အောက်တိုဘာ-၂၅၊ ၂၀၂၆။ခိုင်မြတ်/ People’s Spring
အာဏာသိမ်းစစ်တပ်က စစ်တွေမြို့ပေါ်နေထိုင်သူတွေကို ဗုံး၊ လက်နက်အန္တရယ်ကနေ ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်း၊ အကာအကွယ်တူးခွင့်ပါ မပေးဘဲ ဗုံးခိုကျင်းတွေကို လိုက်ဖျက် ကာ တူးသူတွေကို ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ အရပ်သားပြည်သူ ၉ ဦးသေပြီး ၂၀ ဝန်းကျင်ဒဏ်ရာရခဲ့တဲ့ စစ်တွေမြို့ပေါ် ကျောင်းတက်လမ်းရပ်ကွက်ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးနှစ်လုံးကြဲချခဲ့ပြီးနောက် မြို့ထဲ ဗုံးခိုကျင်းတွေကိုလိုက်ဖျက်ပြီးဗုံကျင်းတွေမတူးကြဖို့ ဟန့်တားနေတာဖြစ်ပါတယ်။
“အရင်ကလည်း တချို့တွေ ဗုံးတွင်း တူးထားကြတာရှိတယ်။ အဲဒါတွေကိုပါ လိုက်ဖျက်ခိုင်းနေပါတယ်။ ဗုံးခို ကျင်း တွေ ထပ်ပြီးတော့လည်း မတူးဖို့ ပြောတယ်။ စစ်တပ်က လာပြောတာပါ။ စစ်တွေမှာ ဘာမှမဖြစ်ဘူး၊ တူးစရာမလို ဘူး။ တူးရင် ဖမ်းမယ်၊ ဆီးမယ် ဘာညာပေ့ါ” လို့ စစ်တွေမြို့မှာ နေထိုင်သူတဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်က မြို့ထဲ ကင်းလှည့်ပြီး နေအိမ်တွေကို ဧည့်စာရင်းဝင်စစ်ကာ ဗုံးခိုကျင်းတွေ တူးထားတာရှိ၊ မရှိ လိုက်ကြည့်ပြီး မတူးကြဖို့ ဟန့်တားနေတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ရခိုင်တိုက်ပွဲအစကာလ ၂၀၂၄ နှစ်ဆန်းပိုင်းကလည်း စစ်တွေမြို့ပေါ် နေအိမ်တွေထဲ ဗုံးခိုကျင်းတူးသူတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။
“ဆတ်ရိုးကတချို့အိမ်တွေမှာ သဲအိတ်တွေ ကာထားကြတယ်။ ဗုံကျင်းသဘောမျိုး။ အဲဒါတွေကို ဖမ်းတာ အဲတုန်း က၊ အဲတုန်းကဆိုရင် လူတဆယ်လောက် အဖမ်းခံရတယ်။ အခုလည်း ဒီလိုလုပ်နေတာ။ ပြောမယ်ဆိုရင် မြို့ကလူ တွေကို ဓါးစာခံ လုပ်ထားတာနဲ့အတူတူပါ”လို့စစ်တွေမြို့ဆတ်ရိုးကျရပ်ကွက်မှ အမျိုးသမီးတဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ စစ်တွေမြို့ပတ်လည်မှာရှိတဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိမှာ စစ်တွေမြို့ထဲနဲ့ သုံးမိုင်ကျော်အကွာလောက်ထိ တိုက်ပွဲတွေရောက်လာချိန် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။ ဒါပေ မယ့် စစ်တွေမြို့ထဲရှိနေကြသူတွေဟာ စစ်တွေကနေ လေကြောင်းလမ်းကနေလွှဲရင် ကျန်လမ်းတွေအားလုံး ပိတ်ဆို့ ခံထားရတာကြောင့် တိုက်ပွဲဖြစ်လာရင်လည်း ထွက်ပြေးတိမ်းရှောင်ဖို့ အဆင်မပြေဘူးပြောလို့ပါတယ်။
