Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ကလေးကစားစရာ ဝယ်သလို လက်နက် လျှောက်ဝယ်နေတဲ့ မြန်မာစစ်တပ်

မြန်မာစစ်တပ်ဟာ တင့်ကားတွေ၊ အကြီးစား သံချပ်ကာယာဉ်တွေ တော်တော်များများလည်း စုဆောင်းထားပြန်ပါတယ်။ တကယ်တော့ တောတောင်တွေထဲမှာ အခြေစိုက် လှုပ်ရှားလေ့ရှိတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို ရင်ဆိုင်ဖို့အတွက်ဆိုရင် ဒီယာဉ်တွေရဲ့ အသုံးဝင်နိုင်မှုက တော်တော်လေး နည်းပါတယ်။ လက်နက်တွေကို ကလေးတစ်ယောက် အရုပ်ဝယ်သလို လျှောက်ဝယ်နေတဲ့ ကိစ္စမှာ စစ်ဘက် အရာရှိ တချို့ရဲ့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ် ကဏ္ဍတွေလည်း ဆက်စပ် ပါဝင်နေပါတယ်။

၇၂ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမြင်ကွင်းတစ်ခု (ဓာတ်ပုံ - Reuters)

ကုန်းတွင်းပိုင်း ဒေသတွေမှာ ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ နိုင်ငံတစ်ခုရဲ့ စစ်တပ်က နောက်ဆုံးရာ စစ်လက်နက်အဖြစ် ရေငုပ်သင်္ဘောတွေကို ရွေးချယ်လိုက်တယ် ဆိုတာက လိုချင်တာလား၊ လိုအပ်တာလား ဆိုတဲ့အပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာစေပါတယ်။

ဒါပေမဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေကတော့ တကယ်ပဲ ဒီဇယ်လျှပ်စစ် စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြတယ်။ တစ်စီးတည်း မဟုတ်ပါဘူး။ နှစ်စီးတောင်ပါ။ ဒီဆုံးဖြတ်ချက်ဟာ စစ်တပ်ရဲ့ သံတမန်ရေး မူဝါဒ၊ လက်အောက် ငယ်သားတွေကို သစ္စာ မြဲမြံစေလိုမှု၊ စိတ်ဖြေသိမ့်မှုနဲ့ ရေငုပ်သင်္ဘော ပိုင်ပါတယ်ဆိုပြီး ဂုဏ်ဆာချင်စိတ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ မတ်လတုန်းက အိန္ဒိယဟာ မြန်မာနိုင်ငံကို ဆိုဗီယက်ခေတ် လက်ကျန် Kiloအဆင့် ရေငုပ်သင်္ဘော တစ်စီး လက်လွှဲပေးလိုက်ပါတယ်။ အဲဒီနှစ်၊ အောက်တိုဘာလက စစ်ရေးလေ့ကျင့်မှု တစ်ခုမှာ တန်ချိန် ၃၀၀၀ အလေးချိန်ရှိတဲ့ အဲဒီ ရေငုပ်သင်္ဘောကို မြန်မာရေတပ်က ထုတ်ပြခဲ့ပါတယ်။ ဒီရေငုပ်သင်္ဘောဟာ ဘင်္ဂလား ပင်လယ်အော်က ရေတပ် စခန်း တစ်ခုခုမှာ အခြေစိုက်မယ်လို့ ခန့်မှန်းရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် (ဓာတ်ပုံ – Reuters)

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလကျတော့ မြန်မာဟာ တရုတ်ဆီကနေ ပေးပို့လိုက်တဲ့ တန်ချိန် ၂၁၀၀ Type-035 Mingအဆင့် ရေငုပ်သင်္ဘော တစ်စီးကို လက်ခံ ရရှိခဲ့ပြန်ပါတယ်။ ဒီတိုက်ခိုက်ရေး ရေယာဉ်ကို မြန်မာ့ ရေတပ်ရဲ့ Type 5 စစ်သင်္ဘော တစ်စီးက ခြံရံ စောင့်ရှောက်ပြီး ရန်ကုန်မြစ်ထဲ ဝင်ရောက်လာတဲ့ ပုံရိပ်တွေကို လူမှုကွန်ရက် မီဒီယာတွေမှာ တွေ့မြင်ခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

