လက်နှစ်ဖက်ကိုကြိုးတုပ်ပြီး ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ဓနုပြည်သူ့လွတ် မြောက်ရေးတပ်တော်(DPLA) ရဲဘော်တစ်ဦးက ဖက်ထားပါတယ်။ ဝမ်းနည်းဟန်ရော၊ ဝမ်းသာဟန်ပါ တစ်ပြိုင်နက်တည်း ပေါ်လွင်နေတဲ့ အကြည့်နဲ့ကြည့်ပြီး ပြန်တွေ့ရတာဝမ်းသာတယ်လို့လည်း DPLA ရဲဘော်ကပြောလိုက်ပါတယ်။
စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် နဲ့ DPLA ရဲဘော်က ညီအစ်ကိုအရင်းတွေဖြစ်ပြီး ခံယူချက်မတူညီမှုကြောင့် ရန်သူတွေဖြစ်ခဲ့တာပါ။ အခုတော့ အကြောင်းတိုက်ဆိုင်စွာပဲ ညီအစ်ကိုနှစ်ဦးဟာ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ဆုံဆည်းခွင့်ရလိုက်ပါပြီ။ အစ်ကိုဖြစ်သူကစစ်ကောင်စီရဲ့ ဒေါက်တိုင်။ညီဖြစ်သူကလူထုချစ်တဲ့တော်လှန်ရေးရဲဘော်။ ခေတ်သစ်ကျေးညီနောင်လို့ ပြောရင်လည်းမမှားပါဘူး။
ညီကိုနှစ်ယောက်ရဲ့ ဆုံဆည်းမှုက နောင်ချိုမြို့၊ တောင်ခမ်းကျေးရွာအနီး တိုက်ပွဲမှာ ဒီကနေ့ (ဖေဖော်ဝါရီလ၄ရက်)နံနက်ပိုင်းမှာပဲလောလောလတ်လတ်ဖြစ်ပွားခဲ့တာပါ။

Public Service Announcement
တောင်ခမ်းကျေးရွာအနီး ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်သုံ့ပန်းငါးဦးကို DPLA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်က ဖမ်းမိခဲ့ပါတယ်။ အဲဒီစစ်သုံ့ပန်းထဲမှာ DPLA ရဲဘော်ရဲ့အစ်ကိုအရင်းပါလာတာပါ။
“စိတ်ထဲမကောင်းဘူးကွာ။ဒါပေမဲ့အခုလူမျိုးအသက်ရှင်လျက်တွေ့ရတော့ တော်သေးတာပေါ့။ စကားပြောဖို့ရသေးတယ်”လို့ ညီဖြစ်သူက သူ့အစ်ကိုရင်းကို ဖက်ရင်း ပြောလိုက်ပါတယ်။
စစ်သုံးပန်းအစ်ကိုဖြစ်သူကတော့ မြင်နေကျစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလို နွမ်းနယ်အိုစာနေပါတယ်။ DPLA ရဲဘော်ကတော့ ကြည်ကြည်လင်လင်မျက်နှာပေးနဲ့ ပေါ့ပါးနေဟန်ရှိပါတယ်။ ညီအစ်ကိုနှစ်ယောက်စလုံးဟာ စစ်ကိုင်းတိုင်းဒေသခံ အညာသားတွေဖြစ်ပါတယ်။
အသက် ၄၀ အရွယ်ခန့် အစ်ကိုဖြစ်သူက အာဏာမသိမ်းခင်ကတည်းက စစ်တပ်ထဲရောက်ရှိနေသူဖြစ်ပြီးသူ့ထက် ၂၀ နှစ်ငယ်တဲ့ ညီဖြစ်သူကတော့ အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်ရေးအတွက် DPLA ထဲဝင်ရောက်လာပြီး တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
DPLAဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှအခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတာပါ။ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် ( TNLA)၊ မဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။ လက်ရှိမှာလည်း ရပ်စောက်မြို့နယ်ကျောက်ဂူဒေသ၊ နောင်ချိုမြို့နယ် တောင်ခမ်းဒေသတိုက်ပွဲတွေမှာ DPLA ပါဝင်နေပါတယ်။
