Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ကမ္ဘာ့ဖလားက အရောင်အသွေးစုံ တန်ဖိုးကြီး ဘောလုံးဂျာစီတွေရဲ့ အမှောင်ဖက်ခြမ်းမှာ

မြန်မာနိုင်ငံက ရန်ကုန်မြို့မှာ Pou Chen ကုမ္ပဏီက တည်ဆောက်ထားတဲ့ အထည်ချုပ် စက်ရုံရဲ့ ဝန်ထမ်း ၇၈၀၀ လောက်ကို ဒီမေးခွန်း သွားမေးမယ် ဆိုရင်တော့ သူတို့က တစ်နေ့ကို မြန်မာငွေ ၄၈၀၀ ကျပ် ရတယ်လို့ ပြောပြကြမှာပါ။

World Cup jerseys from Adidas can cost fans up to $150
World Cup jerseys from Adidas can cost fans up to $150

အားလုံး သိကြတဲ့အတိုင်း ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးက ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၀ က စတင်ပြီး စည်စည်ကားကား ဆင်နွှဲနေပြီ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကိုယ်အားပေးတဲ့ အသင်းအလိုက် ဘောလုံးဂျာစီ (အသင်းယူနီဖောင်း)တွေကို ဝယ်ယူ ဝတ်ဆင်နေကြပြီး အဲဒီလို ဂျာစီတစ်ထည်ရဲ့ ပျမ်းမျှ တန်ဖိုးဟာ ဒေါ်လာ ၉၀ ကနေ ၁၅၀ ကြားလောက်ထိ ကျသင့်တတ်ပါတယ်။ ကစားသမားတွေ ဆိုရင်လည်း တောက်ပရွှန်းစိုတဲ့ အရောင်အမျိုးမျိုးနဲ့ ဂျာစီတွေကို ဝတ်ဆင်ရင်း ပြောင်လက်နေတဲ့ ဘောလုံးကန် ဖိနပ်တွေကို စီးနင်းကြပါတယ်။ အဲဒီလို ဖိနပ်တစ်ရန်ရဲ့ အနိမ့်ဆုံး တန်ဖိုးဟာ တစ်ရန်ကို ဒေါ်လာ ၂၀၀ လောက် ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို တန်ဖိုးကြီး အားကစား အသုံးအဆောင်တွေကို ဖန်တီး ထုတ်လုပ်ပေးနေတဲ့ သူတွေကရော ငွေကြေး ဘယ်လောက် ရရှိကြပါသလဲ။

မြန်မာနိုင်ငံက ရန်ကုန်မြို့မှာ Pou Chen ကုမ္ပဏီက တည်ဆောက်ထားတဲ့ အထည်ချုပ် စက်ရုံရဲ့ ဝန်ထမ်း ၇၈၀၀ လောက်ကို ဒီမေးခွန်း သွားမေးမယ် ဆိုရင်တော့ သူတို့က တစ်နေ့ကို မြန်မာငွေ ၄၈၀၀ ကျပ် ရတယ်လို့ ပြောပြကြမှာပါ။ သူတို့ဟာ တစ်နေ့ကို ၂.၂၇ ဒေါ်လာလောက်နဲ့ ညီမျှတဲ့ ငွေပမာဏမျိုးကိုသာ လုပ်ခအဖြစ် ရရှိနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အဲဒီစက်ရုံရဲ့ အနေအထားဟာ အာရှတောင်ပိုင်း ရပ်ဝန်းမှာ ရှိနေတဲ့ အထည်ချုပ်လုပ်သား သန်းပေါင်း ၄၀ လောက် ကြုံတွေ့ ဖြတ်သန်းနေရတဲ့ ရုန်းကန်မှုတွေရဲ့ ပကတိ အရှိအတရားကို ပေါ်လွင်လာစေပါတယ်။ အဲဒီ အထည်ချုပ် ဝန်ထမ်းတွေဟာ စုတ်ချာတဲ့ အလုပ်ခွင် အခြေအနေနဲ့ မစို့မပို့ လုပ်ခလစာလေးတွေကြောင့် ဒုက္ခတွေနဲ့ နပန်းလုံးနေရရင်း ကပ်ရောဂါဆိုးရဲ့ ဘက်ပေါင်းစုံ ထိုးနှက်မှုတွေကိုပါ ခါးစည်းခံခဲ့ကြရပြန်တယ်။ အခုအခါ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အားကစား ပြိုင်ပွဲကြီး တစ်ခု စတင်ကျင်းပနေပြီဖြစ်ပြီး အဲဒီ အတောအတွင်း ကိုယ့်ရဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်အောင် ကြိုးစားနေတဲ့ ဝန်ထမ်း တချို့ရဲ့ အားထုတ်မှုတွေကတော့ ရက်ရက်စက်စက် ငြင်းပယ်ခံရပြီး နောက်ဆက်တွဲ ပြစ်ဒဏ် ချမှတ်မှုတွေကိုပါ ခံစား တွေ့ကြုံနေရပါတယ်။

