Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် လမ်းမ​ပေါ်မှမြင်ကွင်းများ

လိုင်းကားတစ်စီးပြီး တစ်စီးရောက်လာသော်လည်း လိုက်ပါသူမရှိသူမရှိ၍ ယခင်က ခရီးသည်များအဆင်း အတတ်နှင့် ဆူညံနေသည့် မှတ်တိုင်လေးမှာ ယနေ့နံနက်တွင်တော့ တိတ်ဆိတ်နေသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် လမ်းမ​ပေါ်မှမြင်ကွင်းများ
စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် လမ်းမ​ပေါ်မှမြင်ကွင်းများ

ရုံးသွား၊ရုံးလာ အလုပ်သမားများနှင့် စည်ကားလေ့ရှိသည့် ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေမှတ်တိုင်တွင်တော့ လူတစ်ယောက်၊နှစ်ယောက်သာရှိနေသည်။

လိုင်းကားတစ်စီးပြီး တစ်စီးရောက်လာသော်လည်း လိုက်ပါသူမရှိသူမရှိ၍ ယခင်က ခရီးသည်များအဆင်း အတတ်နှင့် ဆူညံနေသည့် မှတ်တိုင်လေးမှာ ယနေ့နံနက်တွင်တော့ တိတ်ဆိတ်နေသည်။

နံနက် ၁၀နာရီထိုးရန်နီးလာသည်နှင့်အမျှ ဆူးလေးနှင့် အနီးရှိလမ်းမများထက်တွင် ပို၍ တိတ်ဆိတ်‌ခြောက်ကပ်လာပါသည်။

ယခင်က နံနက် ၁၀နာရီအချိန်သည် ရန်ကုန်မြို့ ဆူးလေ ခုံးတံတားအောက်တွင် မီးပွိုင့်စိမ်းသည့်တိုင် တိုးမရသည့် ကားတန်းကို တွေ့မြင်ရလေ့ရှိသည်။ သို့သော် ယနေ့တွင်တော့ ကားများ ကျိုးတိုးကျဲတဲသာ သွားလာနေကြသည်။ အမြဲကားပိတ်လေ့ရှိသည့် အနော်ရထာ လမ်းမပေါ်တွင်လည်း ထိုအတိုင်းပင်။

Public Service Announcement

Public Service Announcement

ဆူးလေဘုရားပတ်ဝန်းကျင်၌ တက္ကစီများ၊ လိုင်းကားများနှင့် အိမ်စီးကား တစ်စီးတလေသာတွေ့မြင်ရသည်။ အထက်ပါမြင်ကွင်းမှာ စစ်တပ်က အာဏာသိမ်းမှု(၃)နှစ်ပြည့်မြောက်နေ့တွင် ဆန့်ကျင်ကြောင်း ပြသနေသည့် ပြည်သူများ၏ အသံတိတ်သပိတ်ပင်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှု (၃)နှစ်ပြည့်မြောက်သည့် ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် အသံတိတ်သပိတ်ပြုလုပ်သူများအား စစ်ကောင်စီက ခြိမ်းခြောက်မှုများရှိခဲ့သော်လည်း ပြည်သူအများစု ကြိုးစား၍ပါဝင်ခဲ့ကြသည်။

ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိတ်ဆိတ်မှုမှာ ကြီးစိုးခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်လုပ်ရပ်ကြောင့် ၂၀၂၂ ၊ ၂၀၂၃၏ ထိုနေ့ရက်ကို တိတ်ဆိတ်ခြင်းဖြင့် ဖြတ်ကျော်ခဲ့ကြသလို ယနေ့ (၃)နှစ်ပြည့်မြောက်နေ့တွင်လည်း တိတ်ဆိတ်စွာ ဖြတ်ကျော်ခဲ့ကြသည်။ စစ်တပ် ခြိမ်း​ခြောက်မှုများကြားမှ နိုင်ငံတစ်ဝန်း အသံတိတ်သပိတ် ဆင်နွှဲ​ခဲ့သော ၅ ကြိမ်​မြောက်လူထုလှုပ်ရှားမှုဖြစ်သည်။

တိတ်ဆိတ်ခြင်း ဆိုသော်လည်း ယခင်နှစ်များကဲ့သို့ အလုံးစုံပါဝင်ရန်မလွယ်ကူပေး။ အကြောင်းမှာ တိတ်ဆိတ်ခြင်းကို ကြောက်သော ‌စစ်ကောင်စီက သေနတ်ထောက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ထားသောကြောင့်ပင်။

