■ပြင်သစ်နိုင်ငံရေးသမား၊ ကဗျာဆရာ၊ စာရေးဆရာ ဗစ်တာဟူဂို ရဲ့ နာမည်ကျော်အဆို့အမိန့်ဖြစ်တဲ့ “မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ဖို့ဟာတာဝန်ဖြစ်လာတယ်” ဆိုတဲ့ အတိုင်းပါပဲ ။ မင်းအောင်လှိုင်ရဲ့ မတရားတဲ့ဥပဒေကို တော်လှန်ဖို့ နိုင်ငံတစ်ဝန်းမှာရဲရင့်တဲ့ လူငယ်ထောင်ပေါင်းများစွာဟာတော်လှန်ရေးအဖွဲ့တွေဆီ သွားရောက်ပူးပေါင်းပြီးစစ်ပညာသင်ယူနေကြပါတယ်။
-စောနွေဦး/People’s Spring
“ဘယ် ညာ၊ ဘယ်ညာ၊ ဘယ်ညာ ဘယ်”
မြူခိုးတွေ အုံဆိုင်းနေတဲ့ မနက်ခင်းအလင်းရောင်အောက်မှာ လူငယ်တစ်စု ချွေးသံတရွဲရွဲ အပြေးလေ့ကျင့်နေတဲ့ အသံဖြစ်ပါတယ်။
ဒီလူငယ်တွေကတော့ မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်းက တပ်သားသစ်စုဆောင်းအစီအစဉ်အရ ဝင်လာတဲ့ ရဲဘော်တွေဖြစ်ပါတယ်။ သူတို့ဟာ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒကြောင့် စစ်ကောင်စီတပ်ထံမဝင်လိုတဲ့အတွက် အနယ်နယ်အရပ်ရပ်ကနေရောက်လာကြတဲ့ လူငယ်တွေဖြစ်ပါတယ် ။အခုသူတို့ဟာ ရဲဘော်အသစ်အဖြစ် စစ်ရေးလေ့ကျင့်ပေးနေကြပြီဖြစ်ပါတယ်။
အသားဖြူဖြူ ပိန်ပိန်ပါးပါး အသက် ၂၀ အရွယ် သူကိုယ်သူ မောင်မာဝီလို အမည်ပေးထားတဲ့ လူငယ်တစ်ဦးပါဝင်လည်းပါဝင်ပါတယ်။ သူက ရန်ကုန်မြို့ကနေပြီး မကွေးတိုင်း၊ မင်းဘူးခရိုင်၊အမှတ် (၆)တပ်ရင်းကို ရဲဘော်အသစ်အဖြစ်ဝင်လာတာပါ။
ဒီနှစ်ဆန်းပိုင်းအထိ့သူက ဒူဘိုင်းကိုသွားပြီး ဟိုတယ်လုပ်ငန်းတစ်ခုမှ လုပ်ကိုင်ဖို့ အစီအစဉ်တွေ ချထားတာပါ။ ဒါပေမယ့် အာဏာသိမ်းခေါင်းဆောင် ကဖေဖော်ဝါရီ ၁၀ ရက်မှာလက်မှတ်ထိုး အတည်ပြုလိုက်တဲ့ စစ်မှုထမ်းဥပဒေကာသူ့အစီအစဥ်တွေကို ပျက်စီးစေခဲ့ပါတယ်။ အာဏာသိမ်းစစ်အုပ်စု အာဏာတည်မြဲဖို့ ရှေ့တန်းတိုက်ပွဲတွေမှာ အသေခံပေးရဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေထွက်လာချိန်မှာတော့ ဂုဏ်သိက္ခာမဲ့ပြီး ကိုယ်ပြည်သူကို ပြန်သတ်နေတဲ့ စစ်တပ်မှာ တာဝန်မထမ်းချင်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ရောက်လာတဲ့ လူငယ်ဖြစ်တစ်ဦးဖြစ်တယ်။
“ဒူဘိုင်းသွားဖို့ အကုန်စီစဉ်နေတာ။ ဒီဥပဒေကြီးထွက်လာတော့ ဒီစစ်တပ်ကြီးက တော်တော်လည်း ဆုတ်ယုတ်ရွံရှာဖွယ်ကောင်းတယ်လေ။ဒါကြောင့် သေချင်ရင်သေပါစေဆိုပြီး စိတ်ပိုင်းဖြတ်ပြီး PDFထဲကို ဝင်လာတာ”လို မောင်မာဝီကပြောပါတယ်။