အောက်တိုဘာလမှာ ဝန်ထမ်းတွေရဲ့ ဆန္ဒပြမှုတွေ စတင်လာပြီး တစ်နေ့ လုပ်ခလစာ ၃.၇၈ ဒေါ်လာလောက်ထိ တိုးမြှင့်ပေးဖို့ စက်ရုံ တာဝန်ရှိသူတွေဆီ တောင်းဆိုခဲ့ကြပါတယ်။ ဒီကိစ္စမှာ စက်ရုံ မန်နေဂျာတွေက စစ်သားတွေကို စက်ရုံဝင်းထဲ ခေါ်သွားလာတာရယ်၊ နောက်ပိုင်းမှာ အထည်ချုပ်ဝန်ထမ်း ၂၆ ယောက်ကို အလုပ်ထုတ်ပြလိုက်တာရယ် နည်းလမ်းမျိုးတွေကို သုံးပြီး တုံ့ပြန်ခဲ့ကြပါတယ်။ ဝန်ထမ်း ၂၀၀၀ ကျော် ဆန္ဒပြခဲ့တဲ့ လှုပ်ရှားမှုကို အဓိက ဦးဆောင်ခဲ့သူ စက်ရုံ သမဂ္ဂ အဖွဲ့ဝင် ၁၆ ဦးလည်း အလုပ်ထုတ်ခံရသူတွေထဲမှာ ပါဝင်တယ်လို့ ယူဆရပါတယ်။

မကြာသေးခင်က အင်တာဗျူး တစ်ခုမှာတော့ အလုပ်သမား တချို့က သူတို့ရဲ့ ထင်မြင်ချက်တွေကို ပြောပြကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် ကြီးစိုး အုပ်ချုပ်ပြီး ဒီမိုကရေစီ စနစ်ကို ဖြိုဖျက်နေတဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးကို စက်ရုံဖက်က အခွင့်ကောင်းယူပြီး အလုပ်သမားတွေ စုဝေးမှုကို ဒဏ်ခတ်နေတာလို့ ယူဆကြောင်း သူတို့က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းတွေက တက်ပြီး ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘဝမှာ ဖိစီးမှုတွေက တိုးသထက် တိုးလာနေပါတယ်။ ပြီးခဲ့တဲ့နှစ်၊ အာဏာသိမ်းချိန်ကစလို့ မြန်မာကျပ်ငွေ တန်ဖိုးဟာ ဒေါ်လာနဲ့ယှဉ်ရင် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။ စားသောက်ကုန်တွေ၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေ၊ အိမ်သုံးစရိတ်တွေ အားလုံးက ဒုံးပျံလွှတ်သလို ထိုးတက်သွားတယ်။ အရင်ကတည်းက ကျန်းမာရေးအခံ သိပ်မကောင်းရှာတဲ့ အထည်ချုပ်သမ တစ်ဦးကတော့ သူဟာ လုပ်ဖော်ကိုင်ဖက်တွေက သတင်းကြားလို့ အစားအသောက်တွေ ယူမလာပေးခင် ၃ ရက်လောက် စားစရာမရှိ ဖြစ်ခဲ့ဖူးတယ်လို့ ပြောပြပါတယ်။

A clothing factory outside Yangon, Myanmar. Garment workers in the country are often paid low wages, and efforts at forming unions have often been thwarted
A clothing factory outside Yangon, Myanmar. Garment workers in the country are often paid low wages, and efforts at forming unions have often been thwarted