သို့သော် လမ်းပေါ်တွင် လူမရှိသည့် ကိစ္စ‌ဖြေရှင်းရန် စစ်ကောင်စီက ထုံးစံအတိုင်းပင် ဖြေရှင်းခဲ့ပါသည်။ အခြားနည်းတော့မဟုတ်။ ၎င်း၏ အသုံးချခံ အမျိုးသားရေးလှုပ်ရှားသည်ဟုဆိုသူများအား လမ်းပေါ်စွဲတင်သည့် ကိစ္စပင်။

ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါး ဆော်ကား ဖျက်ဆီးနေသည့် အကြမ်းဖက်များနှင့် ဘာသာဖျက်များအား ဆန့်ကျင်ရှုတ်ချပွဲ ဟုခေါင်းစဉ်တပ်ကာ လူစုလူဝေးပြုလုပ်ခိုင်းခြင်းဖြစ်သည်။

ယင်းပွဲအတွက် လိုင်းကားအချို့တွင် သာသနာ့အလံများထောင်ကာ မြို့အတွင်း အမျိုးသားရေးသီချင်းများ ဖွင့်၍ လှည့်ပတ်နေခဲ့ပြီး မဟာဗန္ဓုလပန်းခြံအနီး၌ လူစုလူဝေးပြုလုပ်ရန် စီစဉ်ထားသည်ကို တွေ့ရသည်။

သို့သော် နံနက် ၁၀ နာရီအချိန်မှစတင်၍ လမ်းမများပေါ်တွင် တဖြည်းဖြည်း လူသူအသွားအလာနည်းပါးသွားခဲ့သည်။

လူစည်ကားလေ့ရှိသည့် ဈေးဝယ်စင်တာများ၌ပင် ယနေ့တွင် ဈေးဝယ်လာသူအနည်းငယ်သာတွေ့ရသည်။

လူစည်ကားသည့်နေရာတစ်ခုဖြစ်သော တာမွေ လမ်းဆုံအနီးရှိ Ocean ဈေးဝယ်စင်တာဘက်သို့ ထမင်းစားချိန် နေ့လည် ၁၂ နာရီခန့်တွင် ရောက်ရှိခဲ့ရာ လူအနည်းငယ်သာ တွေ့မြင်ရသည်။

ပုံမှန်အားဖြင့် အစားအသောက်ရောင်းချသည့် ဆိုင်များ၌ နေ့လည် ထမင်းစားချိန်သည် လူစည်းကားလေ့ရှိပြီး အရောင်းရဆုံးအချိန်ဖြစ်သော်လည်း ယနေ့တွင် စားသုံးသူအနည်းငယ်သာ ‌ရှိခဲ့သည်။

ထို့အတူ ကားတန်းရှည်ကြီးဖြင့် ပိတ်နေတတ်သည့် တာမွေလမ်းဆုံမှာလည်း ကားများပိတ်နေသည်ကို မမြင်တွေ့ရ။

ရန်ကုန်မြို့ကဲ့သို့ပင် မန္တလေး ၊ နေပြည်တော်၊ မုံရွာစသည့် မြို့များအပြင် နေရာဒေသတော်တော်များများ၌ တိတ်ဆိတ်ခြင်းသပိတ်ကို ဆင်နွဲခဲ့ကြကြောင်းလည်း ဒေသခံများက လူမှုကွန်ရက်၌ အသိပေးဖော်ပြထားကြသည်။

ယနေ့ ဖေဖော်ဝါရီ ၁ရက်တွင် နိုင်ငံတဝှမ်း ပြုလုပ်နေသည့် အသံတိတ်သပိတ်၌ မုံရွာ၊ ရွှေဘိုနှင့် ကနီမြို့နယ်တို့ရှိ ပြည်သူများလည်း ပါဝင်နေပြီး မြို့တွင်း၊ မြို့ပြင်လမ်းများပေါ် လူသူကင်းရှင်းနေကြောင်း မြို့ခံများက ပြောသည်။

မုံရွာမြို့တွင်းရှိ မုံရွာနာရီစင်၊ ချင်းတွင်းရတနာစျေး၊ ဗိုလ်ချုပ်လမ်း၊ ကျောက္ကာလမ်း၊ ပြည်ထောင်စုလမ်း၊ ဘုရားနီစျေး အစရှိသည့် လူစည်ကားရာနေရာများ၌ ရှင်းလင်းနေကြောင်း မြို့ခံများက ပြောသည်။

“မိဘပြည်သူလူထုကို အဓိကပြောချင်တာကတော့ လမ်းမပေါ်လူတွေတိတ်ဆိတ်သွားဖို့ပါ။မိမိရဲ့ဆိုင်တွေပိတ်ဖို့ မလိုပါဘူး။ပြည်သူလူထု့ရဲ့ပူးပေါင်းပါဝင်မှုက တကယ်ကို ကြက်သီးထစရာပါ။ ပုံပြထားတဲ့နေရာတွေမှာ ပုံမှန်ရက်တွေမှာ လူစည်ကားဆုံးနေရာတွေပါ။”ဟု မုံရွာသပိတ်အင်အားစုက ဆိုသည်။