မောင်မာဝီဆိုတဲ့အမည်ကို သူ့ကြိုက်တဲ့ ကာတွန်းဇာတ်လမ်းမိုအာနား ( Moana) ဇတ်လမ်းထဲက စွန့်စားပြီးရဲရင့်တဲ့ Maui (မာဝီ)ကို သဘောကျလို့ သူ့ကိုယ်သူ တော်လှန်ရေးအမည် မောင်မာဝီလို့ပေးလိုက်တာပါ ။ မာဝီ ဆိုတဲ့ အမည်က နွေဦးတော်လှန်ရေးနဲ့ အတူ ထင်ရှားကျော်ကြားလာတဲ့ KNDF ဒုတိယစစ်ဦးစီးချုပ် အမည်နဲ့လည်းတူနေပါတယ် ။
ဒူဘိုင်းမှာ ဟိုတယ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ဖို့အတွက် ပတ်စ်ပို့လုပ်တာ ၊ ဟိုတယ်သင်တန်းတွေကို တက်ရောက်ဖို့ စီစဉ်ထားပြီးပြီလိုသူကဆိုပါတယ်။
“ဒူဘိုင်းက ဟိုတယ်ကြီးတွေရဲ့ ဘားကောင်တာမှာ အလုပ်လုပ်ချင်တာ ကျွန်တော်ရဲ့ အိမ်မက်ပါဗျာ။ ဒါတွေကတော့ အခု စွန့်လွှတ်လိုက်ပါပြီ။ ဒါကို ဆက်လုပ်နေရင် တိုက်ပွဲဝင်နေတဲ့ PDFတွေကို အားနာတယ်။”လို့ သူက ပြောပါတယ်။
မောင်မာဝီက တော်လှန်ရေးကို လူငယ်ပီပီ ပေါ့ပေါ့ပါးပါးပဲတွေးထားတဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။ သူပြောပြချက်အရ အာဏာရှင်စနစ်ကို မကြိုက်သလို၊ ဒီအာဏာသိမ်းတာကိုလည်း မကြိုက်ပါဘူး။ ဒါပေမယ့် လူငယ်ပီပီ အာဏာသိမ်း စစ်ခေါင်းဆောင်ကို သတ်ရမယ်။ ဒီစနစ်ကို ဖယ်ရှားရမယ်လို့ တွေးတတ်သူဖြစ်ပြီး ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာလည်း မသိခဲ့ပါဘူး။
အာဏာသိမ်းစမှာ PDFအဖွဲ့တစ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် ဒီအဖွဲ့က လူမလိုသေးကြောင်း နဲ့ သူတို့မှာ လက်နက်တပ်ဆင်ဖို့ အခက်အခဲရှိတယ်လို့တုန့်ပြန်ခဲ့ပါတယ်။ ဒါကြောင့်လက်နက်ကိုင်တော်လှန်ချင်တဲ့ စိတ်ကို မြိုသိပ်ထားခဲ့ပါတယ်။ဒါပေမယ့် တော်လှန်ရေးအတွက် နိုင်တဲ့ ဘက်ကနေ ရန်ပုံငွေရဖို့ကလစ်တာ၊ တော်လှန်ရေးရုပ်သံတွေကို ယူကျုချန်နယ်က ကြည့်ပေးရုံနဲ့သာ တော်လှန်ရေးအတွက် ပါဝင်ပေးနိုင်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းစကက သူက အသက် ၁၇ နှစ်သာရှိပါသေးတယ်။ အခုတော့ သူက အသက် ၂၀ အရွယ် လူငယ်တစ်ဦးဖြစ်လာပါပြီ ။ နိုင်ငံတစ်ဝန်းရှုံးပွဲဆက်နေတဲ့ စစ်ကောင်စီက သူတို့အာဏာသက်ရှည်ဖို့ လူငယ်တွေကို အဓမ္မစစ်သားစုဆောင်းလာတဲ့ အချိန်မှာ မောင်မာဝီရဲ့မိဘတွေကလည်း သားဖြစ်သူရဲ့ တော်လှန်ရေးမှာ လက်နက်ကိုင်တိုက်ပွဲဝင်လို့တဲ့ ဆန္ဒကို သဘောတူ ခွင့်ပြုလိုက်ကြပါတယ်။
