Connect with us

Hi, what are you looking for?

ဆောင်းပါး

ဧရာဝတီတိုင်းမှာပထမဆုံး ဗုံးခိုကျင်းတူးသူ

ဧရာဝတီတိုင်းသားများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်တိုက်ခိုက်မှုများကိုသင်ခန်းစာယူရန် ရခိုင်တိုင်းရင်းသားအချို့ကသတိပေးသည်။

ဧရာဝတီတိုင်းသားများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်တိုက်ခိုက်မှုများကိုသင်ခန်းစာယူရန် ရခိုင်တိုင်းရင်းသားအချို့ကသတိပေးသည်။
ဧရာဝတီတိုင်းသားများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်တိုက်ခိုက်မှုများကိုသင်ခန်းစာယူရန် ရခိုင်တိုင်းရင်းသားအချို့ကသတိပေးသည်။

‌ဇော်ဂျီ(ဧရာဝတီ)/People’s Spring

ဦးစိန်(အမည်လွှဲ)တစ်ယောက် သူ့ခြံထောင့်တစ်နေရာကို ပေါက်တူးဖြင့် အားကုန်ပေါက်ချလိုက်သည်။ ပေါက်တူးပေါက်နေချိန်၌ သူ့လက်ဖျံအကြောများ တင်းမာနေသော်လည်း မျက်နှာပေးကမူ စိုးရိမ်နေဟန် နှင့် ခက်ထန်‌နေဟန် ရောပြွန်းနေသည်။

“နိုင်ငံတော်ရဲ့ ပုလ္လင်ပေါ် မအပ်မစပ်တက်လာတဲ့ ခွေးတစ်ကောင်ကြောင့် အညာရော၊အကြေရော ဒုက္ခရောက်နေရပြီ ငါ့တူရေ”စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့်လူထုတော်လှန်ရေးအတွင်း အထက်ပိုင်းဒေသရော၊ အောက်ပိုင်းဒေသများအပါအဝင် တစ်နိုင်ငံလုံးမှ ပြည်သူများ ဒုက္ခရောက်နေကြပုံကို ဦးစိန်က ရည်ရွယ်ငြီးတွားခြင်းဖြစ်သည်။

ဦးစိန်ကဧရာဝတီတိုင်းမှမြို့နယ်တစ်မြို့နယ်တွင် နေထိုင်သည်။ စိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင်သည်။ ဘာလုပ်လုပ် လက်​တွေကျကျလုပ်တက်​သောဦးစိန်က သားသမီး သုံးဦးရှိသည့်အနက်အသက် ၁၈နှစ်အရွယ်သားဖြစ်သူကို တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့နယ်မြေတစ်ခုတွင် PDFသင်တန်းတက်စေခဲ့သည်။ သားအဖနှစ်ဦး ခက်ခက်ခဲခဲညှိနှိုင်းတိုင်ပင်စရာမလိုဘဲ ဆုံးဖြတ်နိုင်ခဲ့ကြခြင်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခုဆိုလျှင် သားဖြစ်သူက အသက် ၂၂နှစ်အရွယ် PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်နေပြီ။သားဖြစ်သူနှင့် ရံဖန်ရံခါမှသာ အဆက်အသွယ်ရှိသော်လည်းနေ့စဉ်သတင်းများနှင့် အဆက်အသွယ်မပြတ်သည့် ဦးစိန်က ဧရာဝတီတိုင်းအတွင်းလက်ရှိဖြစ်နေသည့် နိုင်ငံရေးအခင်းအကျင်းကို မှန်းဆထားနိုင်သည်။

ယခုလည်း ဦးစိန်က ခေတ်ကာလအခြေအနေ၊ အချိန်အခါနှင့်အညီ လက်တွေ့ကျသည့်အလုပ်တစ်ခုကို အကောင်အထည်ဖော်နေသည်။ ဗုံးခိုကျင်းတူးခြင်းဖြစ်သည်။ ကြံ့ခိုင်ပြီး လုံခြုံသည့် ဗုံးခိုကျင်းတစ်ကျင်းတူးနိုင်ရေးအတွက် အချက်အလက်များကို သတင်းဌာနစာမျက်နှာများမှတဆင့် သူရှာ‌ဖွေသည်။ သားဖြစ်သူက ဗုံးခိုကျင်းတူးနည်းကို သတင်းဌာနများက​ ရုပ်ပုံများနှင့်တကွ အ​သေးစိပ်ဖော်ပြ​ထားမှုကို ဦးစိန်ထံ ပို့​ပေးခြင်းဖြစ်သည်။