စစ်လက်နက် တိုးမြှင့် တပ်ဆင်မှုအတွက် ရေငုပ်သင်္ဘောတွေကို ရွေးချယ်ခဲ့တယ်ဆိုတဲ့ ရှုထောင့် အမြင်မျိုးက မဟာဗျူဟာ စံနှုန်း တန်ဖိုးတွေအတွက် တကယ်တမ်း အရေးပါသလား ဆိုတာကတော့ အငြင်းပွားစရာတွေ ဖြစ်နေမှာပါ။ အိန္ဒိယ အနေနဲ့ကတော့ ရေငုပ်သင်္ဘောတစ်စီး လွှဲပေးလိုက်ခြင်းက မြန်မာအပေါ် တရုတ်ရဲ့ ဩဇာ လွှမ်းမိုးမှုတွေကို တန်ပြန်နိုင်မယ့် လုပ်ဆောင်မှု တစ်ခုလို့ မျှော်လင့်ပါလိမ့်မယ်။ အရှေ့ဖက်က အိမ်နီးချင်း နိုင်ငံအပေါ် တရုတ်က လွှမ်းမိုး ချုပ်ကိုင်လာခြင်းဟာ အိန္ဒိယရဲ့ လုံခြုံရေး မူဝါဒတွေ အတွက်တော့ အတော်လေး စိတ်ပူစရာ ဖြစ်နေပါတယ်။

၂၀၁၃ လောက်ကစလို့ အိန္ဒိယဟာ မြန်မာ စစ်တပ်အတွက် လက်နက်ကြီး အမြောက်တွေ၊ ရေဒါတွေ၊ ညကြည့် တိုက်ပွဲဝင် ကိရိယာတွေ အပါအဝင် စစ်သုံးပစ္စည်းတွေ တော်တော်များများ တင်ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးခင် နှစ်ပိုင်းတွေမှာတော့ အိန္ဒိယ အဓိက ထားလာတာက မြန်မာနဲ့ ရေတပ်ချင်း ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ရေး ဖြစ်လာပါတယ်။ ဒါကလည်း အိန္ဒိယ သမုဒ္ဒရာဖက်မှာ တရုတ်က ဩဇာ ဖြန့်ကျက်လာတာကို တုံ့ပြန် တားဆီးဖို့ အတွက်ပါ။

တစ်ချိန်တည်းမှာပဲ တရုတ်ကလည်း မြန်မာရဲ့ အဓိက အကျဆုံး စစ်ရေး မဟာမိတ်၊ အကြီးဆုံး လက်နက် ထောက်ပံ့သူဆိုတဲ့ ဂုဏ်ပုဒ်တွေကို ဆက်ထိန်းဖို့ အားထုတ်နေပါတယ်။ တရုတ်က ထောက်ပံ့ပေးတဲ့ လက်နက်တွေထဲမှာ ရေတပ်နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ မြန်မာ ရေတပ်ဟာ တရုတ်က ထုတ်လုပ်တဲ့ C-802 သင်္ဘောဖျက် ဒုံးတွေနဲ့ လက်နက် တပ်ဆင်ထားသလို လေတပ်ကလည်း Chengdu JF-17 Thunder တိုက်လေယာဉ်တွေ၊ Shaanxi Y-8 သယ်ယူပို့ဆောင်ရေး လေယာဉ်တွေလိုမျိုး တရုတ် ပြည်တွင်းဖြစ် လေယာဉ်တွေကို သုံးစွဲနေပါတယ်။

နောက်ထပ် ရေငုပ်သင်္ဘော တစ်စီးပါ လက်လွှဲပေးလိုက်တယ် ဆိုတာက တရုတ်ဟာ မြန်မာ စစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို တရုတ်က ဆက်လက် တည်ဆောက် ထိန်းသိမ်းထားလိုတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ဒီကစားပွဲမှာ အိန္ဒိယနဲ့ တရုတ်တို့တင် မကဘဲ ရုရှားကလည်း ပါဝင်လာပြန်ပါတယ်။ မီဒီယာတွေမှာ ဖော်ပြမှုအရ ဇန်နဝါရီ ၂၃ ရက်မှာ ရုရှားလုပ် တင့်ကားတွေနဲ့ တခြား စစ်ဖက် အသုံးအဆောင်တွေကို အာဏာသိမ်း မြန်မာစစ်တပ်ဆီ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

