ဇော်ဟိတ်/People’s Spring
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ထဲမှာ မီးရှို့ခံရတဲ့ ကျေးရွာတွေက နေအိမ်အချို့ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က နေအိမ်လေးတွေ ပြန်ဆောက်ပေးနေတာ အခုဆို နေအိမ်အလုံးတစ်ထောင် ပြည့်တော့မှာဖြစ်ပါတယ်။
အိမ်တစ်ထောင်ပြည့်ဖို့ အလုံး ၅၀ လောက်သာလိုတော့တယ်လို့ S&C အဖွဲ့က တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
ဒီအစီအစဥ်လေးကို ယခုနှစ် ၂၀၂၃ ခုနှစ် နှစ်ဆန်းကစတင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေအိမ်တွေမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် နေအိမ်လေးတွေ ပြန်ဆောက်ပေးတာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကိုတော့ ပြည်တွင်းပြည်ပက အလှူရှင်တွေက လှူဒါန်းကြတာပါ။
အစပထမ စခါစကတော့ အိမ်တစ်လုံးလှူချင်ရင် ငွေကျပ် နှစ်သိန်းနှူန်းနဲ့ S&C အဖွဲ့က လက်ခံပြီး ဆောက်လုပ်ပေးပါတယ်။ နောက်တော့ ကုန်စျေးနှူန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် နှစ်သိန်းသုံးသောင်းနှူန်း ဖြစ်သွားရတယ်။ စျေးတွေကတက်မြဲတက်လာလို့ အခုတော့ နှစ်သိန်းခွဲဖြစ်သွားပြီလို့ S&C အဖွဲ့က ပြောပါတယ်။
S&C က ဆောက်ပေးတဲ့အိမ်လေးတွေဟာ ခုနှစ်တောင်ကျယ်တဲ့အခန်းနှစ်ခန်းပါပါတယ်။ ဘုရားစင်တစ်စင်လည်းပါပြီး ခုတင်တစ်လုံးစာ အိပ်စင်လေးပါ ရိုက်ပေးထားပါတယ်။

Public Service Announcement

အမိုးကတော့ ထန်းရွက်မိုးပါ။ ထရံကို အိမ်တိုင်းကာမပေးနိုင်ဘဲ ဝါးကပ်သာကာပေးထားရပါတယ်။ တချို့အိမ်တွေကတော့ မီးရှိူ့ခံခဲ့ရတဲ့သူတို့နေအိမ်ဟောင်းထဲက မီးလောင်သွပ်ပြားတွေကို ပြန်ယူလာပြီး ကာရံထားကြတယ်။ နေအိမ်ဟောင်းက ကျန်တာလေးနဲ့ပေါင်းဆောက်ကြတယ်။
အိမ်ဆောက်ပြီးစီးသွားလို့ ပိုတဲ့ငွေကိုလည်း အိမ်ရှင်လက်ထဲကိုထည့်ပေးခဲ့တယ်လို့ S&C အဖွဲ့ကတာဝန်ခံကိုစိုးမိုးအောင်က ပြောပါတယ်။
အမိုးအတွက် ထန်းရွက်ကို ထန်းတောပိုင်ရှင်တွေကပေးတန်တာလည်းပေးပါတယ်။ အဲဒီအခါ ကိုယ်တိုင်တက်ချိုင်သင့်ချိုင်၊ အငှားချိုင်သင့် ချိုင်ခိုင်းရပါတယ်။ တချို့နေရာတွေမှာတော့ ဝယ်ရတာလည်းရှိတယ်။ ဒါကလည်း စစ်ဖြစ်နေတဲ့ဒေသ ဝင်ငွေကမရှိတော့ ငွေလေးရသလောက်ရှာကြရတာပါ။ အဲဒီအခါကျလည်း ဝယ်ယူကြပါတယ်။
လက်သမားတော့ သီးသန့်မငှားရဘဲ S&Cအဖွဲ့နဲ့အတူ တစ်ရွာလုံးဝိုင်းဆောက်ပေးကြပါတယ်။ သူ့အိမ်ဆောက်ငါကူ ငါ့အိမ်ဆောက်သူကူနဲ့ အချိန်တိုအတွင်း တစ်အိမ်ပြီးတစ်အိမ်ပြီးသွားရတယ်။

အခုနောက်ပိုင်းတော့ အိမ်တစ်လုံးဆောက်ရဖို့ အတော်လေးခက်ခဲလာတဲ့အနေအထားပါ။ သစ်ဝါးရှားပါးလာတာရယ်၊ လမ်းပန်းဆက်သွယ်ရေးမကောင်းတာရယ်၊ ကုန်စျေးနှူန်းတွေ အဆမတန် မြင့်တက်လာတာတွေရယ်ကြောင့်လို့ S&C အဖွဲ့ဝင်တွေက ပြောပါတယ်။