လိုအပ်သည့် သစ်တုံးများကိုခြံထဲမှ ခုတ်ပြီး မလောက်၍ပြင်ပမှကိုဝယ်ရသည်။ သဲအိတ်များကို ဧရာဝတီမြစ်သောင်ပြင်ဆီမှ သူကိုယ်တိုင် ထော်လာဂျီဖြင့် သွားသယ်သည်။ အရေးပေါ်အခြေအနေတွင် မိသားစုပုန်းခိုရန် စနစ်တကျတူးထားသည့် ကြံ့ခိုင်သောဗုံးခိုကျင်းကို ဦးစိန်ကတူးနေခြင်းဖြစ်သည်။

ဦးစိန်၏အမျိုးသမီးက တောသူတောင်သားပီပီ စကားနည်းသည်။ အိမ်မှုကိစ္စမှလွဲ၍ ကျန်တာစိတ်မဝင်စား။ သို့သော် အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်နေမှုများကို သူသိသည်။ လင်ယောက်ျားဖြစ်သူ ဗုံးခိုးကျင်းတူးနေသည်ကို သူကအထင်ကြီးလေးစာနေသည်။

လုံခြုံမှုရှိသည်ဟုခံစားရကြောင်း ပြောသည်။

” ဒီရက်လေယာဉ်တွေ န်ိမ့်နိမ့်လေးတွေ ပျံသွားတာ ခဏခဏပဲ။ အရီးတို့တွေ ပုန်းဖို့ ၊ ခိုဖို့နေရာရှိရမယ်။ ဦးစိန်က တူးနေတာကို မြင်တော့ အရီးနည်းနည်းစိတ်အေးတယ်” သူကဆိုသည်။

ဧရာဝတီတိုင်းနှင့် အစိမ်းသက်သက်ဖြစ်သော ဗုံးခိုကျင်းဆိုသည်ကို တူးဖော်တည်ဆောက်ရန်ဦးစိန်တစ်ယောက် ဆုံးဖြတ်ရခြင်းအကြောင်းက ခိုင်ခိုင်မာမာရှိသည်။ လက်ရှိနိုင်ငံရေးနှင့်စစ်ရေးအခြေအနေများကြောင့်ဖြစ်သည်။

ဧရာဝတီတိုင်း အနောက်မြောက်ဖက်တကြောလုံးနှင့် ကုန်းလမ်းရော ရေလမ်းပါ ဆက်စပ်နေသည့် ရခိုင်ပြည်နယ်မှမြို့အများအပြားကို က အာရက္ခတပ်တော်တော်(AA)ကတစ်မြို့ပြီးတမြို့သိမ်းယူနေသည်။ မနေ့တနေ့ကပင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်သိမ်းထားသည်။ ဗိုလ်မှူးချုပ်အဆင့်စစ်ဗိုလ်ချုပ်အချို့ကို တစ်ဦးပြီးတဦးဖမ်းဆီး​နေသည်။ AA၏ စစ်ရေးစွမ်းရည်ကို ဧရာဝတီတိုင်း ဒေသခံများက ရခိုင်ရိုးမ၏ ဒီဘက်ခြမ်းမှနေ၍ အားကျနေကြသည်။

ဧရာဝတီတိုင်းသည်နေပြည်တော်၊ ရန်ကုန်နည်းတူ ယနေ့အထိ စစ်ကောင်စီကို ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်သေးသောဒေသဖြစ်သည်။ နွေဦးတော်လှန်ရေးကာလအစတွင် ကျုံပျော်မြို့၌ တစ်ကြိမ်ဖြစ်ခဲ့ဖူးပြီး ယင်းနောက်ပိုင်းတွင် ယနေ့အထိ စစ်ကောင်စီတပ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ မရှိတော့ပေ။