“အရင်တုန်းက PDFထဲဝင်ဖို့ အဆက်အသွယ်လည်းမရှိခဲ့ဘူးလေ။အခုတော့ တပ်ရင်း၊တပ်ဖွဲ့တွေက ဖေ့ဘွတ်ခ်ပေ့ချ်တွေက ဖိတ်ခေါ်တာရှိတယ်။ ဒီကနေ့ အလွယ်တကူဆက်သွယ်လို့ရသွားတာ”လို့ သူကပြောပါတယ်။
PDFထဲကို သူဝင်တယောက်တည်းဝင်ခဲ့တာမဟုတ်ဘဲ သူနဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း ၈ ယောက်လည်း ပါခဲ့ပါတယ်။ အခုဆိုရင် သူတို့ဟာ မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်းမှ အခြေခံစစ်ပညာသင်နေပါပြီ။
မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းရဲ့ ရဲဘော်သစ် လက်ခံရေးတာဝန်ခံက “စစ်ကောင်စီက ဒီဥပဒေထုတ်ပြီးပြီးခြင်းမှာဘဲ ကျတော်တို့ တပ်ရင်းက အရာရှိတွေတိုင်ပင်ပြီး လူငယ်တွေကို ဖိတ်ခေါ်ဖို့ စီစဉ်ခဲ့တာဗျ။ ဒီထဲမှာ သူတို့က ပထမဦးဆုံး ဆက်သွယ်တဲ့အထဲမှာပါတယ်”လို့ ပြောပါတယ်။
သူတို့ဟာ တပ်ခွဲ (၃)ရဲ့ မက်ဆင်ဂျာက လာရောက်ဆက်သွယ်တာဖြစ်ပြီး ဆက်သွယ်လာသူတွေကို စီစစ်စုံစမ်းပြီးကတည်းက သူတို့ဟာ အမှန်တကယ် PDFဖြစ်ချင်တဲ့ လူငယ်တွေဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ရှိရတယ်လို့ အဆိုပါတပ်ရင်း ထောက်လှမ်းရေးတာဝန်ခံကပြောပါတယ်။ သူတို့သာ စစ်ကောင်စီက ဥပဒေထုတ်ပြီး တပတ်အတွင်းမှာတပ်ရင်းထဲကို ရောက်လာသူများဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ရက်မှာ အကောင်အထည်ဖော်မယ်လို့ကြေညာပြီးနောက် ဒီဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နေတယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။ မတ် ၂၂ ရက်အထိ ဒီဥပဒေကို တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၃၃၀ အနက် ၁၇၂ မြို့နယ်မှာ အကောင်အထည်ဖော်ဖို့ စာရင်းကောက်တာ၊ မဲနှိုက်တာ၊ လူငယ်တွေကို စာရင်းသွင်းဖို့ ဆင့်ခေါ်တာတွေ စတင်နေတယ်လို့လည်းဆိုထားပါတယ်။
ဒီထဲမှာ လူဦးရေများတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့ နေပြည်တော်က မြို့နယ်အများစုမှ စတင်အကောင်အထည်ဖော်နေတာလို့ဆိုထားပါတယ်။