မြန်မာ ဗိုလ်ချုပ်တွေဖက်ကို ပြန်ကြည့်တော့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ ထိပ်တန်း အရာရှိတွေကို လက်အောက်ငယ်သား အရာရှိတွေက ဆက်ပြီး သစ္စာ စောင့်သိနေတာ သေချာအောင် လုပ်ဖို့ လိုနေပါတယ်။ တပ်သားတွေက သူတို့ အမှုထမ်းနေတဲ့ စစ်တပ်ဟာ (တကယ် မဟုတ်ရင်တောင်မှ) စနစ်တကျ လက်နက် တပ်ဆင်ထားတဲ့ ကမ္ဘာ့အဆင့်မီ တပ်မတော်ကြီး တစ်ခုအဖြစ် မြင်နေအောင် အပေါ်ယံ ခြယ်သပြထားဖို့ အရေးကြီးပါတယ်။

အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသော ပြည်သူများကို အကြမ်းဖက်နှိမ်နင်းရန်ရောက်ရှိလာသော အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – Reuters)

ပြီးတော့ မြန်မာစစ်တပ်ဟာ တင့်ကားတွေ၊ အကြီးစား သံချပ်ကာယာဉ်တွေ တော်တော်များများလည်း စုဆောင်းထားပြန်ပါတယ်။ တကယ်တော့ တောတောင်တွေထဲမှာ အခြေစိုက် လှုပ်ရှားလေ့ရှိတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို ရင်ဆိုင်ဖို့အတွက်ဆိုရင် ဒီယာဉ်တွေရဲ့ အသုံးဝင်နိုင်မှုက တော်တော်လေး နည်းပါတယ်။ လက်နက်တွေကို ကလေးတစ်ယောက် အရုပ်ဝယ်သလို လျှောက်ဝယ်နေတဲ့ ကိစ္စမှာ စစ်ဘက် အရာရှိ တချို့ရဲ့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ် ကဏ္ဍတွေလည်း ဆက်စပ် ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းလိုက်တဲ့ ဖြစ်စဉ် နောက်ပိုင်းမှာ ဒီအပိုင်းက ပိုလို့တောင် အရေးကြီးလာနိုင်ပါတယ်။

စစ်လက်နက် အကြီးစား ဝယ်ယူမှုတွေဟာ အာဏာသိမ်းမှုအပြီး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ကဏ္ဍမှာ ဆိုးဆိုးရွားရွား အထိနာနေတဲ့အချိန်၊ နှစ်အလိုက် စီးပွားရေး ဖွံ့ဖြိုးမှု စံနှုန်းတွေက ၁၈ ရာခိုင်နှုန်းလောက် အနုတ်ပြသွားတဲ့ အချိန်မျိုးမှာ အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေက စီးပွားရေး နာလန် ပြန်ထူစေဖို့ထက် သူတို့လက်ထဲက အာဏာ မြဲမြံဖို့၊ လက်အောက်ခံ တပ်တွေဆီက သစ္စာ စောင့်သိမှုကို ဆက်ပြီး ထိန်းချုပ်ထားစေဖို့ပဲ အလေးထားပါတယ်။ လက်နက်တွေ ဝယ်ပြနေတာဟာ ဒီရည်မှန်းချက်တွေကို အထမြောက်စေလိမ့်မယ်လို့ သူတို့က ယုံကြည်နေပါတယ်။

