Connect with us

Hi, what are you looking for?

ဆောင်းပါး

စွန့်လွှတ်မှုတွေနဲ့အတူ စွန့်လွှတ်ခံကြရသူများ

လွတ်မြောက်နယ်မြေရောက် ကိုကောင်းမြတ်သူဆီ ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုး နီးစပ်တစ်ယောက်ဆီကနေ သတင်း စကား တစ်ခု ကြားခဲ့ရပါတယ်။ 

ကြားကြားချင်း မြန်မာ့အလင်းသတင်းသတင်းစာကို အင်တာနက်ကနေဝင်ရှာတော့ CDM သမားတစ်ဦးအဖြစ် စတင်ချိန်ကတည်းက အဆက်သွယ်ပြတ်နေတဲ့ မိသားစုဆီက သားအဖြစ်က စွန့်လွှတ်ကြောင်း ကြေညာချက်ကို တွေ့ ရတော့တာပါပဲ။ 

အခုချိန်မှာ တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီတပ်က အာဏာရှင်ဆန့်ကျင်သူတွေကို မတရားဖမ်းဆီး အကျဥ်းချတာအပြင် ကာယကံရှင်တွေ ဖမ်းမမိရင်လည်း မိသားစုတွေကို ဓားစာခံ အဖြစ်ဖမ်းဆီးတာ၊ နေအိမ်နဲ့ ပိုင်ဆိုင်တဲ့ လုပ်ငန်း တွေကို ချိပ်ပိတ်တာတွေ ဆက်တိုက်တိုးမြှင့်လုပ်ဆောင် နေပါတယ်။ 

မိသားစုဝင်တွမှာ ဓားစာခံအဖြစ်ဖမ်းဆီးခံရမယ့်အန္တရာယ်အပြင် မိသားစုပိုင်းပစ္စည်းတွေပါ အဓမ္မသိမ်း ယူခံရတာတွေ ဖြစ်လာ တာကြောင့် သား၊ သမီး၊ မိသားစုဝင်တွေကို သက်ဆိုင်မှုမရှိတော့ကြောင်း အမွေပြတ်စွန့် လွှတ်ကြောင်း လူသိရှင်ကြားကြေညာရတဲ့အထိ ဖြစ်လာရတာလည်းဖြစ်ပါတယ်။ 

Public Service Announcement

Public Service Announcement

အသက် ၂၃ နှစ်အရွယ် CDM မီးသတ်တပ်သား ကိုကောင်းမြတ်သူကလည်း မိသားစုကနေ စွန့်လွှတ်ကြောင်း နေ့စဥ်သတင်းစာတွေထဲ ကြေညာခံရတဲ့ သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ 

အဲဒီလို အမွေပြတ်စွန့်လွှတ်ကြောင်းကြေညာချက်တွေက စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေဖြစ်တဲ့ မြန်မာ့အ လင်း၊ ကြေးမုံတို့တွေမှာ  အောက်တိုဘာလလယ်ကစလို့ တွေ့များလာရပါတယ်။  အောက်တိုဘာတစ်လအတွင်း ကြေညာခံရသူ  ၃၇ ဦးအထိရှိခဲ့ပြီး အမျိုးသား ၃၁ ဦးနဲ့ အမျိုး သမီး ၆ ဦးပါ။ 

ပုံမှန်ဆိုရင် သတင်းစာတွေမှာ အဲဒီလို အမွေဖြတ်စွန့်လွှတ်ကြောင်း ကြော်ငြာမျိုးတွေ မပါတဲ့ ရက်တွေ တောင်ရှိပါတယ်။   အခုကတော့ နေ့တိုင်းလိုလို ကြေညာတာတွေရှိနေပြီး ဒီနိုဝင်ဘာလ ပထမ နှစ်ပတ်အတွင်းမှာကို အောက်တို ဘာတစ်လလုံးစာထက်ကျော်ပြီး ၃၈ ဦးအထိ ရှိပါတယ်။ အများစုက ရန်ကုန်တိုင်းထဲကဖြစ်ပြီး အမျိုးသား ၃၅ ယောက်နဲ့ အမျိုး သမီး ၃ ယောက်ဖြစ်ပါတယ်။ 

