Connect with us

Hi, what are you looking for?

ဆောင်းပါး

၅၉ နှစ်အကြာ သမိုင်းလှည်းဘီး

ဝန်ကြီးချုပ်ဦးနုနဲ့ သမ္မတဦးဝင်းမြင့်ဆီက စစ်တပ် အာဏာဘယ်လိုလုခဲ့လဲ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၉ နှစ်က ဝန်ကြီးချုပ် ဦးနုဆီကနေ စစ်တပ်အာဏာလုစဉ် ဝန်ကြီးချုပ်ကို ထိုင်ခုံ တစ်လုံးပေါ်မှာ ခဏ ထိုင်ခိုင်းတဲ့ အပြုအမူမျိုး ဖေဖော်ဝါရီလ ၁ရက် မနက်ဝေလီဝေလင်းမှာ သမ္မတ ဦးဝင်းမြင့် ကြုံခဲ့ရပါတယ်။

ပထစအစိုးရ ဝန်ကြီးချုပ် ဦးနုကို နေအိမ်ကနေ ထိန်းသိမ်းမယ့်နေရာဆီ ခေါ်ဆောင်မယ့် ကားမလာခင် အိမ်ဝမှာ ထိုင်ခုံတစ်လုံး ချပေးပြီး ထိုင်စောင့်ခိုင်းထားခဲ့သလို သမ္မတဦးဝင်းမြင့်ကိုလည်း ရာထူးကနေ နှုတ်ထွက်ဖို့ ဖိအားပေမယ့် စစ်ဘက်အရာရှိကြီးတွေ မလာခင် သမ္မတအိမ်တော်ရုံးခန်းရှေ့က ထိုင်ခုံ မှာ စစ်တပ်က ထိုင်စောင့်ခိုင်းထားခဲ့တာပါ။

ဒါဟာ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်နဲ့ အခု ၂၀၂၁ နှစ်အာဏာသိမ်းမှုတွေမှာ ရွေးကောက်ခံ အရပ်သားအစိုးရ ဆီက အာဏာလုချိန် အစိုးရ အဖွဲ့အကြီးအကဲ တွေအပေါ် စစ်တပ်က ပြုမူခဲ့တာတွေပါ။

အာဏာသိမ်းရတဲ့အကြောင်းပြချက်ဟာ အချိန်ကာလအရ ကွဲပြားသွားပေမယ့် လက်နက်အားကိုးပြီး စစ်တပ်ရဲ့ အာဏာလုပုံကတော့ ထိုနည်း၎င်းပါပဲ။

Public Service Announcement

Public Service Announcement

❐ ဝန်ကြီးချုပ်ဦးနု နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဆီက စစ်တပ်အာဏာလုပုံ

အာဏာသိမ်းမယ့် ၁၉၆၂ မတ်လ ၂ ရက် မနက် ၂ နာရီလောက်မှာ ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းကြား က ဝန်ကြီးချုပ် ဦးနုနေထိုင်ရာ အိမ်ကို စစ်တပ်က ဝိုင်းလိုက်ပါတယ်။

ဘုရားဝတ်ပြုပြီး ည ၁၂ နာရီကျော်လောက်မှ အိပ်ရာဝင်တဲ့ ဝန်ကြီးချုပ်ဟာ အိမ်ဝင်းထဲက ဆူဆူညံညံအသံတွေကြောင့်အိပ်ပျော်ရာကနိုးလာတာနဲ့တပြိုင်နက် ခြောက်လုံးပြုးကိုင်ထားတဲ့ စစ်ဗိုလ်တယောက် သူ့အခန်းထဲမှာ မတ်တပ်ရပ်နေတာကိုတန်းတွေ့လိုက်ရတော့တာပဲ။

စစ်ဗိုလ်က စစ်တပ်က အာဏာသိမ်းလိုက်ကြောင်းနဲ့ သူတို့နဲ့ လိုက်ခဲ့ဖို့ ပြောခဲ့တယ်လို့ ဦးနုက တာတေစနေသားစာအုပ်ထဲမှာရေးသားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ အပေါ်အင်္ကျီဝတ်လိုက်ပြီး အပေါ့သွားမလို့ ရေချိုးခန်းတံခါးကို ဖွင့်ချိန်မှာ ဝင်ခွင့်မပေးတော့ဘဲ တန်းခေါ်သွားခဲ့ပေမယ့် ကားမလာသေးလို့ အိမ်ဝမှာ ထိုင်စောင့်နေခဲ့ရတယ်လို့သိရပါတယ်။

အဲဒီလိုထိုင်စောင့်တုန်း စစ်သားတစ်ယောက်က လောက်ကောင်မိပြီ ဆိုပြီး စကားပြောစက်နဲ့ သတင်းလှမ်းပို့ တာကို ဝန်ကြီးချုပ်နားနဲ့ ကြားခဲ့ရပါတယ်။