ဆယ်စုနှစ် အတော်များများအတွင်းမှာ မြန်မာစစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ရှေ့တန်းမှာ တိုက်နေရတာမျိုးတင် မကဘဲ မြို့ပြဧရိယာ တချို့မှာပါ လက်နက်ကိုင် တော်လှန်ရေးတွေ အားကောင်းလာတာကိုပါ ပထမဆုံးအကြိမ် ကြုံတွေ့နေရပါတယ်။ ပုံမှန်ဆိုရင် နိုင်ငံ အလယ်ပိုင်း နယ်မြေအများစု ငြိမ်ငြိမ်သက်သက် ရှိခဲ့ကြပါတယ်။ ဒါ့အပြင် စစ်သားနဲ့ ရဲတွေ ထွက်ပြေးကြပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တွေဆီ ကူးပြောင်း ခိုလှုံသွားတဲ့ ကိစ္စတွေလည်း ဖြစ်နေလာခဲ့ပါတယ်။

PDFတွေက ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာတော့ အာဏာသိမ်းမှု ပြီးကတည်းက စစ်ကောင်စီ လက်အောက်ခံ တပ်သား ၈၀၀၀ လောက်အထိကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းတွေက တဆိတ် ချဲ့ကားထားတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမှီအခိုကင်းတဲ့ လေ့လာစောင့်ကြည့်သူတွေ ကိုယ်တိုင်က ပြည်တွင်းစစ် ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ မြန်မာစစ်တပ်ဟာ ထင်မှတ် မထားလောက်အောင် အဆုံးအရှုံးတွေ ကြီးကြီးမားမား ကြုံနေရတယ် ဆိုတာကို သဘောတူ လက်ခံထားကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ – Reuters)

တစ်ချိန်တည်းမှာပဲ လူထုရဲ့ ထိခိုက် နာကျင်ရမှုတွေကလည်း တရိပ်ရိပ် တိုးပွားလာခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီနဲ့ ဒုက္ခသည်များ ကော်မတီတို့ရဲ့ ဇန်နဝါရီ ၄ ရက် ပူးတွဲ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁၃၅၀၀၀ ကျော်လောက် နေရပ် စွန့်ခွာ ထွက်ပြေးရကြောင်း ဖော်ပြထားပါတယ်။ မကြာသေးခင်က ကရင်နဲ့ ကယားပြည်နယ်တွေမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာခြင်းနဲ့အတူ အဲဒီ ကိန်းဂဏန်းဟာ နှစ်ဆလောက်ထိတောင် မြင့်တက်နေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် တိုက်ပွဲ နယ်မြေတွေမှာ လူနေ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာ၊ ဘာသာရေး အဆောက်အုံတွေထဲ ဝင်ရောက် လုယက်တာ၊ စိတ်ထင်ရာ ဖမ်းဆီးတာ၊ လိင်အကြမ်းဖက်တာ၊ အဓမ္မ ခိုင်းစေတာ၊ ညှင်းပန်း နှိပ်စက်တာ၊ သတ်ဖြတ်တာမျိုး ပြစ်မှုပေါင်းစုံကိုပါ ကျူးလွန်နေကြကြောင်း ကုလသမဂ္ဂ အေဂျင်စီတွေက ဆိုပါတယ်။ ဒီလုပ်ရပ်တွေက တပ်ထဲက အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေကို စိတ်ပိုင်းဆိုင်ရာအရ သက်ရောက်မှု လုံးဝ မရှိနိုင်ဘူးလို့ ယူဆဖို့ ခက်ပါတယ်။ အထူးသဖြင့် တပ်ထဲမှာ လူများစုဖြစ်တဲ့ ဗမာလူမျိုးတွေ နေထိုင်ရာ ဒေသတွေမှာပါ ဒီလို လုပ်ရပ်တွေကို စစ်တပ်က ကျူးလွန်နေတဲ့အတွက် စိတ်ဓာတ်ရေးရာ ရိုက်ခတ်မှုတွေ ရှိနေနိုင်ပါတယ်။

အတိတ်တုန်းကတော့ စစ်တပ်ဟာ ထုတ်ပြောဖို့ ပါးစပ်မရဲလောက်အောင် ကြမ်းကြုတ် ရက်စက်မှုတွေ ကျူးလွန်လေ့ ရှိတယ် ဆိုရင်တောင်မှာ တိုင်းရင်းသား နယ်မြေတွေမှာသာ လုပ်ဆောင်ခဲ့တာပါ။ နောက်တစ်ချက် အရင်တုန်းက စစ်တပ်ဟာ လက်နက် တပ်ဆင်မှု အပိုင်းမှာ အားနည်းတယ် ဆိုရင်တောင် တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး အရမ်း ထက်မြက်တဲ့ ချေမှုန်းရေး ခြေလျင်တပ်တွေအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။