အမွေပြတ်ကြေညာခံရသူတွေက နာမည်ကြီးအဆိုတော်၊ သရုပ်ဆောင်တွေအပါအဝင် ဒီချုပ်အစိုးရ တိုင်းဒေသကြီးဝန်ကြီးအပါအဝင် နွေဦးတော်လှန်ရေးမှာပါဝင်လျက်ရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်သူ သာမာ န်ပြည်သူတွေဖြစ်ပါတယ်။  

“ဒီအခြေအနေမှာ သားသမီးကို မလွှဲသာမရှောင်သာ အမွေဖြတ်ရတဲ့ မိဘတွေကို ရင်နာလိုက်တာ” လို့ အခက်အခဲနဲ့ ဖိအားတွေရင်ဆိုင်နေရတဲ့ မိတ်ဆွေက သားကိုအမွေပြတ်စွန့်လွှတ်ဖို့ လာတိုင်ပင်တဲ့ အခြအနေတစ်ခုကို ရှေ့နေကြီး ဦးခင်မောင်ဇော်က သူ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ ရေးသားထားပါသေးတယ်။ 

CDM စပါခဲ့ကတည်းက မိသားစုနဲ့အဆက်သွယ်ဖြတ်ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ခဲ့ပေမယ့် သူထွက်ပြေး တိမ်းရှောင်နေချိန်မှာ အဖေ၊ အမေနဲ့ ညီအလတ်တို့ တစ်လကျော်ကြာ ဖမ်းဆီးခံရတဲ့အထိ မိသားစုအပေါ် ရိုက်ခတ်မှုတွေရှိတယ်လို့ ကိုကောင်းမြတ်သူက ပြောပါတယ်။ 

“ မိသားစုက ကျွန်တော့အလုပ်နဲ့ ဆက်နွယ်မှုမရှိပါဘူး။ သူတို့ဘာကြောင့် ခုလို ဖမ်းဆီးခံရတယ်ဆိုတာလည်း မသိဘူး။ နောက်ကျတော့ မိသားစုက ကျွန်တော်က သူတို့ဆုံးမစကားနားမထောင်ဘူး။ နိုင်ငံရေးလုပ်တယ်။ ဒါတွေသူတို့လက်မခံနိုင်ဘူးဆိုပြီး အောက်တိုဘာ ၃၀ ရက်မှာ အမွေပြတ် ကြေညာခဲ့တာဖြစ်ပါတယ်”  လို့ သူက ပြောပါတယ်။

ကိုကောင်းမြတ်သူလိုပဲ ပြီးခဲ့တဲ့ရက်ပိုင်းကမှ မိခင်ရဲ့ အမွေပြတ်ကြေညာခံခဲ့ရတဲ့ အသက် ၂၈ နှစ်အရွယ် ကိုဖြိုးလေးကတော့ နွေဦးတော်လှန်ရေးရဲဘော်တစ်ဦးဖြစ်ပါတယ်။ 

မြို့​ပေါ်ဆနပြပွဲ​တွေတုန်းကသပိတ်​ခေါင်း​ဆောင်တစ်ဦးဖြစ်ခဲ့ပြီးအခု​တော့ PDF တပ်သားတစ်ဦးဖြစ်တဲ့ ကိုဖြိုးလေး တိမ်းရှောင်နေရချိန်မှာ သူ့ကိုပြန်လာခိုင်းဖို့ မိခင်ဖြစ်သူကို ​ခေါ်ယူစစ်​​မေး မြန်းခံရ တာရှိခဲ့တယ်လို့ ဆိုပါတယ်။ 

” အခုလို မေမေတို့ လုပ်လိုက်တာ စိတ်ထဲမကောင်းဘူး။ နောက်​နောင် ပတ်သက်ခွင့်မရှိတော့ ကျနော်မှာ ခေါ်စရာ အမေ၊ ပွေ့ဖတ်စရာ မိသားစု၊ ပြန်ရမဲ့ အိမ် ဘယ်မှာလဲ”လို့ ကိုဖြိုးလေးက ပြောပါတယ်။ 

