နေပြည်တော် ပျဥ်းမနားတွင် ယမန်နေ့(အောက်တိုဘာ ၁၅) ညပိုင်းက အကြမ်းဖက်စစ်ကောင်စီပိုင် မြဝတီဘဏ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) မှ ဗုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ရာ အစောင့်စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ် ပြန်သည်။
အောက်တိုဘာ ၁၅ရက် ည၇ နာရီ ၄၅မိနစ်ခန့်တွင် နေပြည်တော် ပျဉ်းမနားမြို့နယ် ရွှေချီ (၆)လမ်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီပိုင် မြဝတီဘဏ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) မှ ဗုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ရာ အစောင့်စစ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု နေပြည်တော် PDFက အသိပေးသည်။
“ဘဏ်ထဲမဟုတ်ပါဘူး။ ဘဏ်ဘေးက လမ်းကြားထဲ ။ ဗုံးကွဲပြီး ညပိုင်းမှာ လမ်းပေါ်ဖြတ်သွားတဲ့ ယာဉ်မှန်သမျှကို ရဲတွေအသေအချာ စစ်နေကြတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် ယခုဖြစ်ရပ်ကဲ့သို့ လက်တစ်ဆုပ်စာ အာဏာရူးများ၏ အကျိုးစီးပွားများကို ကာကွယ်ရင်းအသက်ဆုံးရှုံးနေရမည့်အစား ပြည်သူရင်ခွင်သို့ အမြန်ဆုံးခိုလှုံပြီး CDM ပြုလုပ်ကာ ပြည်သူ့မေတ္တာ ခံယူသင့်ကြောင်း နေပြည်တော် PDFက တိုက်တွန်းနှိုးဆော်ထားသည်။

Public Service Announcement


















