ခြေလျင် တပ်ဖွဲ့တွေဟာ နိုင်ငံအနှံ့မှာ တိုက်ပွဲပေါင်းစုံ ဆင်နွှဲနေခဲ့ရတာ ဖြစ်ပါတယ်။ နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသမှာ ကွန်မြူနစ် ပုန်ကန်သူတွေ၊ ထိုင်းနဲ့ နယ်စပ်မှာ ကရင် လက်နက်ကိုင် တပ်တွေ၊ မြောက်ပိုင်းမှာ ကချင် တိုင်းရင်းသား တပ်တွေအပြင် တိုင်းရင်းသား နယ်မြေတွေမှာ လက်နက်ကိုင် တော်လှန်မှု ပေါင်းစုံကို ရင်ဆိုင် တိုက်ခဲ့ရတဲ့ စစ်ရေး အတွေ့အကြုံမျိုးတွေ မြန်မာ စစ်သားတွေက ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီရေး လှုပ်ရှားမှု ပေါ်ပေါက်လာပြီးတဲ့ အခါမှာတော့ အခြေအနေ အရပ်ရပ်က ပြောင်းလဲသွားပါတော့တယ်။ တပ်မတော်လို့ ခေါ်တဲ့ မြန်မာစစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းမှာ အဲဒီတုန်းက အဓိက စိုးရိမ်ခဲ့တဲ့ ကိစ္စက မျက်မှောက်ကာလနဲ့ အတော်လေး ဆင်တူပါတယ်။ အဲဒါကတော့ အရင်မျိုးဆက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေဖက်ကို စစ်သားတွေ ဘက်ပြောင်း ခိုလှုံသွားမှာကိုပါပဲ။ ၁၉၈၈ အရေးအခင်းဟာ မြန်မာနိုင်ငံမှာ စစ်တပ် ကြီးစိုးမှုကို အဆုံးသတ်သွားမလားလို့ ယူဆရလောက်အောင် အင်အားကြီးမားတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့တာပါ။

အခုလိုပဲ အဲဒီတုန်းကလည်း တပ်မတော်ထဲမှာ အက်ကြောင်းတွေ ထင်ထင်ရှားရှား ပေါ်လာတော့မှာကို တားဆီးဖို့ ဗိုလ်ချုပ်တွေက ကြိုးစားပါတော့တယ်။ အနည်းဆုံးတော့ တပ်ထဲက အရာရှိတွေ စိတ်ကျေနပ်နေအောင် နှစ်သိမ့်ဖို့ နည်းလမ်းတွေ သုံးလာတယ်။ ၁၉၈၉ ကစလို့ တပ်မတော်ဟာ ပိုပြီး ခေတ်မီတဲ့၊ ဆန်းသစ်တဲ့ လက်နက်တွေ ဝယ်ယူဖို့ ဒေါ်လာ တစ်ဘီလီယံကျော်လောက် သုံးစွဲခဲ့ပါတယ်။

တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတစ်ခုတွင် ချီတက်လာသော တင့်ကားများ (ဓာတ်ပုံ- Reuters)

မြန်မာစစ်တပ်ဟာ လက်နက်အသစ် အများစုကို တရုတ်ကနေ ဝယ်ယူခဲ့ပြီး စင်ကာပူ၊ ပါကစ္စတန်နဲ့ အစ္စရေးတို့ဆီက တင်သွင်းတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီ အချိန်တွေ ကတည်းက မြန်မာ စစ်တပ်ဟာ အမှန်တကယ် လိုအပ်တာ မဟုတ်ဘဲ ကိန်းကြီးခန်းကြီးနိုင်ရုံ စစ်လက်နက်တွေ လျှောက်ဝယ်ပါတော့တယ်။ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအတွက် အမှန်တကယ် လိုအပ်တာမျိုး မရှိလှတဲ့ ဒုံးကျည်စနစ်တွေ၊ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ၊ ကင်းလှည့် ရေယာဉ်တွေနဲ့ ရေဒါစနစ် မျိုးစုံကို လျှောက်ဝယ်ပါတော့တယ်။

