလို့ သတ်မှတ်ကြပါတယ်။ ရောဂါဒဏ်ကို ခံနိုင်ရည် ရှိသူတွေ များပြားနေတဲ့ ပတ်ဝန်းကျင်မှာ ရောဂါတစ်ခုက ဆင့်ကဲပြန့်ပွား ကူးစက်ဖို့ ခက်သွားပါတယ်။ ဒီလို စုပေါင်း ကိုယ်ခံအား တည်ဆောက်ဖို့အတွက် လက်တွေ့ အကျဆုံး ဖြေရှင်းမှုကတော့ ထိရောက် အားကောင်းတဲ့ ကာကွယ်ဆေးတွေကို လူဦးရေရဲ့ ရာခိုင်နှုန်း အများစုမှာ ထိုးပေးထားဖို့ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အစ္စရေး ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် နက်ချ်မန်း အက်ရှ်က နိုင်ငံရဲ့ စတုတ္ထလှိုင်း ကူးစက်မှုတွေ ဆုံးခန်းတိုင်သွားပြီလို့ သတ်မှတ်နိုင်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အစ္စရေးဟာ ကမ္ဘာပေါ်မှာ ကပ်ရောဂါ ထိုးနှံမှု အားအကောင်းဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါတောင်မှ ဇူလိုင် လဆန်းကနေ စက်တင်ဘာ လကုန်လောက်ထိ စတုတ္ထလှိုင်း ကူးစက်မှုတွေရဲ့ဒဏ်ကို နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပါတယ်။

လက်ရှိအချိန်မှာ WHOက အသိအမှတ် ပြုထားတဲ့ ကာကွယ်ဆေးတွေထဲက အကောင်းဆုံး၊ နည်းပညာ အမြင့်ဆုံး၊ အာနိသင် အထက်မြက်ဆုံး အမျိုးအစားတွေကို အမေရိကန်က ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ ကပ်ရောဂါ ကူးစက်မှုရော၊ အသေအပျောက်ပါ အများဆုံး နိုင်ငံအဖြစ် ဆက်ရှိနေဆဲပါ။ အမေရိကန် အစိုးရဟာ ကာကွယ်ဆေး ထိုးထားတဲ့ နိုင်ငံသား ဦးရေ များသထက် များအောင် ကြိုးစားနေပါတယ်။ ဆေးထိုးပေးပြီးသား သူတွေကို တတိယအကြိမ် Boosterဆေး ထပ်ထိုးဖို့ ပြင်ဆင်နေသလို ကာကွယ်ဆေးအပေါ် အယုံအကြည် မရှိသူတွေကိုလည်း ဆေးထိုးဖို့ ဆော်ဩ စည်းရုံးနေပါတယ်။ ဆယ်ကျော်သက်နဲ့ ကလေးတွေမှာ ကာကွယ်ဆေးတွေ ထိုးပေးဖို့လည်း တက်သုတ်ရိုက် လုပ်ဆောင်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်နှုန်း မြန်တဲ့ Delta မျိုးကွဲသစ်ဟာ တခြားနိုင်ငံတွေလိုပဲ အမေရိကန်ကိုလည်း ဒုက္ခပေးနေပါတယ်။ ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း မြင့်မားတဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့် ကပ်ရောဂါ အစပိုင်း ကာလတွေလောက် အသေအပျောက် မများတော့ပေမယ့် အမေရိကန်ရဲ့ ပြည်နယ် တချို့ဟာ စတုတ္ထလှိုင်း ကူးစက်မှုတွေ ခေါင်းထောင်လာတာကို ကြုံခဲ့ရပါတယ်။ ဒါ့အပြင် ကလေးတွေ ကူးစက်ခံရတဲ့ ပမာဏရော၊ ဆေးရုံတက်ရတဲ့ ကလေး အရေအတွက်ပါ သိသိသာသာ မြင့်တက်လာတာကြောင့် ကလေးတွေမှာပါ ဆေးထိုးပေးဖို့ ပိုပြီး အရှိန်မြှင့် အားထုတ်လာရတာ ဖြစ်ပါတယ်။

