အိမ်သွင်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင်စီးနင်းသော လေယာဥ် တရုတ်သို့ထွက်ခွာပြီး ၂ နာရီခန့်အကြာ နေပြည်တော် အေလာလေဆိပ်၌ လက်လုပ်မိုင်းပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။
လေဆိပ်မိုင်းပေါက်ကွဲမှုသည်စစ်ခေါင်းဆောင်အားလုပ်ကြံမှုဟု စစ်တပ်အသိုင်းအဝိုင်းနှင့် ရဲတပ်ဖွဲ့က သုံးသပ်နေကြသည်။
“တပ်ချုပ်လေယာဉ်ထွက်ပြီး နည်းနည်းကြာတော့ ပေါက်ကွဲသံကြားတာပဲ။ ဒါက တပ်ချုပ်လုပ်ကြံမှုကြီးလားလို့ ရှော့ခ်ဖြစ်ကုန်ကြတယ်။ စရဖရော စစ်တပ်ရော ရဲတွေရော အကုန်လုံး ခေါင်းမီးတောက်နေပြီ” ဟု အေလာလေဆိပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
အေလာလေယာဉ်ကွင်းပြေးလမ်း နှင့် ကားလမ်းကြားတွင် ယနေ့(နိုဝင်ဘာ ၅ ရက်)နံနက်၈နာရီ ၂၀မိနစ်ဝန်းကျင်တွင် လက်လုပ်မိုင်းဖောက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် MAI၏ အထူးလေယာဉ် Airbus 319 -XYALK ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားခြင်းဖြစ်သည်။
” မနေ့ကတည်းက လေယာဉ်ကွင်းကို စစ်တပ်က လုံခြုံရေးယူခဲ့တာ။ အခု ပေါက်ကွဲတာက လက်လုပ်မိုင်းဖြစ်တယ်။ ဒီလေယာဉ်ကွင်းကို သာမန်အချိန်တောင် အပြင်လူဝင်ဖို့မလွယ်ဘူးလေ။တပ်ချုပ်ခရီးစဉ်ရှိတဲ့နေ့ကျမှဖြစ်တာ။ ကျနော်တို့အဆင့်တွေ လိုက်မမီနိုင်တော့ဘူး” ဟု အေလာလေဆိပ်နှင့် နီးစပ်သူကဆက်ပြောသည်။
စစ်အုပ်စုသည် အေလာလေဆိပ်အတွင်းဝန်ထမ်းများကို ဖမ်းဆီးစစ်ဆေးနေပြီး လေဆိပ်ပတ်ဝန်းကျင်တွင်လည်း ကားများဖြင့် ကင်းလှည့်နေကြောင်း စုံစမ်းသိရသည်။
အဆိုပါပေါက်ကွဲမှုသည် အာဏာသိမ်းစစ်ခေါင်းဆောင်အား လုပ်ကြံမှုဖြစ်ကြောင်း လေဆိပ်မိုင်းကွဲမှုသတင်းကိုပထမဆုံးရေးသားဖော်ပြခဲ့သောစစ်ကောင်စီလော်ဘီ ကြီးအာပလာ (KRPL)တယ်လီဂရန်ကလည်း ရေးသားထားသည်။
အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်၏ ဖိတ်ကြားချက်အရ နိုဝင် ဘာလ ၆ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့ အထိ ကူမင်းတွင် ကျင်းပမည့် မဲခေါင်နိုင်ငံများ အစည်း အဝေး သို့တက်ရောက်မည်ဖြစ်သည်။နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်ရောက်မည်ဟုသိရသည်။ယနေ့ထွက်ခွာသွားသည့်၎င်း၏တရုတ်ခရီးစဉ်ကို စစ်ကောင်စီဒုတိယခေါင်းဆောင်လည်း လေဆိပ်သို့ လိုက်လံနှုတ်ဆက်သည်ကိုတွေ့ရသည်။
စစ်ခေါင်းဆောင်သည် ၂၀၂၂ နောက်ပိုင်း ပထမဆုံးပြည်ပခရီးစဉ်သွားရောက်ခွင့်ရခြင်းဖြစ်ပြီး ၎င်းမရှိချိန် တပ်တွင်းအာဏာသိမ်းမှုဖြစ်လာနိုင်ခြေရှိကြောင်းလည်း နိုင်ငံရေးအသိုင်းအဝိုင်းတွင် မှန်းဆပြောဆိုခြင်းအချို့ရှိနေသည်။