“ခုနောက်ပိုင်း တော်တော်ခက်ခဲသွားတယ်။ သွားရေးလာရေးတွေကော ဆီဖိုးနဲ့ဘာနဲ့ အသားဝါးကလည်း ရှားသွားပြီ။ ထန်းရွက်ကအစမလွယ်တော့ဘူး။ ထန်းပင်ကလည်းအမြဲတမ်းခုတ်နေတာဆိုတော့ ရှားသွားပြီ။”လို့ S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
အဲဒီနေအိမ်လေးတွေကို ရွှေဘိုခရိုင်ထဲက ရွှေဘို၊ ဒီပဲယင်း၊ ရေဦးနဲ့ မုံရွာခရိုင်ထဲက အရာတော်မြို့နယ်တို့မှာ တည်ဆောက်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက တခြားဒေသကလည်း ဒီလိုအိမ်လေးတွေ ဆောက်ပေးဖို့ အကူအညီတွေတောင်းကြပါတယ်။ ဒါပေမယ့် မကူညီနိုင်သေးပါဘူး။
“ကျွန်တော်တို့လုပ်ပေးတဲ့နယ်ကိုက လူတန်းစေ့မရဘူး။ တောင်သူတွေဆိုရင်ဆောက်မပေးနိုင်ဘူး။ လက်လုပ်လက်စား ဘာမှမရှိတဲ့သူတွေကိုပဲ အဓိကထား ဆောက်ပေးနိုင်သေးတာ။”လို့ ကိုစိုးမိုးအောင်က ရှင်းပြပါတယ်။
နောက်ထပ်အဓိကထားတာကတော့ CDM ဝန်ထမ်းတွေ၊ ရဲဘော်တွေရဲ့မိသားစုဝင်တွေကို ဦးစားပေးဆောက်ပေးတယ်လို့ သိရပါတယ်။
တောင်သူတွေကိုတော့ ဆရာစံ Project အနေနဲ့ဒီပဲယင်းနယ် မီးရှို့ခံရတဲ့တောင်သူတွေ၊ မိုခါနဲ့ကြုံပြီးသီးနှံပျက်စီးခဲ့သူတွေ မြေဆီအိတ်တွေဝေနေတာ အိတ် ၆၀ဝ ခန့်ဝေပြီးပြီလို့ S&C အဖွဲ့က ဆိုပါတယ်။

အိမ်အလှူတော်အစီအစဥ်ကို ပြည်တွင်းပြည်ပက အလှူရှင်တွေ လာလှူကြပါတယ်။ သူတို့နဲ့ သူတို့ရဲ့ချစ်သူခင်သူတွေရဲ့မွေးနေ့တွေ၊နှစ်ပတ်လည်နေ့တွေ၊ ကွယ်လွန်သူရဲ့လလည်နှစ်လည်တွေ စသဖြင့် အမျိုးမျိုးသော အထိမ်းအမှတ်တွေနဲ့ လာလှူကြတာပါ။
အလှူရှင်တွေကိုတော့ လှူတဲ့နေရာအတိအကျပြောပေးတယ်လို့ S&C အဖွဲ့က ပြောပါတယ်။
အဲဒီနေအိမ်လေးတွေဟာ ပြန်ပြီး ဖျက်ဆီးမခံရဘူးဆိုရင်တော့ အနည်းဆုံး ၃ နှစ်ခံတယ်လို့ S&C အဖွဲ့က ပြောပါတယ်။
ဒါပေမယ့် စစ်ကိုင်းတိုင်းထဲမှာ ရွာစဥ်လှည့် စစ်ကြောင်းထိုးမီးရှို့နေဆဲဖြစ်တဲ့ စစ်ကောင်စီတပ်ကြောင့် ၈ လုံးလောက်မီးပြန်ရှို့ခံရတယ်လို့ သိရပါတယ်။
“စစ်ကြောင်းထိုးရင်း မီးရှို့လို့ မီးကူးသွားတာ။”လို့ ကိုစိုးမိုးအောင်က ပြောပြတယ်။
မီးရှို့ခံရတဲ့ပြည်သူတွေကတော့ သူတို့အတွက်နေအိမ်လေးတွေ ပြန်ဆောက်ပေးတော့ ဝမ်းသာကြပါတယ်။
“သူတို့က ကူညီမယ့်သူမရှိတော့ဘူးလို့ ထင်ထားကြတာ။ ဒါပေမယ့် သူတို့ဆုံးရှုံးသွားမှုနဲ့ ကျွန်တော်တို့လုပ်ပေးတာ အဆအများကြီးကွာတယ်လေ။ သူတို့က အရင်ကအိမ်ကြီးအိမ်ကောင်းနဲ့ နေခဲ့တဲ့သူတွေ။ ကျွန်တော်တို့ဆောက်ပေးတဲ့အိမ်လေးတွေဆိုတာက ပြောရမယ်ဆိုရင် တောထဲကတဲသာသာလောက်ပဲရှိတယ်ဗျ။ ကျွန်တော်တို့အနေနဲ့ ဘတ်ဂျက်အနေအထားရော အားလုံးလည်းလှူနိုင်အောင် စီစဥ်ရတာဖြစ်တဲ့အတွက်ကြောင့်ပါ။ သူတို့အတွက်က အဆိုးထဲကအကောင်းပြောရမှာပေါ့။ လုံးဝကုန်းကောက်စရာမရှိတဲ့အနေအထားမှာ ဒီလောက်ကူညီပေးတာ သူတို့ကကျေးဇူးတင်တယ်။”လို့ S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