“ပိုက်ဆံရှိတဲ့လူတွေကတော့ ရန်ကုန်ဘက်ကို ပြေးလို့ရတယ်။ မပြေးနိုင်တဲ့သူတွေက များတယ်။ ဘာပဲဖြစ်ဖြစ် ဗုံးခို ကျင်းလေးရှိရင်တော့ နည်းနည်းလုံခြုံမှာပေ့ါ။ အဲဒါတောင် မလုပ်ရဘူးဆိုရင် လူတွေကို သတ်နေတာနဲ့အတူတူပဲ။ ကျွန်မတို့ကတော့ တိုက်ပွဲဖြစ်ရင် သေလူလို့ မှတ်ပြီးသားပါ” လို့ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းတခုမှာ ခိုလှုံနေ ရတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တွေမြို့ထဲ နေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေဟာ စစ်တွေကနေ ရန်ကုန်ဆီ လေကြောင်းလိုင်းနဲ့ ထွက်ပြေးနိုင်ပေ မယ့် စစ်တွေပေါ်၊ ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေကတော့ ဘယ်ကိုမှ တိမ်းရှောင်ခွင့် မရဘဲ ပိတ်မိနေကြပါတယ်။
“ကျွန်တော်တို့က ဘယ်ကိုမှ ထွက်လို့မရဘူး။ အရင်ကဆိုရင် မြို့ထဲကို လာလို့ရတယ်။ အခုမြို့ထဲကိုတောင် အရင် လို လွတ်လွတ်လပ်လပ်လာလို့မရတော့ဘူး” လို့ စစ်တွေမြို့နယ် သဲချောင်းရိုဟင်ဂျာကျေးရွာမှ ရိုဟင်ဂျာတဦးက ပြောပါတယ်။
လက်ရှိမှာ စစ်တွေကနေ ရန်ကုန်ကို လေယာဉ်နဲ့ သွားကြသူတွေ အများအပြားရှိနေတာကြောင့် အရင်က ကျပ်ခုနှစ် သိန်းဝန်းကျင်သာ ရှိခဲ့တဲ့ လေယာဉ်လက်မှတ်တစောင်ကို ကျပ်သိန်းတဆယ်ကျော်ထိ စျေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက စစ်တွေမြို့အနီးပတ်လည်ရှိ ကျေးရွာနှစ်ဆယ်ကျော်မှ ဒေသခံ တွေကို လိုက်ထုတ်၊ မြို့ထဲပိတ်လှောင်ကာ အဲဒီရွာတွေမှာ စခန်းချနေခဲ့ကြတာဖြစ်ပါတယ်။ အခုအခါ စစ်တွေမြို့ ပေါ်မှာ နဂိုမြို့ခံတွေအပြင် စစ်တွေမြို့ပတ်လည် နယ်ကျေးရွာတွေကနေ အတင်းအကြပ်မြို့ထဲ ရောက်လာရသူတွေ လည်း များစွာရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း စစ်တွေမြို့ပေါ် အထက(၄) စာသင်ကျောင်းဝင်းနဲ့ စံပြရပ်ကွက်တို့ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းရှိ မြို့မစျေးကြီးဝင်းထဲကို လက်နက်ကြီးနဲ့ ပစ် ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာ တလကျော်ရှိပြီဖြစ်ပြီး အဲဒီစစ်ဆင်ရေးကာလအတွင်း တပ်စခန်းတွေလက်လွှတ်၊ အထိနာနေကာ AA ထိန်းချုပ်နယ်မြေအတွင်းက အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကို ဆက်တိုက် ဗုံးကြဲနေတဲ့အပြင် ၎င်းတို့ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ကိုပါ ဗုံးကြဲလာခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့အနောက်ဘက် ရေချမ်းပြင်၊ မြောက်ဘက် အမြင့်ကျွန်း၊ တောကန်၊ နာရီကန်၊ ကံ့ကော်ကျွန်း၊ အရှေ့ဘက် ရွှေမင်းဂံဝန်းကျင်တို့နဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းတို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲတွေ အ ပြင်းအထန်ဖြစ်နေတာဖြစ်ပါတယ်။



















