ထို့အပြင် မုဒုံ၊ ထားဝယ်၊ မိုးကုတ်၊ မြင်းခြံ၊ ကလေးနှင့် ဖားကန့်မြို့တို့မှ ပြည်သူများကလည်း အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike)ကို ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ထို့ကြောင့် (၃)နှစ်ကြာခဲ့သော်လည်း အာဏာသိမ်းထားသည့် စစ်ကောင်စီကို တွန်းလှန်လိုသည့် စိတ်တူညီနေဆဲဖြစ်ကြောင်း အသံတိတ်သပိတ်များက သက်သေပြနေခြင်းပင်ဖြစ်သည်။

မန္တလေးမြို့တွင်လည်း အသံတိတ်သပိတ်ပျက်စီးစေရန် စစ်ကောင်စီက တောင်သမန်အင်း၌ တောင်သမန်မယ်ဇယ်လွင်ပြင် အခမ်းအနားအား ကျင်းပခဲ့သေးသည်။

အသံတိတ်သပိတ်ရှိ၍ စစ်ကောင်စီက ယာဥ်အဖမ်းအဆီးပင်နည်းသွားခဲ့သည်ဟု မြို့ခံအချို့ကဆိုသည်။ သို့သော် ပတ်ကင်းလှည့်ကင်းများဖြင့် လှည့်လည်စစ်ဆေးမှုများရှိကြောင်း မြို့ခံများက ပြောသည်။

သို့သော် မန္တလေးနေရာလမ်းပိုင်းအချို့တွင်မူ မဖြစ်မနေဖြတ်သန်းသွားလာသူအချို့ ရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

“ကြေညာတာ ရက်နည်းနည်းကပ်သွားတာပါမယ်ထင်တယ်။”ဟု မန္တလေးမြို့ခံများက ပြောသည်။

အာဏာသိမ်းစစ်တပ်ရန်ငြိုးဖွဲ့မည်စိုး၍ မဖြစ်မနေ သွားကြသော်လည်း ကျောက်ဝိုင်းထဲ၌ ကျောက်သမားလာရောက်မှု နည်းပါးသွားခဲ့သည်ဟု ကျောက်သမားအချို့က ပြောသည်။

“တရုတ်တွေတောင် သိပ်မထွတ်ကျဘူး”ဟု မြိုခံတစ်ဦးက ပြောသည်။ ။

ဆက်စပ်သတင်းများ

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

နိုင်ငံတကာ

နိုက်ဂျားဟာ နှစ်အနည်းငယ်လောက် ကာလအတွင်းမှာ စစ်တပ် အာဏာသိမ်းမှုအောက် ကျရောက်သွားတဲ့ နောက်ဆုံး အနောက်အာဖရိက နိုင်ငံအဖြစ် မှတ်တမ်းဝင်လာပါတယ်။ မကြာသေးခင်ကလည်း မာလီ၊ ဘာကီနာဖာဆိုနဲ့ အီကွေတိုရီရယ်လ် ဂီနီရာ နိုင်ငံတွေမှာ စစ်တပ်တွေက အသီးသီး အာဏာသိမ်းခဲ့ကြပါတယ်။

သတင်း

ဘိန်းအများဆုံးစိုက်ပျိုး​သော​ဒေသမှ ရှမ်းပြည်နယ် ဖြစ်ပြီး စိုက်ပျိုးမှု အားလုံး၏ ၃၉ ရာခိုင်နှုန်းအထိ့ရှိသည်။ရှမ်းပြည်နယ်ပြီးလျှင် ချင်းပြည်နယ်တွင် ၁၄ ရာခိုင်နှုန်း ၊ကယားပြည်နယ်တွင် ၁၁ ရာခိုင်နှုန်း ၊ကချင်ပြည်နယ်တွင် ၃ ရာခိုင်နှုန်း ဖြစ်​ကြောင်း UNODC က​ဖော်ပြသည်။

သတင်း

စစ်ကောင်စီကို အကြောင်းကြားရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကြောင့် လုပ်ငန်းပြီးပြတ်ရန် အချိန်နှင့်ငွေအင်အားထပ်မံလိုအပ်ခြင်း၊ လုံခြုံရေးအခြေအနေစိုးရိမ်ရခြင်းနှင့် ဂျပန်ယန်းငွေတန်ဖိုးကျဆင်းနေခြင်းတို့ကြောင့်ဖြစ်သည်ဟုဂျပန်အစိုးရက အကြောင်းပြထားသည်ဟုအဆာဟိရှင်ဘွန်းက​ရေးသားထားသည်။