တစ်ကယ်တော့ စစ်ကောင်စီဟာနိုင်ငံတစ်ဝန်းမြို့ပေါင်း ၄၀ ကျော်လက်လွှတ်ဆုံးရှုံးပြီးတော့ ခုခံတော်လှန်တိုက်ပွဲများ အရပ်မျက်နှာအစုံ ပေါ်ပေါက်လာချိန်မှာ စစ် အုပ်စုက စစ်မှုထမ်းဥပဒေကို နောက်ဆုံးနည်းလမ်းအနေနဲ့သုံးလာခဲ့တာဖြစ်ပါတယ် ။
ရှေ့တန်းစစ်မြေပြင်တွေမှာသေဆုံးသူ ၊ဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊လက်နက်ချ အလင်းဝင်သူ ၊ စစ်အာဏာရှင်တွေအတွက်အသေခံ စစ်မတိုက်လိုတော့သူ များလာပေမယ့် စစ်တပ်ထဲဝင်လိုသူ မရှိတော့ချိန်မှာ မတရားတဲ့ ဒီဥပဒေကိုထုတ်ပြန်လာတာဖြစ်ပါတယ်။
မတ် ၂၉ ရက်ကစပြီး စစ်သားသစ်အဖြစ် ဖိအားပေးစုဆောင်းထားသူတွေကို စစ်ကောင်စီကလေ့ကျင့်ရေးကျောင်းတွေစပို့နေပြီလို့ ထုတ်ပြန်နေပါတယ်။ မဲနှိုက်တာ ၊ဖိအားပေးရွေးချယ်တာ စတဲ့နည်းလမ်းအစုံနဲ့ စစ်သားသစ်အတွက်အမည်စာရင်းပေါက်ပြီး မလာသူတွေကို ရန်ကုန် မြို့နယ်အချို့မှာ စစ်ကောင်စီက အင်အားသုံးဖမ်းဆီးခေါ်ဆောင်တာတွေရှိတယ်လို့ ပြည်သူတချို့ကပြောပါတယ် ။
ရန်ကုန်မြို့ ရပ်ကွက်တစ်ခုက လူငယ်တစ်ဦးဆိုရင် မဲပေါက်တာကြောင့် အိမ်ကနေ ထွက်ပြေးသွားလို့ စစ်ကောင်စီတပ်သားတွေက သူ့အိမ်ကိုချိတ်ပိတ်မယ်လို့ ရပ်ကွက်ထဲသတင်းထွက်နေသလို ၊ တခြားလူငယ်တစ်ဦးနဲ့အစားထိုးဖို့လည်းလုပ်နေတယ်လို့ ဒေသခံတစ်ဦးက မတ်လတတိယပါတ်မှာ လူထုနွေဦး ကိုပြောပါတယ် ။
“ဒီ ဥပဒေက ဆုတ်ယုတ်ရွံရှာဖွယ်ကောင်းတဲ့ နည်းလမ်းနဲ့ အဓမ္မ စစ်သားစုတာပါပဲ။ ဒါကို ရှောင်ချင်တဲ့ဘယ်သူမဆို ကြိုဆိုဖို့ အသင့်ပါပဲ”လို့ မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်း၊တပ်ခွဲ (၃) တပ်ခွဲမှုး ဖြိုးကိုကပြောပါတယ်။
ပြင်သစ်နိုင်ငံရေးသမား၊ ကဗျာဆရာ၊ စာရေးဆရာ ဗစ်တာဟူဂို ရဲ့ နာမည်ကျော်အဆို့အမိန့်ဖြစ်တဲ့ “မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ဖို့ဟာတာဝန်ဖြစ်လာတယ်” ဆိုတဲ့ အတိုင်းပါပဲ ။ မင်းအောင်လှိုင်ရဲ့ မတရားတဲ့ဥပဒေကို ခုခံတော်လှန်ဖို့ နိုင်ငံတစ်ဝန်းမှာရဲရင့်တဲ့ လူငယ်ထောင်ပေါင်းများစွာဟာတော်လှန်ရေးအဖွဲ့တွေဆီ သွားရောက်ပူးပေါင်းပြီးစစ်ပညာသင်ယူနေကြပြီဖြစ်ပါတယ်။
မတ်လနောက်ဆုံးပါတ်အထိ့ မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်း၊တပ်ခွဲ (၃) ကို စစ်မှုမထမ်းမနေရဥပဒေအပြီးမှာ ရဲဘော်အသစ် ၆၀ ကျော်ဝင်ရောက်လာခဲ့တယ်လို့ သူပြောပါတယ်။ ဒီ အယောက် ၆၀မှာ အသက် ၁၈ နှစ်က ၂၇အတွင်း လူငယ်တွေပဲဖြစ်ပါတယ်လို့သိရပါတယ်။