အဲဒီအချိန်မှာ ဝန်ကြီးချုပ်ရဲ့ မိသားစုတွေကိုတော့ စစ်သားတွေက ဧည့်ခန်းထဲ မှာ စုထားလိုက်ပြီး ပြင်ပမြင်ကွင်းကိုမမြင်နိုင်အောင် ပြတင်းပေါက်တွေကို ကျောပေးကာ တန်စီးထိုင်ခိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ကို နေအိမ်ကနေ ဖမ်းသွားပြီးနောက် မင်္ဂလာဒုံက ၂ထပ် တိုက် တစ်လုံးမှာ ခေတ္တထိန်းသိမ်းလိုက်ပါတယ်။

အဲဒီကတည်းက ပြန်မလွှတ်တော့ဘဲ ၄ နှစ်ကျော်ကြာ ဖမ်းထားခဲ့ပြီး ၁၉၆၆ ခုနှစ် အောက်တိုဘာမှ လွှတ်ပေးပါတယ်။

ဒီလို ဝန်ကြီးချုပ်ဦးနု ဖမ်းဆီးထောင်ချ အာဏာသိမ်းခဲ့တဲ့နေ့ကနေ ၅၉ နှစ်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ သမ္မတ ဦးဝင်းမြင့်ကိုလည်း အလားတူ ကျူးလွန်ခဲ့ပြန်ပါတယ်။

ဒီတခါအာဏာသိမ်းတဲ့ နေ့ကတော့ ရွေးကောက်ပွဲအရထွက်ပေါ်လာမယ့် လွှတ်တော်အစည်းအဝေးတွေ မစမီ နာရီပိုင်းအလိုမှာ သိမ်းခဲ့တာပါ။

အာဏာမသိမ်းခင် မနက် ၅ နာရီလောက်မှာ နေပြည်တော်သမ္မတ အိမ်တော် ထဲမှာ စစ်သားတွေအပြည့်နေရာယူလိုက်တာပါပဲ။

အဲဒီနောက် သမ္မတအိမ်တော်ထဲက အိပ်ခန်းတံခါးကိုသွားခေါက်ပြီး သမ္မတထွက်လာချိန်မှာတော့ ရုံးခန်းကို ခေါ်သွားခဲ့ပါတယ်။

ဒါပေမယ့် သမ္မတရုံးခန်းထဲကို မဝင်ခိုင်းဘဲ အပြင်က ထိုင်ခုံတစ်လုံးမှာ သမ္မတကို ထိုင်ခိုင်းထားခဲ့တာပါ။

အဲဒီနောက် ဗိုလ်ချုပ်ကြီးအဆင့်ထက် မနိမ့်သူ နှစ်ဦးရောက်လာပြီး ကျန်းမာရေးအကြောင်းပြ ရာထူးက နှုတ်ထွက်ဖို့ သမ္မတဦးဝင်းမြင့်ကို ဖိအားပေးပါတော့တယ်။

” ကျန်းမာရေးကောင်းနေတယ် မထွက်နိုင်ဘူး” လို့ သမ္မတ က ပြော တဲ့အခါ ကမ်းလှမ်းချက်ကို ငြင်းဆန်မှုကြောင့် ထိခိုက်နစ်နာမှုတွေဖြစ်လာမယ်လို့ ထပ်မံ ခြိမ်းခြောက်ပါတယ်။

သမ္မတက “ကမ်းလှမ်းမှုကို လက်ခံမယ့်အစား အသေခံလိုက်မယ်” လို့ တုံ့ပြန်လိုက်တဲ့အခါမှာတော့ရာထူးက နုတ်ထွက်ဖို့ စည်းရုံးမှု မအောင်မြင်ဘဲ သမ္မတ ကို အိမ်တော်ဆီပြန်လည်ခေါ်ဆောင်သွားပါတော့တယ်။

သမ္မတက စစ်တပ်အာဏာမသိမ်းသင့်ကြောင်းနဲ့ ဥပဒေအတိုင်းလုပ်ဖို့ ပြောဆိုခဲ့ပေမယ့် သမ္မတအပါအဝင် မိသားစုဝင်တွေကို သမ္မတအိမ်တော်ကနေ အခြား နေရာပြောင်းရွှေ့ဖို့ ပစ္စည်းတွေ သိမ်းထားဖို့ စစ်တပ်က တဆက်တည်းပြောလာပါတယ်။

ဒီနောက်မှာတော့ အိမ်တော်ကနေ မိသားစုလိုက်နေရာရွှေ့လိုက်ပြီး အခုချိန်ထိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရပါဘူး။ ပြီးတော့လည်း စုစုပါထောင်ဒဏ် ၅ နှစ်အထိ ချလို့ရ ပုဒ်မနှစ်ခုနဲ့တရားစွဲလိုက်ပါတော့တယ်။

ကိုးကား − တာတေစနေသား − ဦးနု
သမ္မတ ဦးဝင်းမြင့်၏ တရားရုံး ထွက်ဆိုချက်

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

Facebook