WHOကတော့ အာဖရိကတိုက်ဟာ နောက်ထပ် ကပ်ရောဂါ ကူးစက်မှုလှိုင်းတွေ ထပ်ကြုံလာနိုင်ခြေ အမြင့်ဆုံး ခြိမ်းခြောက်ခံနေရတဲ့ ဒေသလို့ သတိပေးထားပါတယ်။ အခုနှစ်ထဲမှာ နိုင်ငံအလိုက် လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက် ကာကွယ်ဆေးထိုးပြီးဖို့ ရည်မှန်းထားပေမယ့် ဒီကိစ္စကို လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ နိုင်ငံက အနည်းစုပဲ ရှိပါသေးတယ်။

အရှေ့တောင်အာရှ ဒေသမှာလည်း ကပ်ရောဂါ နောက်တစ်ကြိမ် ခေါင်းထောင်လာနိုင်တဲ့ အခြေအနေကို တွေးတော စိတ်ပူနေပြန်ပါတယ်။ ကမ္ဘာပေါ်မှာ ရောဂါ ထိန်းချုပ်နိုင်စွမ်း အမြင့်ဆုံး နိုင်ငံတစ်ခုဖြစ်သလို အမေရိကန်ကနေ ကာကွယ်ဆေးတွေ မှာယူထိုးနှံ ပေးနေတဲ့ စင်ကာပူမှာတောင် နေ့အလိုက် ကူးစက်မှု ရာဂဏန်းလောက် ရှိပြီး ဆေးထိုးထားသူတွေပါ အသေအပျောက် ရှိတယ်ဆိုတဲ့ သတင်းတွေ ကြားသိနေရပါတယ်။ ဒါပေမဲ့ ဘယ်ကာကွယ်ဆေးမှ ဒီရောဂါကို ရာနှုန်းပြည့် တားဆီးနိုင်တယ်ဆိုတဲ့ အာမခံချက် မပေးနိုင်တာကိုတော့ သတိချပ်ရမှာပါ။

ဆေးသိပ္ပံ ပညာရှင်တွေကတော့ ကိုဗစ်ရောဂါဟာ ကမ္ဘာပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားဖို့ မဖြစ်နိုင်တော့ဘူးလို့ လက်ခံထားပြီး နောက်ပိုင်းမှာ တုပ်ကွေးလိုမျိုး ရာသီအလိုက် ဖြစ်ပွားတဲ့ ရောဂါတစ်ခုအသွင် ဆောင်လာမယ်လို့ ခန့်မှန်းနေပါတယ်။ ဒါဆိုရင် ရောဂါကူးစက်မှု လှိုင်းတွေက နောက်ထပ် ရေတွက်နေလို့ မရလောက်အောင် ခဏခဏ ပြန်ဖြစ်နေတော့မယ့် သဘောပါ။ အရေးကြီးတာက အဲဒီလို ရာသီအလိုက် ကူးစက်မှုတွေ ပြန်ခေါင်းထောင်လာရင်တောင် ဆေးရုံတက်ရတာတွေ နည်းသွားဖို့၊ အသေအပျောက် နည်းသွားဖို့ပါပဲ။

ကာကွယ်ဆေး တီထွင်ထုတ်လုပ်နေတဲ့ အမေရိကန် ဆေးကုမ္ပဏီကြီး Pfizerရဲ့ ဘုတ်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်၊ အမေရိကန်ရဲ့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာန ကော်မရှင်နာဟောင်းလည်း ဖြစ်တဲ့ ဒေါက်တာ စကော့ ဂေါ့လိယက်ဘ်က ကိုဗစ်ဟာ တစ်နှစ်စာ၊ နှစ်နှစ်စာ ကြုံရမယ့် ကျန်းမာရေး စိန်ခေါ်မှုမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။ နှစ်စဉ် တုပ်ကွေး ရာသီတွေမှာ ကိုဗစ် ကူးစက်နှုန်း အမြင့်ဆုံး ပြန်ဖြစ်လာနိုင်ပြီး ဒီအတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံမှာ အထိအခိုက် အနည်းဆုံး ကိုင်တွယ်ဖို့ ကြိုစဉ်းစားထားရမယ်လို့လည်း ဒေါက်တာ ဂေါ့လိယက်ဘ်က ဆိုပါတယ်။