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ ကိုယ်ပိုင် လက်နက် ထုတ်လုပ်ရေး စက်ရုံတွေကလည်း လေးလံပြီး ခေတ်နောက်ကျနေတဲ့ ဂျာမန်ဒီဇိုင်း G-3 ရိုင်ဖယ် အဟောင်းတွေ နေရာမှာ အစားထိုးဖို့ ချေမှုန်းရေး ရိုင်ဖယ် အသစ်တွေ စတင် ထုတ်လုပ်ခဲ့ပါတယ်။ တပ်သားတွေက ပိုပြီးသစ်လွင်တဲ့၊ စမတ်ကျတဲ့ ယူနီဖောင်းတွေ ရလာကြတယ်။၏

နောက်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးမှုတွေ အကောင်အထည် ဖော်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ဟာ သိသိသာသာ အင်အားချဲ့ထွင် ဖွဲ့စည်းလာပါတော့တယ်။ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ် သုံးရပ်ပေါင်း အင်အားဟာ ၁၉၈၈ မတိုင်ခင်က ၁၉၅၀၀၀ ထက် မပိုခဲ့ပါဘူး။ အဲဒီ အင်အားမှာ ရာခိုင်နှုန်း အများစုက ကြည်းတပ်ထဲမှာ စုပြုံနေပြီး ရေတပ်နဲ့ လေတပ်ကတော့ အတော်လေး နည်းပါးသလို သိပ်ပြီး လောက်လောက်လားလား မဟုတ်ခဲ့ဘူးလို့ ယူဆမှုတွေတောင် ရှိခဲ့ပါတယ်။

လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနရဲ့ စစ်တမ်းအရ အခုအခါမှာတော့ ကြည်းတပ် အမှုထမ်း ၅၀၇၀၀၀၊ လေတပ်မှာ ၂၃၀၀၀ နဲ့ ရေတပ်မှာ ၁၉၀၀၀ လောက် ရှိနေပြီလို့ ခန့်မှန်းရပါတယ်။ စစ်တပ် တစ်ခုလုံးရဲ့ အင်အားက အရေအတွက် ၅၄၉၀၀၀ လောက်ထိ များပြားလာတယ်ဆိုတဲ့ သဘောပါပဲ။

ဒါပေမဲ့ ဒီခန့်မှန်း တွက်ဆမှုဟာ ရှိရင်းစွဲ ကိန်းဂဏန်းတွေထက် အများကြီး ပိုနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်ထဲမှာ တပ်ရင်း၊ တပ်မ အများအပြားက သတ်မှတ် အရေအတွက် မပြည့်မီဘဲ တပ်ရင်းမှူး၊ တပ်မမှူးတွေက တင်ထားတဲ့ စာရင်းအင်းတွေသာ ရှိနေတယ်ဆိုတာ လူသိရှင်ကြား ကိစ္စပါပဲ။ စစ်တပ်ရဲ့ တကယ့် ဖွဲ့စည်းပုံ အင်အားဟာ အဲဒီပမာဏရဲ့ ထက်ဝက်လောက်ထိ နည်းပါးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ၁၉၈၈ နဲ့ ယှဉ်ရင်တော့ ပိုတိုးပွားလာတာ သေချာပါတယ်။

နောက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေ ယူခဲ့ရာမှာ တချို့ သဘောတူညီမှုတွေက ဆယ်စုနှစ် နှစ်ခုလောက်ထိ ကြာမြင့်လာခဲ့ပါတယ်။ ဒီတော့ စစ်တပ်မှာ တပ်သားတွေရဲ့ စစ်ရေး အတွေ့အကြုံက အကန့်အသတ် အရမ်းကြီးသွားတယ်။ စစ်သားတွေက ရှေ့တန်းမှာ စစ်တိုက်ရတာထက် စစ်တိုက်ဖို့ထက် ယူနီဖောင်း ကျော့ကျော့မော့မော့နဲ့ သေနတ်တွေ ကိုင်ပြီး စစ်ချီ ဟန်ရေးပြ ချီတက်တဲ့ နေရာမှာ ပိုတော်နေကြတယ်လို့ အတွင်းလူတွေက ပြောပါတယ်။