အသက် ၂၂ နှစ်အရွယ် တခြား အထည်ချုပ်ဝန်ထမ်း အမျိုးသမီး တစ်ဦးကတော့ သူ့အလုပ်လေးများ ပြန်ရလိုရငြား မျှော်လင့်ချက်ကို မစွန့်လွှတ်နိုင်သေးဘဲ ဖြစ်နေရှာတယ်။ သူက အလုပ်ရှင်တွေ အမျက်ထွက်ပြီး ကလဲ့စားချေမှာကို ကြောက်လွန်းလို့ နာမည်ကိုတောင် ထုတ်ပြောဖို့ ငြင်းဆန်သွားပါတယ်။ “ကျွန်မတို့က အိမ်ငှားစရိတ် အတွက်ရော၊ နယ်က မိသားစုတွေဆီ ငွေပြန်ပို့နိုင်ဖို့ အတွက်ပါ ရတက်မအေး ဖြစ်နေရတာပါ။ ငွေမပို့နိုင်ရင် သူတို့ ရှင်သန် ရပ်တည်လို့ မရနိုင်ပါဘူး။ အရင်ကတည်းက စားဝတ်နေရေး သိပ်ကို ကျပ်တည်းခဲ့တာပါ။ ဒါကြောင့်လည်း ပိုက်ဆံလေး တိုးတောင်းမိတာပါရှင်။ အခုတော့ ကျွန်မတို့မှာ အလုပ်မရှိတော့ပါဘူး။ အရင်ကထက် ပိုပြီး ခက်ခဲလာပါပြီ။ ကျွန်မ စားရေးသောက်ရေး အတွက်တောင် ပိုက်ဆံ မရှိတော့ပါဘူး”လို့ အဲဒီ အမျိုးသမီးက ဆိုပါတယ်။

ထိုင်ဝမ်မှာ ရုံးချုပ် ဖွင့်လှစ်ထားတဲ့ Pou Chen ကုမ္ပဏီကတော့ သူတို့ဟာ ဝန်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေအပေါ် ကိုင်တွယ်ရာမှာ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်ကြောင်းနဲ့ အလုပ်သမားတွေဖက်က စုပေါင်းညှိနှိုင်းပိုင်ခွင့်အပေါ် လေးစားကြောင်း အီးမေးလ် ထုတ်ပြန်ချက် တစ်ခုမှာ ရေးသား ဖော်ပြထားပါတယ်။

“ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဥပဒေရေးရာ လုပ်ထုံးလုပ်နည်းများနှင့် လျော်ညီစွာ ဆောင်ရွက်လျက်ရှိသည်”လို့ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေ ကိစ္စနဲ့ ပတ်သက်ပြီး Pou Chen ကုမ္ပဏီရဲ့ အီးလ်မေးမှာ အကြောင်းပြထားတာ တွေ့နိုင်ပါတယ်။

Adidas ကုမ္ပဏီကလည်း အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ကိုယ်ပိုင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ အထည်ချုပ် ဝန်ထမ်းတွေ အလုပ်ထုတ်ခံရတဲ့ ကိစ္စအပေါ် Adidasက ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း၊ ဒီလုပ်ရပ်ဟာ Adidasရဲ့ အလုပ်ခွင် စံနှုန်း သတ်မှတ်ချက်တွေနဲ့ အလုပ်သမားတွေ လွတ်လပ်စွာ အဖွဲ့အစည်း ထူထောင်ပိုင်ခွင့်တွေကို လေးစားတဲ့ သဘောထားအပေါ် ချိုးဖောက်ရာ ရောက်နေကြောင်း ဖော်ပြထားခဲ့ပါတယ်။ ထုတ်ကုန်ပစ္စည်း တင်သွင်းနေတဲ့ Supplier လုပ်ငန်းရဲ့ လုပ်ဆောင်မှုတွေဟာ တရားဥပဒေကြောင်းအရ ကိုက်ညီ သင့်တော်မှု ရှိခဲ့သလား ဆိုတာကို စုံစမ်းနေကြောင်းနဲ့ ထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတွေကို အမြန်ဆုံး ပြန်လည် အလုပ်ခန့်ပေးဖို့ Pou Chenကို တောင်းဆိုထားကြောင်းလည်း Adidasဖက်က ပြောပါတယ်။