ကျုံပျော်မြို့ဖြစ်စဉ်က ၂၀၂၁ ဇွန်လ ၅ရက်က ဖြစ်ခဲ့သည်။ရွှေလှေဆွဲရွာမှ အမျိုးသားတစ်ဦးအား စစ်တပ်ကလာရောက်ဖမ်းဆီးစဉ် ဒေသခံများက စစ်ကြောင်းကို ပိတ်ဆို့ဟန့်တားခဲ့သည်။ စစ်ကောင်စီ၏ စက်သေနတ်များကို ဒေသခံများက လုပ်သေနတ်များဖြင့် အန်တုခဲ့ရသည်။ လက်ရည်မညီသောထိုတိုက်ပွဲတွင် ဒေသခံသုံးဦးသေဆုံးခဲ့သည်။ ထို့နောက်ပိုင်းတွင် ကျုံပျော်၊ဟင်္သာတ၊ ဘိုကလေး၊ ဖျာပုံ၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ ကြံ့ခင်း၊ ချောင်းသာမြို့တို့၌ စစ်ကောင်စီဒေါက်တိုင်များအား ပစ်မှတ်ထားရှင်းလင်းခြင်းတို့သာ ရှိခဲ့သည်။

ဧရာဝတီတိုင်းမှ စိတ်ဓာတ်ကြံ့ခိုင်သောလူငယ်အချို့သည်ယင်းအချိန်က တော်လှန်ရေးအားကောင်းနေပြီဖြစ်သည့် အညာဒေသနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထိန်းချုပ်ထားသည့်ဒေသများသို့ သွားရောက်ပြီးစစ်ပညာသင်ကြားခဲ့ကြသည်။၂၀၂၁ မှ ၂၀၂၄ နှစ်ကုန်အထိ ကျန်တိုင်းနှင့်ပြည်နယ်များတွင် စစ်အာဏာရှင်အားတိုက်ခိုက်သည့်တိုက်ပွဲများ ဖြစ်ပွားနေခဲ့သော်လည်း ဧရာဝတီတိုင်းသည်ရန်ကုန်၊နေပြည်တော်တို့ကဲ့သို့ပင် ငြိမ်ချက်သားကောင်းနေသည်။

ယခုအခါ AAက ဧရာဝတီတိုင်းနှင့်တိုက်ရိုက်ထိစပ်နေသည့် ရခိုင်ပြည်နယ်၏တောင်ဘက်အကျဆုံးမြို့ဖြစ်သော ဂွမြို့နယ်အထိ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေသည်။ မကြာမီသိမ်းယူနိုင်တော့မည်ဟု တရားဝင်ထုတ်ပြန်ထားသည်။ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် ရခိုင်ရိုးမ​တောင်​ပေါ်တွင်ပါ ထွက်​ပြေးစစ်သားများနှင့် စစ်ကူလာ​သောစစ်သားများကို အာရက္ခစစ်သည်များကလိုက်လံပိတ်ဆို့တိုက်ခိုက်​နေ၍ တိုက်ပွဲများပြင်းထန်​နေသည်။

ထိုအခြေအနေတွင် ဧရာဝတီတိုင်းဘက်ခြမ်း၌ ဒီဇင်ဘာလ တတိယလပတ်မှစတင်ကာ စစ်ရေးအခြေအ‌နေ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

စစ်ကောင်စီက ရေကြည်၊ကျုံပျော်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ မြန်အောင်၊ ဟင်္သာတ၊ ကြံ့ခင်း၊ ပုသိမ်မြို့တို့ကို လုံခြုံရေးတင်းကြပ်လိုက်သည်။ ရေကြည်မြို့တွင် တိုက်လေယာဉ်များဆင်းသက်နိုင်သည့် လေယာဉ်ကွင်းတစ်ခု အရေးပေါ်တည်ဆောက်သည်။ရန်ကုန်နှင့် ရခိုင်ပြည်နယ်ဘက်မှအဝင်လမ်းများကို အင်အားအများပြားချလိုက်သည်။ ဧရာဝတီနှင့် ရခိုင်ပြည်နယ် ဆက်စပ်နေသော ရိုးမတစ်လျှောက် မြေမြှုပ်မိုင်းများထောင်သည်။ မြို့တွေကို ပိတ်စစ်သည်။