ဒါ့အပြင် ၁၉၈၈ ခုနှစ်၊ အရေးအခင်းကို ဖြိုခွင်းပြီးတဲ့နောက် စျေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာချိန်မှာ တပ်မတော် အရာရှိတွေအတွက် ကိုယ်ကျိုးရှာဖို့ အခွင့်အလမ်းတွေ ထွက်ပေါ်လာစေပါတယ်။ စစ်တပ် အရာရှိတွေဟာ လာဘ်ယူဖို့၊ ခရိုနီတွေနဲ့ ပေါင်းပြီး စီးပွားရေး လုပ်ဖို့ပဲ စိတ်ဝင်စားကြတော့ကြောင်း၊ စစ်တိုက်ဖို့ ဆန္ဒမရှိကြတော့ကြောင်း၊ တပ်ထဲ ဝင်လိုက်တယ် ဆိုရင်ကိုပဲ ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ ဖြစ်လာကြောင်း မြန်မာနိုင်ငံက လူမှုကွန်ရက် သုံးစွဲသူ တစ်ဦးက မှတ်ချက်ပြု ရေးသားထားပါတယ်။

နောက်ပြီး တပ်မတော်ရဲ့ အငြိမ်းစား အရာရှိဟောင်း တစ်ဦးကလည်း အာဏာသိမ်းမှု မတိုင်ခင်တုန်းက လက်ရှိ စစ်တပ် အနေအထားနဲ့ ပတ်သက်လို့ သူ့အမြင်ကို Asia Timesဆီ ပြောပြဖူးပါတယ်။ သူတို့ ခေတ်တုန်းက ဗိုလ်မှူးကြီး အဆင့်ရှိတဲ့ သူကိုယ်တိုင်တောင်မှ ကြက်တောင်လေးရိုက်၊ အာမီရမ်လေး သောက်ရတာကို ဇိမ်အကျဆုံးလို့ ခံစားခဲ့ရကြောင်း၊ ဒီနေ့ခေတ်မှာတော့ ဗိုလ်ကြီးအဆင့်၊ သာမန် ဗိုလ်အဆင့်တွေတောင် ကားတစ်စီးထက်မက ဝယ်စီးကြ၊ ဂေါက်ကလပ်တွေ သွားကြ၊ မယားငယ်တွေ နှစ်ယောက်ထက်မနည်း ပိုယူကြနဲ့ ဇာတ်လမ်းတွေ ရှုပ်နေပြီး စစ်တိုက်တာက သူတို့အလုပ် မဟုတ်သလို သဘောထားနေကြောင်း အဲဒီ အငြိမ်းစား အရာရှိက ဆိုပါတယ်။

Public Service Announcement

အသစ်ပြောင်းလဲလာတဲ့ တပ်မတော်ဟာ အခုတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ စစ်မျက်နှာ မျိုးစုံဖွင့်ပြီး တိုက်နေရပါပြီ။ အဲဒီအခါ တပ်ရဲ့ စစ်မှုရေးရာ စွမ်းဆောင်ရည်က အင်မတန် အားနည်း ညံ့ဖျင်းကြောင်း ညွှန်ကိန်းတွေက အထင်အရှား ပေါ်လွင်လာပါတယ်။ စစ်တပ်ဟာ မြောက်ပိုင်းမှာ ကချင်တပ်တွေ၊ အရှေ့တောင်ပိုင်းမှာ ကရင်တပ်တွေ၊ အနောက်ဖက်မှာ ချင်းတိုင်းရင်းသားတွေနဲ့ စစ်ခင်းနေရတဲ့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံစစ် ဆင်နွှဲမှုတွေပါ ကြုံနေရပါတယ်။ မြို့တော်ဟောင်း ရန်ကုန်လို အချက်အခြာ နေရာမျိုး အပါအဝင် မြို့ပြ ဧရိယာတွေမှာပါ စစ်တပ်ကို ပထမဆုံးအကြိမ် လက်နက်ကိုင် တော်လှန်တာတွေ တွေ့နေရပါတယ်။