A banner at a protest in Yangon in 2019 called for Adidas to take responsibility for labor rights
A banner at a protest in Yangon in 2019 called for Adidas to take responsibility for labor rights

ဒီနေရာမှာ သိရှိထားသင့်တဲ့ အချက်တစ်ခုက အနောက်နိုင်ငံကြီးတွေက ဖက်ရှင်နဲ့ အားကစား ပစ္စည်း လုပ်ငန်းစုကြီး အတော်များများဟာ ကိုယ်ပိုင် စက်ရုံတွေ မရှိကြဘူး ဆိုတာပါပဲ။ အဲဒီအစား သူတို့က Supplier လုပ်ငန်းတွေ၊ ကိုယ်ပိုင် လည်ပတ်တဲ့ စက်ရုံတွေကို ထုတ်ကုန်တွေ ဖန်တီးထုတ်လုပ်ပေးဖို့ စာချုပ်စာတမ်းနဲ့ အပ်နှံကြပါတယ်။ ဒီတော့ အခုလို ပြဿနာ ကြုံနေတဲ့ အထည်ချုပ် လုပ်သားတွေဟာ အဲဒီ ကုမ္ပဏီကြီးတွေရဲ့ ဝန်ထမ်း မဟုတ်သလို ဝန်ထမ်းတွေရဲ့ အလုပ်ခွင် အဆင့်အတန်းနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ကြပ်မတ် စောင့်ရှောက်ပေးဖို့ သူတို့မှာလည်း ဥပဒေကြောင်းအရ တာဝန်မရှိတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

H&M၊ Adidasနဲ့ Nikeတို့လို ကုမ္ပဏီ တချို့ကတော့ မကြာသေးခင် ကာလတွေအတွင်း သူတို့ကို ကုန်ပစ္စည်း တင်သွင်းနေတဲ့ Supplierတွေရဲ့ အချက်အလက်တွေတွေကို ပိုပြီး ထင်သာမြင်သာရှိအောင် ထုတ်ပြန်လာခဲ့ပါတယ်။ Adidasဆိုရင် အခုကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေအတွက် ဘယ်Supplierတွေက ဘယ်လိုဘယ်ပုံ တာဝန်ယူပေးထားသလဲ ဆိုတာကို အသေးစိတ် သီးခြား စာရင်းထုတ်ပြန်ပြခဲ့ပါတယ်။ အင်္ဂလန်၊ ဘရာဇီး၊ အမေရိကန်တို့ အပါအဝင် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နိုင်ငံ ၁၃ ခုရဲ့ လက်ရွေးစင်အသင်း ဂျာစီတွေကို တာဝန်ယူ ထုတ်လုပ်ပေးထားတဲ့ Nikeကတော့ အဲဒီလိုမျိုး သီးသန့် စာရင်းမျိုး ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး ပြုစု ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒီတော့ Nikeရဲ့ ဂျာစီတွေနဲ့ ပတ်သက်လို့ နောက်ကြောင်းပြန် စုံစမ်းဖို့က ပိုပြီး ခက်ခဲပါတယ်။

Supplierတွေနဲ့ ပတ်သက်လို့ အရင်ကထက် ပိုပြီး ပွင့်လင်းမြင်သာမှုရှိရှိ တင်ပြလာတယ် ဆိုတာဟာ တာဝန်ယူမှု၊ တာဝန်ခံမှုပိုင်းမှာပါ မြှင့်တင်လာတယ်လို့တော့ အဓိပ္ပါယ် ကောက်ယူလို့ မရပါဘူး။ နောက်ကွယ်က ထုတ်ကုန် ပံ့ပိုးမှု ကွန်ရက်တွေမှာ Supplierတွေက ဝန်ထမ်းတွေ သမဂ္ဂ မဖွဲ့နိုင်အောင်၊ ရှိရင်းစွဲ အဖွဲ့အစည်းတွေကို မချဲ့ထွင်နိုင်အောင် နည်းမျိုးစုံနဲ့ နှောင့်ယှက်မှုတွေ၊ အားထုတ်မှုတွေ ရှိနေဆဲပါ။