မောင်မာဝီအပါအဝင် တော်လှန်ရေးအဖွဲ့တွေဆီရောက်လာပြီး စစ်ပညာသင်ယူနေတဲ့လူငယ်တွေကိုအခု စစ်ပညာသင်ပေးနေတဲ့ PDF တပ်ရင်းတွေက အရာရှိတွေဟာ နွေဦးတော်လှန်ရေးအစမှာ အာဏာလုစစ်အုပ်စုကို ဆန္ဒပြတောင်းဆိုပေမယ့် သေနတ်ပစ်ခတ်သတ်ဖြတ်မှုတွေသာကြုံရတဲ့အတွက် လက်နက်ဆွဲကိုင်တော်လှန်ဖို့ ဆုံးဖြတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေဆီမှာ စစ်ပညာသင်ယူတိုက်ပွဲဝင်နေတဲ့ လူငယ်တွေဖြစ်ပါတယ် ။ နွေဦးတော်လှန်ရေးတဲ့ ထူးခြားလှတဲ့ သရုပ်လက္ခဏာဖြစ်တဲ့ ခေတ်တိုင်းရဲ့ မျိုးဆက်တွေဟာ မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ဖို့ အတူပေါင်းစည်းပြီး စုပေါင်းတော်လှန်နေကြတာပဲဖြစ်ပါတယ်။
လူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သား( PDF)အဖြစ် အခြေခံစစ်ပညာစတင်သင်ကြားနေကြပြီမို့ အခုဆိုရင် မောင်မာဝီလည်း အမေအိမ်တုန်းကလို့ ထမင်းစားပြီးရင် ပန်ကန်မဆေးတဲ့ လူငယ်လေးမဟုတ်တော့ပါဘူး။ ကိုယ်ကိုကိုယ့်အားကိုးတတ်တဲ့သူဖြစ်နေပြီလိုဆိုပါတယ်။
“အိမ်မှာဆိုရင် မကြိုက်တဲ့ဟင်းဆိုမစားဘူး။အခုတော့ ဘာပဲဖြစ်ဖြစ် စားလိုမြိန်နေပြီ။ ဝါးလည်းခုတ်တတ်ပြီ။တဲလည်း ဆောက်တတ်နေပြီ”လို့ သူကပြောသည်။
အာဏာရှင်တော်လှန်ရေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သာမကဘူး၊ ဘယ်အာဏာရှင်မဆို တော်လှန်သွားမှာပါလို့လည်း သူကဆိုပါတယ်။
အခု စစ်သင်တန်းပြီးသွားရင် တပ်ရင်းထဲမှာ စနှိုက်ပါသမားတစ်ယောက်ဖြစ် နဲ့ တာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ထားရင်း သင်တန်းကာလမှအပြင်းအထန်ကြိုးစားနေပါတယ်။
“မဖြစ်မနေ စစ်မှုထမ်းရတဲ့ သူတွေအတွက် စိတ်မကောင်းဘူး။ ဘက်မတူလို့ ပစ်ရ ၊ခတ်ရရင်လည်း စိတ်မကောင်းပါဘူးလို့ အခုကတည်းက တောင်းပန်ပါရစေ”လို့ မောင်မာဝီကပြောလိုက်ပါတယ်။
ဒီလိုမဖြစ်အောင် စစ်ကောင်စီတပ်မှာ အဓမ္မ စစ်သားသစ်စုဆောင်းခံရတဲ့လူငယ်တွေအနေနဲ့ အမြင်မှန်ဖို့လို့သလို ၊သတ္တိရှိရှိနဲ့ တော်လှန်ရေး အဖွဲ့တွေဆီ အခွင့်အရေးရတာနဲ့ လက်နက်ချဖို့ ၊ ကူးပြောင်းလာဖို့ သူကသတင်းစကားပါးလိုက်ပါတယ် ။