​ဒေသခံပြည်သူများအားဖိအားပေး၍ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းသည်။ လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးသည်။ ဒီဇင်ဘာလ၁၉ရက်နေ့ကဖြစ်စဉ်တစ်ခုတွင် ဂွမြို့နယ်မှ စစ်ဘေးရှောင်များလိုက်ပါလာသည်ကားအား လေးမျက်နှာမြို့နယ်ထဲတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ရာစစ်​ရှောင်ပြည်သူ ရှစ်ဦးသေဆုံးခဲ့သည်။ ထို့အပြင် AAကို စစ်ရှုံးပြီး ရှက်ရမ်းရမ်းနေသည့်စစ်ကောင်စီက ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များကို နည်းမျိုးစုံဖိအားပေးသည်။ ချောင်းသာနှင့်ရွှေသောင်ယံမြို့နယ်ရောက် ရခိုင်စစ်ဘေးရှောင်များကို ပင်လယ်ထဲ ငါးဖမ်းခွင့်ပိတ်ပင်သည်။ ထွက်သွားရန်နှင်လွတ်သည်။

မြို့များသည် ရုတ်တရက်တိတ်ဆိတ်သွားသည်။ နယ်မှမြို့ပေါ်သို့တက်လာသူများ သိသိသာသာနည်းသွားသည်။ ကုန်စျေးနှုန်းများ မြင့်တက်လာသည်။ရခိုင်ပြည်နယ်ဘက်မှတိုက်ပွဲများသို့ သွားရောက်တိုက်ခိုက်သည့် တိုက်လေယာဉ်ပျံသန်းများ၊ ရဟတ်ယာဉ်ပျံသန်းမှုများ နေ့စဉ်လိုလိုမြင်တွေ့လာရသည်။စစ်နှင့် တည့်တိုးမကြုံရသေးသော်လည်း စစ်ရိပ်စစ်ငွေ့သမ်းနေပြီဆိုသည်ကို ဧရာဝတီသားတိုင်းသိသည်။

ရခိုင်ပြည်နယ်ဘက်၌ AAက အောင်ပွဲခံပြီး စစ်ကောင်စီကသွေးပျက်နေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်မှ တိုင်းစစ်ဌာန(ဧရာဝတီ)က ကြေညာချက်တစ်စောင် ဒီဇင်ဘာလ၁၂ရက်နေ့ကတော့ ထုတ်ပြန်သည်။ဧရာဝတီတိုင်းသို့ ထိုးဖောက်ဝင်ရောက်ရေးအတွက် မဟာမိတ် (EROs) များနှင့်ပူးပေါင်း၍တိုက်ပွဲဝင်လျက်ရှိကြောင်း အသိပေးခဲ့သည်။

နွေဦးတော်လှန်ရေးကာလအစက ဇာတိနေရပ်မှရုတ်တရက်ပျောက်ကွယ်သွားခဲ့သော ဧရာဝတီတိုင်းမှ လူငယ်များသည်အနက် အချို့သည် စစ်သားကြီးများအသွင်သဏ္ဍာန်ဖြင့်အချိန်ကိုက် ပြန်ပေါ်လာသည်။ ၎င်းတို့က အာရက္ခတပ်တော်(AA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသားအစည်းအရုံး(KIA) နှင့် အညာဒေသရှိ PDF တပ်ရင်းများအပြင် ‌တော်လှန်ရေးတပ်အချို့တွင် စစ်ရေးတာဝန်များထမ်းဆောင်ခဲ့ကြသည်။ လေ့လာစုံစမ်းမှုများအရ AA ၏ အမ်းနှင့်ဂွမြို့သိမ်းတိုက်ပွဲတွင် PDFတပ်ရင်း ငါးရင်းအထိ ပါဝင်တိုက်ခိုက်နေသည်ဟု သိရှိရသည်။ ဧရာဝတီသား PDFများသည် လေ့ကျင့်သားပြည့်ဝစွာဖြင့် နေရပ်ပြန်လာကြပြီဟု လူမှုကွန်ရက်မှတစ်ဆင့် တစ်စွန်းတစ်စအသိပေးလာသည်။