Trax Apparel ဆိုတာက ထိုင်းနိုင်ငံသား ပိုင်ဆိုင်ပြီး ကမ္ဘောဒီးယားမှာ စက်ရုံတည်ထားတဲ့ Supplier လုပ်ငန်းတစ်ခုပါ။ သူတို့ရဲ့ စက်ရုံမှာ အထည်ချုပ်ဝန်ထမ်း ၂၈၀၀ လောက် ခန့်ထားပြီး ဗြိတိန်က ကမ္ဘာကျော် ဘောလုံးကလပ် မန်ချက်စတာ ယူနိုက်တက် အပါအဝင် နာမည်ကြီး အသင်းတွေရဲ့ ဂျာစီတွေကို တာဝန်ယူ ချုပ်လုပ်ပေးနေပါတယ်။ Trax Apparelဟာ ၂၀၂၀ ပြည့်နှစ်မှာ သမဂ္ဂဖွဲ့ဖို့ ကြိုးစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ထမ်း ၈ ဦးကို အလုပ်ထုတ်ပစ်ခဲ့ဖူးပါတယ်။ အဲဒီ ဝန်ထမ်းတွေက ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်မျိုး ဖန်တီးနိုင်ရေးအတွက် ရည်ရွယ်ချက်နဲ့ သမဂ္ဂ ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ နောက်ကျတော့ စက်ရုံရဲ့ စီမံအုပ်ချုပ်ရေး အဖွဲ့က တကယ်လို့ သမဂ္ဂ အဖွဲ့ဝင်တွေဟာ တခြားသူတွေ အလုပ်ပြန်ရရေးကိစ္စ မတောင်းဆိုရင်၊ ပြီးတော့ ထုတ်ပယ်ခံရချိန်တုန်းက လုပ်ခတွေကို ပြန်မတောင်းဆိုဘူးဆိုရင် သူတို့ထဲက တစ်ဝက်ကို အလုပ်ပြန်ခန့်ပေးမယ်လို့ အထက်စည်းကနေ အသိပေးခဲ့ပါတယ်။ တခြား ရွေးချယ်စရာ မရှိတဲ့ ဘဝမို့ သမဂ္ဂ အဖွဲ့ဝင်တွေဟာ ရသင့်တဲ့ အခွင့်အရေးတွေကို မျက်နှာလွှဲရင်း အဲဒီ အဆိုကိုပဲ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြရပါတယ်။

ဆိုဖယ်လ်ချောင် ဆိုတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးကတော့ အဲဒီ သမဂ္ဂမှာ ပါဝင်ခဲ့ပြီး အလုပ်ထုတ်ခံရတဲ့ထဲက တစ်ဦးပါ။ သူဟာ အပ်ချုပ်စက် တစ်လုံးနဲ့ အပတ်တကုတ် အလုပ်လုပ်ရင်း အဲဒီစက်ရုံမှာ တစ်နေ့လုပ်ခ ၇ ဒေါ်လာလောက်တော့ ရခဲ့ဖူးပါတယ်။ “သူတို့ကများ ဖုန်းဆက်လေမလားလို့ ကျွန်မ စောင့်နေခဲ့မိပေမယ့် ဘယ်တော့မှ အဆက်အသွယ် လုပ်မလာတော့ပါဘူး။ ကျွန်မ အလုပ်အသစ်တစ်ခု ထပ်ရဖို့ တစ်နှစ်ခွဲ ကြာခဲ့တယ်။ သားသမီးတွေ မငတ်အောင် ဝိုင်းစောင့်ရှောက်ပေးဖို့ ကျွန်မရဲ့ မောင်နှမတွေကို အကူအညီ တောင်းခဲ့ရတယ်။ အတိုးအရမ်းများတဲ့ ချေးငွေတွေ ကျွန်မ ယူခဲ့ဖူးပြီး အခုထိ အဲဒီ ချေးထားတဲ့ ပိုက်ဆံကို ပြန်ဆပ်ဖို့ ကျွန်မမှာ မတန်တဆ ဝန်ပိနေတုန်းပါပဲ”လို့ ချောင်က ဖွင့်ဟခဲ့တယ်။

