Connect with us

Hi, what are you looking for?

ဆောင်းပါး

“နွေမပေါက်ခင် ရေပျောက်တော့မယ့် လက်ထုတ္တောရွာ”

အညာဒေသရဲ့ ဆောင်းညနေခင်းတစ်ခုမှာ အသက် ဆယ့်နှစ်နှစ်သာသာ ကောင်လေးနှစ်ယောက် သူတို့ခြေသလုံးလောက်သာမြုပ်တဲ့ရေကန်ထဲဆင်းလာပြီး ရေခပ်နေကြတယ်။ ဆောင်းတွင်းကာလသာ ရှိသေးပေမဲ့ ကန်ထဲမှာတော့ ရေကတော်တော်လေးကို နည်းနေပါပြီ။

ရေလာခပ်နေကြတဲ့ ရွာသူရွာသားအချို့။ဓာတ်ပုံ-CJ

ဟာနာဆန်/People’s Spring

အညာဒေသရဲ့ ဆောင်းညနေခင်းတစ်ခုမှာ အသက် ဆယ့်နှစ်နှစ်သာသာ ကောင်လေးနှစ်ယောက် သူတို့ခြေသလုံးလောက်သာမြုပ်တဲ့ရေကန်ထဲဆင်းလာပြီး ရေခပ်နေကြတယ်။ ဆောင်းတွင်းကာလသာ ရှိသေးပေမဲ့ ကန်ထဲမှာတော့ ရေကတော်တော်လေးကို နည်းနေပါပြီ။

သူတို့ကော်ပုံးထဲကို ခပ်နောက်နောက်ရေတွေ ဝင်လာခဲ့တယ်။ “သိုးတွေလည်းသောက် သိုးချေးပါသွား၊ နွားချေးပါသွား၊ ဒီတိုင်းသောက်ကြတာပဲ။”လို့ ဒေသခံတစ်ဦးက ပြောတယ်။

အဲဒီမြင်ကွင်းကိုကြည့်ရင်း ဒီဆောင်းမကုန်ခင်ပဲ ရေအတွက်အခက်တွေ့လာတော့မလား တွေးမိတယ်လို့ အဲဒီကန်ရေကိုအားထားနေရတဲ့ လက်ထုတ္တောကျေးရွာက ရွာခံ ဦးမောင်(အမည်လွှဲ)က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မိုးရွာတုန်းက ကန်ထဲရေဝင်ထားတော့ အဲဒီကန်ရေသုံးနေတာ။ အခု ကန်ရေတွေက ခဏနေရင် ကုန်တော့မှာရယ်။ နောက်လလောက်ဆို ကုန်တော့မှာ။ ကန်ရေကုန်လို့ရှိရင် သောက်ရေအတွက် အဆင်မပြေတော့ဘူး။”လို့ ဦးမောင်က ပြောတယ်။

ဦးမောင်တို့ လက်ထုတ္တောရွာကို တော်တော်များများသိကြမှာပါ။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာရှိတဲ့ လက်ထုတ္တောရွာလေးဟာ လွန်ခဲ့တဲ့ ၈ လခန့် ၂၀၂၄ ခုနှစ်မေလက စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် မေလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်ထုတ္တောရွာလေးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှုတွေကြောင့်အရပ်သားပြည်သူ အမျိုးသား (၆) ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက် ဘုန်းကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အမျိုးသား (၂၄) ဦးနဲ့ အမျိုးသမီး (၁) ဦးတို့ကို ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။

သေဆုံးသူတွေဟာ အသက် (၁၅) နှစ်ကနေ (၆၀) အတွင်း ပါဝင်ပါတယ်။ အဆိုပါ အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ (၁၇) ဦးကို ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာ တစ်ဦး ထပ်မံသေဆုံးလို့ စုစုပေါင်း သေဆုံးသူ (၃၂) ဦးအထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ နောက်ရက်တွေမှာလည်း ပြည်သူ ၂ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၃၄ ဦး ရှိခဲ့ပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူပိုင် အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာလူနေအိမ်များအားလုံး မီးလောင်ပြာကျခဲ့ရပါတယ်။

