Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်လယ်ထဲ ဒုက္ခကြုံနေတဲ့ အီရန် သင်္ဘောသား နှစ်ယောက်ကို အမေရိကန်ရေတပ် ကယ်ဆယ်

ခါးသီး ပြိုင်ဘက် နိုင်ငံတွေ ဖြစ်ပေမယ့်လည်း အခက်အခဲ ကြုံနေတဲ့ အီရန် သင်္ဘောသား နှစ်ဦးကို ကယ်ဆယ်ခဲ့တယ်လို့ အမေရိကန် ရေတပ်က အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အဲဒီ အီရန်သားတွေဟာ နိုင်ငံတကာ ရေပြင်မှာ အရေးပေါ် အကူအညီ တောင်းခံမှု သတင်းစကားတွေ ထုတ်လွှတ်နေတဲ့နောက် အိုမင် ပင်လယ်ကွေ့မှာ ဖြန့်ကျက်ထားတဲ့ USS Theodore Roosevelt လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ် တပ်ဖွဲ့ (CSG)က ရေတပ်သားတွေ စေလွှတ်ပြီး ကယ်ဆယ်ခဲ့တာလို့ အမေရိကန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီရန် အရပ်သား သင်္ဘောသားနှစ်ဦး ဘယ်လို အခြေအနေကြောင့် အရေးပေါ် အကူအညီ တောင်းခံနေခဲ့သလဲ ဆိုတာနဲ့ သူတို့ကို ဘယ်နေရာမှာ ကယ်ဆယ်ခဲ့သလဲ ဆိုတာတွေကိုတော့ ထုတ်ပြန်ချက်မှာ တိတိကျကျ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၃ ရက်နေ့တုန်းက အမေရိကန် CSGမှာ အခြံအရံအဖြစ် လိုက်ပါလာတဲ့ ဖျက်သင်္ဘော တစ်စီးက စေလွှတ်ပေးတဲ့ ရော်ဘာ လှေတစ်စီး၊ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စီး ပူးပေါင်းပြီး အီရန်သားတွေကို ကယ်တင်ခဲ့ကြောင်း၊ သူတို့ကို အစားအသောက်နဲ့ တခြား အထောက်အပံ့တွေ စီစဉ်ပေးထားကြောင်း အမေရိကန် ရေတပ်က ဆိုပါတယ်။

ဘယ်သူဘယ်ဝါတွေ ဖြစ်ပါစေ၊ ပင်လယ်ပြင်မှာ ဒုက္ခကြုံနေတဲ့ သူတိုင်းကို ကူညီပေးဖို့ ဆိုတာဟာ သူ့ရဲ့ CSGက အမြဲလေ့ကျင့် ပြင်ဆင်ထားတဲ့ ကိစ္စဖြစ်ကြောင်း၊ ဒါဟာ သေချာပေါက် လုပ်သင့်တဲ့ တာဝန်တစ်ခု ဖြစ်သလို အမေရိကန် ရေတပ်ဟာ လိုအပ်လာတဲ့ အခြေအနေတိုင်းမှာ အသင့်ဖြစ်နေတယ် ဆိုတာကို ခိုင်မာသေချာအောင် ပြသရာလည်းရောက်ကြောင်း CSGကို ကွပ်ကဲနေတဲ့ နောက်တန်း သေနာပတိ ခရစ္စတိုဖာ အလက်ဇန္ဒားက ပြောပါတယ်။

အခုကယ်ဆယ်ရေး မစ်ရှင်မှာ ပိုပြီး ပြောစမှတ် တွင်စရာ ဖြစ်ခဲ့တာကတော့ အမေရိကန်ဟာ မဟာမိတ် အစ္စရေးကို အီရန်က တိုက်ခိုက်လာနိုင်ခြေတွေကို ဟန့်တားဖို့ ရည်ရွယ်ပြီး အဲဒီ CSGကို အရှေ့အလယ်ပိုင်း ဒေသမှာ ဖြန့်ကျက်ထားခြင်း ဖြစ်ပါတယ်။ အခုတော့ အီရန်နိုင်ငံသားတွေကို အမှတ်မထင် ကူညီ ကယ်ဆယ်ပေးတဲ့ တာဝန်ကိုပါ တွဲယူလိုက်ရတဲ့ သဘောပါ။ အမေရိကန်ဟာ CSG နှစ်ခုကို အရှေ့အလယ်ပိုင်း ရေပြင်မှာ ဖြန့်ကျက်ထားပါတယ်။

အမေရိကန် ရေတပ် အနေနဲ့ အခုလို ကယ်ဆယ်ထားတဲ့ အီရန် သင်္ဘောသားတွေကို ဘယ်လိုဘယ်ပုံ ဆက်လက် စီမံဆောင်ရွက်မလဲ ဆိုတာကိုတော့ တိတိကျကျ ကြေညာမထားသေးကြောင်းလည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ ကုန်တင်သင်္ဘော တစ်စီးဟာ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို ဝင်ရောက် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းတဲ့ ရေယာဉ်တွေဆီက ရေလမ်းကြောင်း အသုံးပြုခတွေ အီရန်က ကောက်ခံတာမျိုးကို အမေရိကန်က လက်ခံ ခွင့်ပြုမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။