စစ်ကောင်စီကနိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက် လူထုက ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ကြပါတယ်။ အရွယ်မျိုးစုံဟာ နည်းမျိုးစုံနဲ့ စစ်အုပ်စုကိုဆန့်ကျင်ခဲ့ကြတယ်။ လူငယ်အများအပြားဟာ အာဏာရှင်ကိုတိုက်ခိုက်ဖို့ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အဲဒီအခါမှာ စစ်တပ်ထဲမှာ မူလကရှိနေတဲ့ မိသားစုဝင်တွေနဲ့ အာဏာရှင်ကိုရွံမုန်းသူတွေ မိသားစုဝင်အချင်းချင်း ရန်သူတွေဖြစ်ခဲ့ရပါတယ်။
လူထုတော်လှန်ရေးအားကောင်းလာတာနဲ့အတူ တိုက်ပွဲတွေလည်းပြင်းထန်လာပါတယ်။တော်လှန်ရေးအင်အားစုတွေထံမှာဖမ်းမိတဲ့စစ်သုံ့ပန်းတွေကတော့ ဆေးဝါးကုသမှုတွေနဲ့အတူ စစ်သုံ့ပန်းတစ်ယောက်ရဲ့အခွင့်အရေးတွေရခဲ့ပါတယ်။ စစ်ကောင်စီကဖမ်းဆီးသွားတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ အကာအကွယ်မှမရခဲ့ဘဲ သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် တွေရှိခဲ့ပါတယ်။
အဲဒီထဲမှာ လူသိရှင်ကြားဖြစ်ခဲ့တာကတော့ ပဲခူးမြစ်ဖျားဒေသဖွံ့ဖြိုးရေးလုပ်တဲ့ ဦးစိုးမိုးလှိုင်နဲ့ စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီးအပြင်ရဲချုပ်လည်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်တို့ညီကိုနှစ်ယောက်ရဲ့ဖြစ်စဉ်ပါ။ဦးစိုးမိုးလှိုင်ကို ကိုမဲကြီးလို့လည်း ရင်းနှီးသူတွေကခေါ်ကြပါတယ်။
စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဦးစိုးမိုးလှိုင်နဲ့ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်တို့က ညီအကိုအရင်းတွေပါ။ ဦးစိုးမိုးလှိုင်ကို ၂၀၂၁ခုနှစ် မေလ၂၂ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးလိုက်
ပါတယ်။ ၂ ရက်အကြာမှာတော့ အလောင်းလာထုတ်ဖို့ မိသားစုဝင်တွေကိုအကြောင်းကြားလာပါတယ်။ အစ်ကိုအရင်းဖြစ်သူက နိုင်ငံတော်အဆင့်ရာထူးရှိတဲ့အပြင် အကာကွယ်ပေးလို့ရပါလျက်နဲ့ မပေးခဲ့ဘဲ ညီအရင်းဖြစ်သူအသတ်ခံရတဲ့ဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူဖြစ်ခဲ့ပါတယ်။
ဒီကနေ့မှာ DPLAက ဖမ်းမိတဲ့ စစ်သုံ့ပန်းအစ်ကိုကိုတော့ ညီဖြစ်သူတော်လှန်ရေးရဲဘော်က ဂရုတစိုက် ဆေးကုသပေးနေပါတယ်။
အစ်ကိုဖြစ်သူရဲ့နဖူးက အသေးစားဒဏ်ရာကို ညီဖြစ်သူက ပလာစကာကပ်ပေးလိုက်ပါတယ်။ အဲဒီပလာစတာပြုတ်ကျသွားမှာစိုးလို့ နောက်ထပ်တစ်ခု ထပ်ကပ်ပေးပြီး ရှေ့တန်းစစ်မြေပြင်မှာ အစ်ကိုဖြစ်သူအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကို ညီဖြစ်သူက ပြသခဲ့ပါတယ်။