တချို့ ရှေ့တန်း ဧရိယာတွေမှာဆိုရင် စစ်တပ်ဟာ အလဲလဲ အကွဲကွဲနဲ့ အကြီးအကျယ် ရှုံးနိမ့်ပြီး ရုပ်ပျက်ဆင်းပျက် ဆုတ်ခွာခဲ့ကြရပါတယ်။ ခြေလျင်တပ်တွေ သွားမတိုက်ရဲလောက်အောင် ဖြစ်နေတဲ့အတွက် လေကြောင်းကနေ ဗုံးကြဲတာတွေ၊ ဘေးကင်းလောက်တဲ့ အကွာအဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေသာ လုပ်နေရပါတယ်။ ဒီအခြေအနေတွေကိုက တပ်ရဲ့ အရည်အသွေးပိုင်း ဘယ်လောက် အားနည်း စုတ်ချာလာသလဲဆိုတာကို ပြသနေတာပါပဲ။

တပ်မတော်လို့ နာမည်ပေးထားတဲ့ အကြမ်းဖက် စစ်တပ်ကြီးဟာ အခု အခါမှာတော့ အရမ်း ကျပ်တည်းတဲ့ အခြေအနေကို ရောက်မှန်းမသိ ရောက်လာခဲ့ပါပြီ။ ဒီအချိန်မှာ တရုတ်ဆီက ရေငုပ်သင်္ဘောကြီး ရလာတော့ရော သူတို့ရဲ့ အရာရှိ အကြပ်စစ်သည်တွေကို စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးနိုင်မှာလား။ ဒါ့အပြင် စစ်တပ် အာဏာသိမ်းမှုအပြီး အနောက်အုပ်စု နိုင်ငံကြီးတွေရဲ့ သဘောထားအရ မြန်မာဟာ အပယ်ခံဘဝ ပြန်ရောက်သွားပါပြီ။ နောက်ဆက်တွဲ ပထဝီဝင် နိုင်ငံရေး ကစားပွဲတွေမှာ မြန်မာ ကိုယ်တိုင်က နယ်ရုပ်တစ်ရုပ် ဖြစ်သွားနိုင်ပါတယ်။

အခုအချိန်မျိုးမှာ ရေငုပ်သင်္ဘောတစ်စီး ပေးအပ်လိုက်တယ် ဆိုတာဟာ တရုတ်က အိန္ဒိယထက် ပိုပြီး မြန်မာစစ်တပ်ကို ထဲထဲဝင်ဝင် ထောက်ပံ့ပေးနေတယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။ အိန္ဒိယရဲ့ ရေငုပ်သင်္ဘောဟာ စစ်တပ် အာဏာမသိမ်းခင် ဒီမိုကရေစီ အစိုးရ လက်ထက်က လွှဲပြောင်းပေးခဲ့တာပါ။ ဒါပေမဲ့ အိန္ဒိယကလည်း မြန်မာ စစ်တပ်ရဲ့ လေကြောင်းကာကွယ်ရေး စခန်း တစ်ခုအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပေးပို့ ကူညီနေဆဲ ဖြစ်သလို နာမည်ပျက်ပေါင်းစုံ ထုံမွှန်းနေတဲ့ စစ်အာဏာရှင် အစိုးရအတွက် နောက်ဆုံးလက်ကျန် မိတ်ဖက် နိုင်ငံ အနည်းအကျဉ်းမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေ ပေါင်းစုံက ပြည်တွင်းပြည်ပ ထိုးနှက်မှုတွေ အမျိုးမျိုး ကြုံတွေ့နေရတဲ့ တိုက်ပွဲဝင် စစ်သားတွေအပေါ် သက်ရောက်မှုတွေ ရှိလာစေဦးမှာ ဖြစ်ပါတယ်။

(Asia Times မှ Myanmar junta in toys-for-the-boys weaponry splurge ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။