သေချာသလောက် ရှိတာကတော့ နှစ်စဉ် တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေတွေကို ကြိုတင် တွက်ဆထားရသလိုမျိုး ကိုဗစ် ကူးစက်မှုတွေလည်း ကြုံလာရမယ် ဆိုတာပါပဲ။ ကိုဗစ်ဟာ နောက်ထပ် နှစ်ပေါင်းများစွာ ကြာတဲ့ထိ သူ့အချိန်၊ သူ့ကာလ ရောက်ရင် ခေါင်းပြန်ထောင်လာမယ့် ကျန်းမာရေး ပြဿနာတစ်ခုအဖြစ် ရှိနေမယ်လို့ ဒေါက်တာ ဂေါ့လိယက်ဘ်က သုံးသပ်ပါတယ်။

ဒါကြောင့် တတိယလှိုင်း၊ စတုတ္ထလှိုင်း ကူးစက်မှုတွေ ကြုံပြီးရင်တောင် နောက်ထပ် ပဉ္စမလှိုင်း၊ ဆဋ္ဌမလှိုင်းတွေ ထပ်ကြုံလာနိုင်တယ်ဆိုတဲ့ အရှိတရားကို လက်ခံထားဖို့ လိုပါတယ်။ ဖြစ်နိုင်ခြေတွေကို တွေးပူနေမယ့်အစား ရောဂါ ထိန်းချုပ်ရေး နည်းလမ်းတွေကို စနစ်တကျနဲ့ တာဝန်သိသိ လိုက်နာကြမယ်ဆိုရင် ကူးစက်မှုတွေ ခပ်မြန်မြန် ကွင်းဆက်ပြတ်ပြီး ကပ်ရောဂါလှိုင်း တစ်ခုကို အထိအခိုက် နည်းနည်းနဲ့ ကျော်လွှားနိုင်မှာပါ။

လက်ရှိ အချိန်ထိ ကမ္ဘာတလွှားမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၂၃၅ သန်းကျော် ရှိနေပြီး သေဆုံးသူ ဦးရေကတော့ ၄.၈ သန်း ကျော်လွန်လာပါပြီ။ ကြမ်းကြုတ်ဆိုးရွားလှတဲ့ ဒီကပ်ရောဂါကြီးကို အနိုင်ယူ တွန်းလှန်ဖို့ ကမ္ဘာအနှံ့က ဆေးသုတေသန ပညာရှင်တွေက အစွမ်းကုန် ကြိုးစားနေကြပါတယ်။ အရင်ကထက်စာရင် ထက်မြက်တဲ့ ကာကွယ်ဆေးတွေ၊ ထိရောက်တဲ့ ကုသမှု နည်းလမ်းတွေကိုလည်း ရှာတွေ့လာနေပါပြီ။ ဒါပေမဲ့ နောက်ထပ် နောက်ထပ် ကပ်ရောဂါ လှိုင်းလုံးတွေ ရိုက်ခတ်မှုတွေကို ကာကွယ် တားဆီးဖို့ ဆိုတာက ပညာရှင်တွေနဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ လူသားအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်ကြရမယ့် တာဝန်တစ်ခု ဖြစ်ပါတယ်။

ဒါ့ကြောင့် လှိုင်းတွေ ဘယ်နှစ်ကြိမ်လာလာ လက်ဆေး၊ Mask တပ်၊ ခပ်ခွာခွာနေခြင့်အားဖြင့် ကျော်လွှားကြရမှာပဲဖြစ်ပါတယ်။

Photo : Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။