အဲဒီကျူးလွန်မှုတွေကို စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် (၃၃) ရဲ့ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းနဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပျူစောထီးစုပေါင်းတပ်များ ပါဝင်ပြီး အင်အားစုစုပေါင်း (၇၀) ခန့်ပါဝင်တဲ့ ပူးပေါင်းတပ်တွေက ကျူးလွန်ခဲ့ကြတာပါ။

ဒါတင်မကသေးဘဲ စစ်ကောင်စီတပ်ဟာ ရွာမှာရှိတဲ့ ရေတွင်းလေးတွေက ရေမြုပ်မော်တာတွေကို ဖျက်ဆီးသွားခဲ့ပါတယ်။ ရွာထဲတင်မက ရွာက အားကိုးနေရတဲ့ ဘုန်းကြီးကျောင်းထဲကရေတွင်းက စက်တွေကိုပါမီးရှို့သွားခဲ့တယ်။ဒါ့ကြောင့်ရွာခံတွေဟာ ရေအတွက် အခက်တွေ့ခဲ့ကြတယ်။ ရွာနဲ့မိုင်ဝက်လောက်ဝေးတဲ့ကန်က ရေကိုအားကိုးခဲ့ကြတယ်။ အခုတော့ အဲဒီကန်ကြီးပါ ရေခမ်းတော့မှာမို့ ရေအတွက် အခက်ကြုံရတော့မယ့်ကိန်း ဆိုက်လာတာပါ။

“တွင်းတွေကို မနည်းပေါင်ဘူး။ ကိုယ်ပိုင်တွင်းလေးတွေကော၊ သမတွင်းတွေကော၊ ဘုန်းကြီးကျောင်းတွင်းတွေကော အကုန်မီးရှို့သွားတာ။ ဘာမွကိုမကျန်ဘူး။ သေချာတောင်မလောင်လောင်အောင် ရှို့ခဲ့တာ။”လို့ ဒေသခံတစ်ဦးက ပြောတယ်။

ရေလာခပ်နေကြတဲ့ ရွာသူရွာသားအချို့။ဓာတ်ပုံ-CJ

ရေတွင်းတွေကို မီးဘယ်လိုရှို့တယ်ဆိုတာနဲ့ပတ်သက်ပြီး မြင်းမူမြို့နယ်က ကျေးရွာပကဖတာဝန်ခံ ကိုဉာဏ်က အခုလိုရှင်းပြပါတယ်။

“ရေတွင်းရဲ့ပိုက်က ရေမြုပ်မော်တာတွေရှိတယ်လေ။ ရေမြုပ်မော်တာနားကို မီးပုံရှို့လိုက်တော့ ရေမြုပ်မော်တာဆင်ထားတဲ့ကြိုးက မီးလောင်ပြီး ဖောင်းဆိုပြတ်ကျသွားတော့ ပြန်ဆယ်လို့မရတော့ အဲတွင်းက သုဉ်းသွားတာ။”လို့ ကိုဉာဏ်က ပြောပြတယ်။

“တစ်ရွာလုံးဆိုရင် အရှေ့ပိုင်းကော အနောက်ပိုင်းကောဆို မနည်းလောက်ဘူး။ တွင်းပေါင်း ဆယ့်လေးငါးတွင်းရှိလိမ့်မယ်။ မကရင်သာမကမှာ။”လို့ ကိုဉာဏ်က ​ပြောတယ်။

တစ်ရွာလုံးအိမ်ခြေက ၈၀၀ နီးပါးရှိတာ စစ်ကောင်စီတပ်မီးရှို့လို့ တစ်ရွာလုံးနီးပါး ပြာကျပြီး အိမ်ခြေ၂၀ လောက်သာကျန်တော့တယ်လို့ ဒေသခံတွေက ပြောတယ်။