ရခိုင်ရိုးမှတောင်တန်းကြီး၏ တစ်ဖက်ခြမ်းတွင် အောင်ပွဲခံနေသည့် AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လက်ရှိတိုက်နေသည့်တိုက်ပွဲများသည် ရခိုင်ပြည်နယ်လွတ်မြောက်ရေးတစ်ခုတည်းအတွက်သာမဟုတ်ဘဲ ပြည်သူလူထုအားလုံး လွတ်မြောက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဟု ပြောကြားဖူးသည်။ ခြေသံငြိမ်သည့် AA၏ ခြေလှမ်းများသည် မဟာမိတ်များနှင့်အတူဧရာဝတီတိုင်းအတွင်းထိဝင်ရောက်လာလိမ့်မည်ဟု သုံးသပ်ချက်များရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကလည်း အာရက္ခတပ်တော် (AA) နှင့်အတူ မြန်မာပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေး၊ စစ်အာဏာရှင် အဆုံးသတ်ရေးအတွက် လက်တွဲပူးပေါင်းမည်ဟုဒီဇင်ဘာလ ၂၂ ရက်တွင်ပင် AA ထံ သဝဏ်လွှာပေးပို့လိုက်ပြီဖြစ်သည်။

စစ်ပွဲများဆက်တိုက်ရှုံး​နေ​သော စစ်​ကောင်စီသည်ရခိုင်ပြည်နယ်တွင်သာမက မြန်မာနိုင်ငံအနှံ့တွင် စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံများ၊ ဆေးခန်းများ၊စာသင်ကျောင်းများ၊ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့အပြင် ရပ်ရွာများကို မီးရှို့ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းတို့ကို နေ့စဉ်နေ့တိုင်းပြုလုပ်ကာ မထူးဇာတ်ခင်းလျက်ရှိကြသည်ဟုAA က ဒီဇင်ဘာလ၂၁ရက်နေ့တွင်ထပ်မံသတိပေးထားသည်။

တစ်ဖက်တွင် ဧရာဝတီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့က ဒေသခံများ စစ်ရေးအခြေနေကိုသတိပြုနေထိုင်ကြရန် သတိပေးလာသည်။

ဦးစိန်အပါအဝင် ဧရာဝတီတိုင်းသားများ၏ ယခုရက်ပိုင်း မိသားစုအတွင်းစကားဝိုင်းများ၊ မိတ်ဆွေအပေါင်းသင်းချင်းပြောကြသည့် စကားဝိုင်းများ၌ AA၏ စစ်ရေးစွမ်းရည်အကြောင်း၊ KIA၏ မြို့သိမ်းတိုက်ပွဲများကြောင်း၊ NUGနှင့် PDFက တိုင်းအတွင်း မည်ကဲ့သို့ စစ်ရေးဖော်ဆောင်လာနိုင်ကြောင်း သုံးသပ်ချက်များ မပါမဖြစ်ရှိနေသည်။ လုံခြုံရေးအတွက် တိမ်းရှောင်ရန် ကြိုတင်ပြင်ဆင်မှုများရှိလာသည်။ စားနပ်ရိက္ခာဝယ်စုသူအချို့ရှိသည်။ ဗုံးခိုကျင်းတူးရန် ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုခြင်းမူ မရှိကြသေးပေ။ စစ်ကို တကယ်မကြုံသေး၍ဖြစ်နိုင်သည်။ ဗုံးခိုကျင်းကို လက်တွေ့တူးနေသူမှာ ဦးစိန်ဖြစ်သည်။

ဧရာဝတီတိုင်းသားများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအကြမ်းဖက်တိုက်ခိုက်မှုများကိုသင်ခန်းစာယူရန် ရခိုင်တိုင်းရင်းသားအချို့ကသတိပေးသည်။