သူက “ကျွန်မက သမဂ္ဂတစ်ခု ဖြစ်တည်မှု ရှိသင့်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ကျွန်မတို့အတွက် အကာအကွယ် လိုအပ်မယ်မှန်း သဘောပေါက်တယ်လေ။ ဒါပေမဲ့ အခုတော့ ကျွန်မဘဝက ရက်ပေါင်းများစွာ မျက်ရည်နဲ့မျက်ခွက် ဖြစ်နေရပါပြီ”လို့လည်း ဆက်ပြောပါတယ်။

Trax Apparelကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ New York Timesဖက်က ဆက်သွယ် မေးမြန်းမှုကို ဘာတုံ့ပြန်မှတ်ချက်မှ မပေးခဲ့ပါဘူး။

အထည်ချုပ် အလုပ်သမားတွေရဲ့ ကာလရှည်ကြာ ကြုံတွေ့နေတဲ့ အကျပ်အတည်းတွေဟာ အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မီးမောင်းထိုး ခံလာရတဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ အာဏာပိုင်တွေက လိင်တူ စုံမက်သူတွေအပေါ် ခွဲခြားဆက်ဆံတာတွေရယ်၊ ရွှေ့ပြောင်း လုပ်သားတွေ ဖိနှိပ် အမြတ်ထုတ် ခံခဲ့ရတဲ့အကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ ထွက်ပေါ်လာတာရယ် အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကြောင့် ကာတာ အစိုးရဟာ အတော့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

Lionel Messi of Argentina during a World Cup game. Adidas said it “objected strongly” to a Myanmar factory’s dismissal of workers who had asked managers for higher pay
Lionel Messi of Argentina during a World Cup game. Adidas said it “objected strongly” to a Myanmar factory’s dismissal of workers who had asked managers for higher pay

ဂျာမနီ၊ အင်္ဂလန်တို့ အပါအဝင် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဥရောပ ၇ နိုင်ငံရဲ့ လက်ရွေးစင် အသင်းတွေက One Love သင်္ကေတပါတဲ့ သက်တံရောင်ခြယ် လက်ပတ်တွေကို ဝတ်ဆင်ဖို့ စီစဉ်ခဲ့ကြပြီး ဒီလုပ်ရပ်ဟာ LGBTတွေ အပါအဝင် လူနည်းစုတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ပြသဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲ အစပိုင်းမှာတင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က အဲဒီ လက်ပတ်တွေ ဝတ်ဆင်မှုဟာ ကမ္ဘာ့ဖလားရဲ့ ယူနီဖောင်းဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို တိုက်ရိုက် ချိုးဖောက်ရာ ရောက်လိမ့်မယ်ဆိုပြီး တားမြစ်လိုက်ပါတော့တယ်။ တားထားလျက်နဲ့ အဲဒီလက်ပတ် ဝတ်တဲ့ ကစားသမားဟာ အဝါကတ်ပြသ သတိပေး ခံရတဲ့အပြင် စည်းကမ်းပိုင်း အရေးယူမှုတွေအရ ပွဲပယ်ခံရတဲ့ထိ ဖြစ်သွားနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဂျာမနီ လက်ရွေးစင် အသင်းရဲ့ ကစားသမားတွေကတော့ ရတဲ့နည်းနဲ့ ဆန္ဒပြတဲ့ အနေနဲ့ အသင်းလိုက် ဓာတ်ပုံတွေ ရိုက်တဲ့အခါမှာ ပါးစပ်တွေကို လက်နဲ့ အုပ်ပြထားခဲ့ပါတယ်။ နောက်ပြီး ဒိန်းမတ် အသင်း ဂျာစီတွေကို ချုပ်လုပ်ပေးနေတဲ့ Hummel ကုမ္ပဏီကလည်း စပွန်ဆာ အမှတ်တံဆိပ် မပါဘဲ တစ်ရောင်တည်း ခြယ်ထားတဲ့ Monochrome ဂျာစီတွေကို ဖန်တီးပေးခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ကာတာကို ဆန္ဒပြဖို့ ဖြစ်ပါတယ်။