ပြည်သူတွေဟာ ရွာထဲမှာလည်း နေလို့မရဲသေးတာကြောင့် ရေလည်းထပ်မတူးနိုင်ကြဘူး။ “ပေကလည်း လေးရာလောက်အထိ တူးရတာ။ ဒေဝဒက် ငယ်ထိပ်ပေါ်အောင်တူးရတာ။”လို့ ဒေသခံဦးမောင်က ပြောတယ်။

တဲလေးတွေဆောက်လိုက်၊ လာရှို့သွားလိုက်၊ တခါဆောက်လိုက် လာရှို့လိုက်ဆိုတော့ သူတို့ကလည်း မဆောက်ရဲတော့ဘူး။ တောထဲပဲနေကြတော့တယ်။ ရွှေ့မလာတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရွာခံပြည်သူတွေဟာ ရေရှိမယ့်တောကန်လေးတွေနား ဟိုနားလေးငါးဆယ်တဲ ဒီနားလေးငါးဆယ်တဲ စုစုနေရတယ်လို့ ဒေသခံတွေက ပြောပြတယ်။

ရွာခံတွေဟာ ကိုယ်ပိုင်လယ်မြေရှိသူနည်းပါတယ်။ ရှိတဲ့သူတွေရဲ့မြေကလည်း စစ်ကောင်စီတပ်အထိုင်ချထားတဲ့နေရာတွေနဲ့နီးတာကြောင့် ဘယ်သူမှသွားမလုပ်ရဲလို့ ဒီတိုင်းပစ်ထားလိုက်ရသူတွေရှိတယ်။

ရေလာခပ်နေကြတဲ့ ရွာသူရွာသားအချို့။ဓာတ်ပုံ-CJ

“ကိုယ်တိုင်လည်းသွားမလုပ်ရဲကြတော့ဘူး။ လူငှားကလည်း သွားမလုပ်ရဲဘူး။ သတ်မှာကြောက်လို့။”လို့ ရွာခံတစ်ဦးက ပြောပါတယ်။

တောင်သူသိမ်းချိန် ပဲစင်းငုံခုတ်တဲ့သူခုတ် မြေယာမရှိတဲ့သူကတော့ ကူလီလုပ်စားရတယ်။ ကူလီသမားသာများပါတယ်။ “နေ့စားလိုက်လုပ်ရတာ။ တနေကုန်နီးပါးလုပ်မှ ခုနှစ်ထောင် ရှစ်ထောင်လောက်ပဲရတယ်”လို့ဒေသခံတစ်ဦးကပြောတယ်။

လေး ၊ ငါးဆတက်နေတဲ့ကုန်စျေးနှုန်းကြောင့် သူတို့တစ်ရက်ရတဲ့လုပ်ခ ခုနှစ်ထောင်ရှစ်ထောင်ဟာ ဝမ်းမဝစေခဲ့ဘူး။ အဲဒီလို အခက်အခဲတွေကြောင့် တချို့ကတော့ တရွာတကျေး ပြောင်းရွှေ့သွားသူတွေလည်း ရှိခဲ့ကြတယ်။

မပြောင်းနိုင်၊ မရွှေ့နိုင်ကြသူတွေကတော့ ရွာနီးချုပ်စပ်တောတွေထဲတင် နေကြရတယ်။ ငတ်တလှည့်ပြတ်တလှည့်နဲ့ တမိုးကုန်လို့ တဆောင်းသစ်ချိန်မှာပဲ အခက်အခဲတွေကပိုဆိုးလာခဲ့တယ်။

ဆန်ဆီစားနပ်ရိက္ခါအကူအညီတွေလည်း လိုအပ်နေကြတယ်လို့ မြင်းမူမြို့နယ်က ကျေးရွာပကဖတာဝန်ခံ ကိုဉာဏ်က ပြောတယ်။ “တချို့ဆို အဆင်မပြေဘူး။ ဆန်ကွဲလေးတွေတောင် ချက်စားကြတယ်။ “လို့ ကိုဉာဏ်က ပြောတယ်။

စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး နောက်ထပ်ကြားရတဲ့သတင်းစကားတစ်ခုလည်း ရှိနေပါသေးတယ်။ စိတ်စွဲလန်းမှုလား ထင်ယောင်ထင်မှားမှုလား မသိနိုင်ပေမဲ့ လက်ထုတ္တောရွာထဲမှာ ညဘက်တွေဆို ငြီးသံတွေ ကြားရတတ်ပါသတဲ့။

“ညဥ့်နက်ရင် မသွားရဲဘူး။ သေခါနီးအသက်ထွက်ခါနီး ငြီးနေတဲ့အသံ၊ မသေမရှင်ဖြစ်နေတဲ့အသံတွေ တအားပေးတာ။ တအီးအီးနဲ့။”လို့ ဒေသခံဦးမောင်က ပြောပြတယ်။

“ခဏတိုင်း ဘုန်းကြီးတွေခေါ်ခေါ်ပြီး ပရိတ်ရွတ်နေရတာ။ ဟိုရက်ကပဲ ကျောင်းက ဦးဇင်းနှစ်ပါးတောင် မအိပ်ရဲလို့ ထွက်ပြေးတာ။”လို့ အခြားဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ရေလာခပ်နေကြတဲ့ ရွာသူရွာသားအချို့။ဓာတ်ပုံ-CJ

ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကြားရတဲ့သတင်းစကားတွေကြောင့် ကျန်ရစ်သူတွေကို စိတ်ထိခိုက်နာကျင်ကြရတယ်။

“သူတို့ကိုသူတို့ ဒီလိုဖြစ်လိမ့်မယ်လို့ ထင်မှမထားမိတာ။ ဘာမှမှမသိတဲ့သူတွေဗျာ။စစ်ကောင်စီလည်းမသိ၊ PDFလည်းမသိ၊ သူတို့ဟာသူတို့ရိုးရိုးသားသားနေတဲ့သူတွေ။ သူတို့ကိုသတ်လိမ့်မယ်လို့ မထင်ထားတဲ့သူတွေ။”လို့ ကိုဉာဏ်က စိတ်မကောင်းစွာ ​ရွေရွတ်ပါတယ်။

ဒါကြောင့် ရွာထဲရောက်လို့ သူတို့မိသားစုဝင်တွေ အသတ်ခံရတဲ့နေရာနားရောက်ရင် ရွာသူရွာသားတွေဟာ မျက်ရည်​ကျကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သို့ပေမဲ့ ရွာသူရွာသားတွေဟာ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ရွာခံတွေဟာ သူတို့ရွာကလေးကိုပစ်ပယ်မသွားခဲ့ကြဘူး။ ရတဲ့နေရာကနေကုပ်ကပ်နေထိုင်ရင်း ရုန်းကန်နေကြရတယ်။ မကြာတဲ့ကာလမှာ လက်ထုတ္တောရွာခံတွေ ရင်ဆိုင်ရတော့မှာကတော့ ရေအခက်အခဲပါပဲ။

“ဒီကန်ရေပြတ်သွားရင်တော့ ဘယ်ကန်ရေရှိတုန်း လိုက်သောက်ရတော့မှာ။”လို့ ရွာခံဦးမောင်က စိတ် မသက်မသာနဲ့ ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့် ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က ဝေဟင်ကနေ Paramotor စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ယနေ့(ဖေဖော်ဝါရီ ၇ရက်) နံနက် အစောပိုင်းတွင် စစ်ကောင်စီက စက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးပြီး အဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း

စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းရှိသပိတ်အဖွဲ့များနှင့် ဒေသခံပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ကို ယနေ့ (ဖေဖော်ဝါရီ ၆) ပြုလုပ်ခဲ့သည်။