ရခိုင်ပြည်နယ်၌ ၂၀၂၃ နိုဝင်ဘာလမှစတင်သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းမှအဓိကထားတိုက်ခိုက်မှု၌ အရပ်သားသေဆုံးသူ ၇၀၀ ဦးထက်မနည်း ရှိခဲ့သည်။ တံတားအစင်း၃၀ နီးပါး၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများအပါအဝင် အဆောက်အအုံ ၁၅၀ ကျော် ဖျက်ဆီးခဲ့သည်။တိုက်ပွဲများအတွင်း စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထား၍လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း AAက မကြာခဏထုတ်ပြန်သတိပေးခဲ့သည်။

“ကျတော်တို့က အခက်အခဲကနေလွန်မြောက်ခဲ့ပြီလို့ပြောလို့ရမယ်။ ကျန်တဲ့ ညီအစ်ကို‌တွေအနေနဲ့ ကျနော်တို့ရဲ့စစ်ရေးအတွေ့အကြုံတွေကို သင်ခန်းစာယူဖို့ပြောချင်တယ်” ဟု အမ်းမြို့မှ ဒေသခံတဦးကပြောသည်။

အသက် ၆၀ အရွယ် ဦးစိန်ကတော့ သူ့ဘဝတွင် စစ်ပွဲကိုမကြုံခဲ့ဘူးသော်လည်း ဧရာဝတီတိုင်းအတွင်း စစ်ရိပ်စစ်ငွေ့သမ်းနေမှုသည် နိုင်ငံရေးအရအဓိပ္ပာယ်ရှိသည်ဟု ရှုမြင်ထားသည်။ မကြာမီရင်ဆိုင်ရနိုင်သည့် စစ်ပွဲကို ဒေသခံများသည် အထိအခိုက်နည်းစွာဖြင့် ဖြတ်ကျော်နိုင်ရန် ကြိုတင်ပြင်ဆင်သင့်သည်ဟုသူက အကြံပြုသည်။ ထိုအထဲတွင် ဗုံးခိုကျင်းတူးရေးသည် အရေးကြီးသည့်အခြေခံအကျဆုံးလုပ်ရပ်ဖြစ်ကြောင်း ဦးစိန်က ယုံကြည်သည်။

“ဗုံးခိုကျင်းထဲကပဲစောင့်ရပါစေဦး ကျနော်သားပြန်အလာကို စောင့်မယ်။ တရားတဲ့စစ်ကို ကျနော်တို့ခေါ်တယ်”ထိုသို့ပြောပြီးနောက်ဦးစိန်သည်သူ့ခြံဝင်းအနောက်ဘက်မှ မန်ကျီးပင်ကြီးအောက်တွင်ပေါက်တူးတစ်လက်ဖြင့် ဗုံးခိုကျင်းဆက်တူး​နေ​လေတော့သည်။ ။

(ရှမ်းပြည်နယ်​မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၌ ဗုံးခိုကျင်းတူ​နေသူတဦး။ ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

ရေကြည် အမတ ၃၄၄ မှတပ်မိသားစုဝင်များကိုပုသိမ်သို့​ပြောင်း​ရွှေ့ပြီး ​ဒေသခံများကိုမူ မ​ရွေ့​ပြောင်းရန် သတိ​​ပေး

သတင်း

ပဲခူးတိုင်းဘက်မှတိုက်ပွဲများ၊ AA၏ ဂွမြို့သိမ်းတိုက်ပွဲများတွင် ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ ဝင်ရောက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံအနှံ့လူထုကို အကြမ်းဖက်တိုက်ခိုက်နေသလို လူမျိုးစုလိုက်ဖိနှိပ်ခြင်းကိုလည်း ကျူးလွန်နေကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

သတင်း

တိုက်ပွဲသည် နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ကဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူသည် ၆၀ဦး အနည်းဆုံးရှိသည်ဟု ကြားသိရကြောင်း လက်ရှိတွင် ဂွမြို့ထဲ၌ ရှိနေသူတစ်ဦးကပြောသည်။

Facebook