သူ့လိုကြုံလာမယ့် ​တော်လှန်​ရေးရဲ​ဘော်​တွေကိုလည်း ကိုဖြိုးလေးက အခုလိုတိုက်တွန်းအားပေးထား ပါသေးတယ်။ 

“ကျနော်လို ဖြစ်လာခဲ့ရင်လဲ အားငယ်စရာမဟုတ်ပါဘူး။ ကိုယ်လျှောက်မယ့်လမ်းကို ဆုံးအောင်လျှောက်ပါ။ ဓမ္မနဲ့ အဓမ္မမှာ ဓမ္မကပဲ အောင်ရမယ်လို့ အားပေးစကားပြောလိုပါတယ်” လို့ ကိုဖြိုးလေးက ပြော ပါတယ်။ 

အခုနောက်ပိုင်းမှာတော့ ကာယကံရှင်တွေမတွေ့လို့ မိသားစုတွေကို ဖမ်းဆီးတာ၊ စစ်ဆေးမေးမြန်းတာတွေအပြင် မိသားစုပိုင် အိမ်နဲ့ လုပ်ငန်းတွေကိုပါ ချိတ်ပိတ်အဓမ္မသိမ်းယူတာတွေကို စစ်ကောင်စီက ပေါ်ပေါ်ထင်ထင်လုပ်လာ ခဲ့ပါတယ်။ 

ချိတ်ပိတ်ခံရတဲ့အထဲ NUG အစိုးရရဲ့ ဖက်ဒရယ်ဝန်ကြီးဒေါက်တာ လျန်မှုန်းဆာခေါင်းရဲ့ ချင်းပြည်နယ်ဟားခါးမြို့ က နေအိမ်ပါသလို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီရဲ့ အိမ်လည်းပါပါတယ်။ 

NUG ၊ CRPH၊ PDF စတဲ့ အဖွဲ့အစည်းတွေနဲ့ပတ်သက်သူတွေလို့ စွပ်စွဲခံရသူတွေတင်မဟုတ်ဘဲ အာဏာရှင် ဆန့်ကျင်ရေးမှာ ပုံစံမျိုးစုံနဲ့ပါဝင်သူတွေကို လူဖမ်းဆီးယုံတင်မဟုတ်ဘဲ နေအိမ်၊ မိသားစုပိုင်ပစ္စည်းနဲ့ လုပ်ငန်းတွေ ချိတ်ပိတ်သိမ်းယူခံနေရတာဖြစ်ပါတယ်။ 

သင်္ဃန်းကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် ကိုဇင်မင်းထက်ဆိုရင်  နေအိမ် ချိပ်ပိတ်ခံခဲ့ရပြီး အတူနေတဲ့ အမဖြစ်သူလည်း ဖမ်းဆီးခံရမှာ စိုးလို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ချိတ်ပိတ်ခံလိုက်ရတဲ့အခန်းမှာ မောင်နှမနှစ်ဦးတည်းနေထိုင်တာဖြစ်ပြီး အခန်းကလည်းမောင်နှမနှစ်ယောက်ဝယ် ထားတဲ့ တိုက်ခန်းဖြစ်ပါတယ်။ မောင်ဖြစ်သူတိမ်းရှောင်နေချိန်မှာ အမကလည်း အိမ်မှာမနေရဲလို့ ရှောင်နေတုန်း အိမ်ချိတ်ပိတ်ခံခဲ့ရတာဖြစ်ပါတယ်။ 

“တိုက်ခန်းကိစ္စကို အစ်မဖြစ်သူက အမွေပြတ်ကြေညာပြီး တရားရုံးက ထုချေဖို့ရှေ့နေက အကြံပြုတာရှိပါတယ်။ ဒါပေမယ့် လောလာဆယ် အစ်မလုပ်သူလည်း ပြေးနေရတော့ အဲဒါတွေမလုပ်နိုင်သေးပါဘူး။ ကလေးကလည်း ဘယ်မှာဖမ်းခံထားရတယ်ဆိုတာကို ခုထိစုံစမ်းမရသေးဘူး”  လို့ မိသား စုရင်ဆိုင်နေရတဲ့ အခြေအနေကို ကိုဇင်မင်းထက်ရဲ့ အစ်ကိုတစ်ဝမ်းကွဲက ရှင်းပြပါတယ်။ 