ကိုစိုးမိုးအောင်တို့ S&C အဖွဲ့အနေနဲ့ အဆင်ပြေချောမွေ့စွာနဲ့ ဆောက်လုပ်ပေးခွင့်ရတာတော့မဟုတ်ပါဘူး။ တချို့ဒေသတွေမှာ ညှိနှိုင်းရတာအဆင်မပြေလို့ ဝင်မရတာတွေကြုံရတယ်။
ပြီးတော့ S&C အနေနဲ့ အလှူရှင်တွေလှူတဲ့ပိုက်ဆံကို ငွေသားသက်သက် လက်လွှဲပေးတာမျိုးမလုပ်ဘဲ ကိုယ်တိုင် မြေပြင်ဆင်းပြီး ဆောက်ပေးတာမျိုးနဲ့ သွားနေကြပါတယ်။
S&C အနေနဲ့ စစ်ဘေးရှောင်တွေလည်းနေလို့ရမယ့် စာကြည့်တိုက်၊ ကွန်ပြူတာခန်းတွေလိုလည်း သုံးလို့ရမယ့် ဘက်စုံသုံးခန်းမဆောက်ဖို့အစီအစဥ်ရှိတယ်လို့လည်း သိရပါတယ်။
S&C အဖွဲ့အနေနဲ့ စစ်ကောင်စီတပ်မီးရှို့သွားတဲ့ ပြည်သူတွေရဲ့ရက်ကန်းစင်တွေအတွက်လည်း ပြည်သူတွေကပဲလှူတဲ့ တစ်စင်ခြောက်သိန်းတန် အစင်လေးဆယ် လှူပေးခဲ့ဖူးပါတယ်။ လက်ရှိလည်းမိသားစုငါးထောင်အတွက်ဆန်ဆီဆားဝေတာ မိသားစုသုံးထောင်ကျော်ဝေပြီးပြီလို့ သိရပါတယ်။
နောက်ပြီး ပြည်သူတွေအတွက် ဆေးပေးခန်းနဲ့ ဆေးဝါးထောက်ပံ့မှု၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ စစ်ရှောင်ကလေးငယ်တွေအတွက် ပညာရေးထောက်ပံ့မှုအစီအစဥ်တွေ စတဲ့အမျိုးမျိုးသော ကူညီမှုတွေကို S&C အဖွဲ့က လုပ်ဆောင်ပေးနေပါတယ်။
နေအိမ်ဆောက်ပေးတဲ့အစီအစဥ်အနေနဲ့ အိမ်တစ်ထောင်ပြည့်သွားရင်တော့ နောက်ထပ်အိမ်တွေအတွက် သံဖရိန်နဲ့ဆောက်ဖို့လည်း စဥ်းစားကြည့်ကြတယ်။ ကုန်ကျစရိတ် ဆယ်သိန်းကျော်လောက်ကုန်မယ်လို့ဆိုပါတယ်။
ဒါပေမယ့် အဲဒီအစီအစဥ်တွေကလည်း လွယ်တော့မလွယ်သေးဘူးလို့ S&C အဖွဲ့က ပြောပါတယ်။
“အလှူရှင်ကလည်းရှားပါးသွားတယ်။”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
တစ်နိုင်ငံလုံးမှာ အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဇူလိုင်လ ၃၁ ရက်နေ့အထိ နေအိမ်အလုံးပေါင်း ၇၄၈၇၄ လုံး ရှိသွားပြီလို့ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီ ခုနှစ်သောင်းကျော်ထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်အလုံးပေါင်း ၅၇၅၀၃ လုံးမီးရှို့ပြာချခံရပြီးတော့ အများဆုံးဖြစ်ပါတယ်။ မြေပြင်မှာဒီ့ထက်များနိုင်တယ်လို့လည်း ဒေသတွင်းသတင်းအရင်းမြစ်တွေက ဆိုပါတယ်။
S&C အဖွဲ့ကတော့ ပြည်တွင်းပြည်ပအလှူရှင်တွေရှိနေသရွေ့ အစီအစဥ်အမျိုးမျိုးနဲ့ ကူညီနေမယ်လို့ ပြောပါတယ်။
“အဓိကကတော့ ပြည်သူတွေအပေါ်မူတည်တာပဲ။ အလှူရှင်တွေရှိရင်ရှိသလို မြေပြင်မှာအကောင်အထည်ဖော် ပေးလို့ရမှာ။ ခုလိုအိမ်တစ်ထောင်ပြည့်တယ်ဆိုတာကလည်း ကျွန်တော်တို့ရဲ့စုဖွဲ့မှု၊ အလှူရှင်တွေရဲ့ ပူးပေါင်းမှုတွေကြောင့် ဒီလိုအနေအထားအထိ ရောက်ခဲ့တာ။”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