ဒီလိုမျိုး ဘောလုံးအသင်းတွေက ရတဲ့နည်းလမ်းတွေနဲ့ ဆန္ဒပြကြတာကို ဝမ်းပန်းတသာ ထောက်ခံမှုတွေ ရှိနေပေမယ့် ပြိုင်ပွဲဝင် ဂျာစီတွေရဲ့ နောက်ကွယ်က အထည်ချုပ် လုပ်သားတွေရဲ့ ကျပ်တည်းခက်ခဲမှုတွေကိုလည်း စာနာ သဘောပေါက်နိုင်အောင် ဖော်ထုတ်ပေးကြဖို့ တိုက်တွန်းလာကြပါတယ်။

“မှန်ကန်တဲ့ လုပ်ဆောင်မှု တစ်ခုအနေနဲ့ ကာတာက ရွှေ့ပြောင်း လုပ်သားတွေ ကြုံတွေ့ရတဲ့ ခက်ခဲတဲ့ အခြေအနေတွေကို အများသိအောင် လုပ်ဆောင်လာကြတာ ဝမ်းသာစရာပါ။ တစ်ဖက်မှာလည်း ကမ္ဘာ့ဖလားရဲ့ ဂျာစီတွေ ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ် ဝန်ထမ်းတွေဆီမှာ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အပြင်းအထန် ရှိနေတာကို အာရုံစိုက်ပေးကြစေချင်ပါတယ်”လို့ အကျိုးအမြတ် ပဓာန မထားတဲ့ နိုင်ငံတကာ တက်ကြွလှုပ်ရှားမှု အဖွဲ့ တစ်ခုဖြစ်တဲ့ Worker Rights Consortiumရဲ့ ညွှန်ကြားရေးမှူး သူလ်စီ နာရာယာနာဆာမိက ထောက်ပြခဲ့ပါတယ်။ “စက်ရုံတွေမှာ သူတို့ရဲ့ အလုပ်ခွင် အခြေအနေတွေ တိုးတက်ဖို့ တောင်းဆိုမှုလိုပဲ အလုပ်သမား အသင်းတွေ ဖွဲ့စည်းနိုင်ရေး ဆိုတာကလည်း အခြေခံ လူ့အခွင့်အရေး တစ်ခုပါပဲ”လို့ သူက သုံးသပ်သွားခဲ့ပါတယ်။

(New York Times သတင်းဌာန၏ Who Made Your World Cup Jersey? ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

You May Also Like

သတင်း

M3 လုပ်ကွက်တွင်ထိုင်းကုမ္ပဏီက ရှယ်ယာ ၈၀ရာခိုင်နှုန်းနှင့် ဂျပန်ကုမ္ပဏီ Mitsui Oil Exploration ကုမ္ပဏီက ရှယ်ယာ ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

သတင်း

ယမန်နှစ်ကလည်း လောပိတဓာတ်အားစက်ရုံမှ ချိတ်ဆက်သည့် မဟာဓာတ်အားလိုင်းများဖောက်ခွဲခံရပြီး ရန်ကုန်အပါအဝင်မြို့ကြီးအချို့ ၌ အချိန်ကြာမြင့်စွာ ဓာတ်အားပြတ်တောက်မှုရှိခဲ့သည်။

သတင်း

စစ်တပ်အာဏာသိမ်းနောက် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လုယက်တာတွေ ၊ ဓားပြတိုက်တာ တွေ ခပ်စိတ်စိတ်ဖြစ်ပွားနေတာပါ။

သတင်း

ပြည်တွင်း၌ ရွှေဈေးမြင့်တက်လာခြင်းကို ဈေးကစားနေခြင်းကြောင့်ဟုဆိုကာ ​ဈေးကစား​သောရွှေလုပ်ငန်းရှင်များကို အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ယနေ့ခြိမ်းခြောက်စာထုတ်ပြန်လိုက်သည်။ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၈သိန်းကျော်ရှိနေချိန်တွင်စစ်ကောင်စီလက်​အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းများအသင်းက ကျပ် ၂၇ သိန်းအောက်တွင်သာ ဈေးနှုန်းအမှန်ဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။ သို့သော် ၎င်းတို့အသင်းက ထုတ်ပြန်သည့်ရွှေဈေးနှုန်းတွင် ဇန်နဝါရီ ၁၁ ရက်ကအခေါက်ရွှေတစ်ကျပ်သားကို...