ဒီလိုစစ်ကောင်စီက ချိတ်ပိတ်တာတွေလုပ်နေတာဟာ ဥပဒေနဲ့ညီညွှတ်မှုမရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦး သက်နောင်က ပြောပါတယ်။ 

“အခုတွေ့နေတာတွေက တရားရုံးကနေနေပြီးတော့ ချိတ်ပိတ်တာမဟုတ်ဘဲနဲ့ တခြားအဖွဲ့အစည်းကနေ စာတွေကပ်တယ်၊ ချိတ်ပိတ် ဆိုတဲ့ အသုံးအနှုန်းတွေသုံးတယ်ဆိုတာကတော့ ဥပဒေနဲ့ညီညွှတ်မှုမရှိဘူး။ အပြစ်တစ်စုံတစ်ရာချထားတာမရှိဘဲနဲ့ ဘယ်သူကမှ ချိတ်ပိတ်ပိုင်ခွင့်မရှိဘူး။ ချိတ်ပိတ်တယ်ဆိုတဲ့လုပ်ငန်း ကိုလည်း တရားရုံးကနေပဲလုပ်ရတယ်” လို့ ဦးသက်နောင်က ပြောပါတယ်။ 

လူတစ်ယောက်ကို အမှုဖွင့် အကြမ်းဖက်ဥပဒေပုဒ်မတစ်ခုခုနဲ့တရားစွဲလိုက်ရင် အဲဒီလူပုဂ္ဂိုလ်က အကြမ်းဖက်နဲ့ ပတ်သက်တယ်၊ မပတ်သက်ဘူးဆိုတာကို တရားရုံးက အမိန့်ချပြီးမှသာ ဒီပစ္စည်းဟာအကြမ်းဖက်အဖွဲ့အ စည်းကိုထောက်ပံ့တဲ့ပစ္စည်းဖြစ်တယ်ဆိုပြီးချိတ်ပိတ်နိုင်တာဖြစ်တယ်လို့ ဦးသက်နောင်က ဆက်ပြီးရှင်းပြ ပါတယ်။ 

ဥပဒေနဲ့မညီညွတ်ဘူးဆိုပေမယ့်လည်း စစ်ကောင်စီက နေအိမ်တွေကို ချိတ်ပိတ်ရာမှာ မိသားစုဝင်တွေအိမ်ကနေ ချက်ချင်းပြောင်းရွှေ့ဖို့ သေနတ်နဲ့ချိန်ပြီး အဓမ္မနှင်ချတာမျိုးအထိ အရာတော်မြို့နယ် ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌရဲ့ မိသားစု တွေကြုံခဲ့ရပါတယ်။ 

ကာယကံရှင်တွေတင်မဟုတ်ဘဲ ဒီလိုမျိုး မိသားစုတွေကိုပါ တရားမဲ့ပြုကျင့်တာတွေများလာတဲ့အတွက် မိသား စုဝင်တွေမှာ ဘက်ပေါင်းစုံက ဆုံးရှုံးမှုနဲ့ ဖိအားတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

“ ခံစားချက်ကတော့ ရှင်းပါတယ်။ မိသားစုတွေနဲ့ သေကွဲကွဲခဲ့ရတဲ့ သူရဲကောင်းတွေစာရင် ကျွန့်တော်ဆုံးရှုံးမှုက အသေးအဖွဲပါ။ ဒီကိစ္စအတွက်တော့ ကျွန်တော်လုပ်နေတဲ့ တော်လှန်ရေးက ရပ်တန့်သွားမှာမဟုတ်ပါဘူး” လို့ ကိုကောင်းမြတ်သူက တည်ကြည်ပြတ်သားစွာ ပြောပါတယ်။ 

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