Connect with us

Hi, what are you looking for?

ဆောင်းပါး

အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့ဘန်​​ကောက်ခရီး​အောင်မြင်သလား

အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြေကို ပထမဆုံးခြေချခွင့်ရခဲ့တဲ့ အာဏာ သိမ်းခေါင်းဆောင်က နာရီပေါင်း ၃၀ ပင်မပြည့်ဘဲ နေပြည်တော်ကို ပြန်သွားခဲ့ရပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်ကို ထိုင်းကြိုဆိုပုံနဲ့ အခြားနိုင်ငံ့​ခေါင်း​ဆောင်များကိုကြိုဆိုခဲ့မှု / အာဏာသိမ်း​ခေါင်း​ဆောင်ကို ထိုင်းတွင် ဆန္ဒပြ​နေကြမှု။ ဓါတ်ပုံ- AP ၊ရိုက်တာ၊ The Reporters

■ထိုင်းနိုင်ငံက စစ်​ခေါင်း​​ဆောင်ကိုသံတမန်ရေးလုပ်ထုံးလုပ်နည်းတဆင့်နှိမ့် ဆက်ဆံခဲ့တယ်လို့သံခင်းတမန်ခင်းကျွမ်းကျင်သူတစ်ဦးသုံးသပ်

သော်မွန်/People’s Spring

အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြေကို ပထမဆုံးခြေချခွင့်ရခဲ့တဲ့ အာဏာ သိမ်းခေါင်းဆောင်က နာရီပေါင်း ၃၀ ပင်မပြည့်ဘဲ နေပြည်တော်ကို ပြန်သွားခဲ့ရပါတယ်။

ဖျက်အားပြင်းငလျင်ကြီးကြောင့် တတိုင်းပြည်လုံး၊ ပြည်သူအများ စိတ်သောကရောက်နေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့အာဏာတည်မြဲရေးကြိုးပမ်းမှုအဖြစ် ဘန်ကောက်မြို့ကို ခြေဆန့်ခဲ့ပေမဲ့ နိုင်ငံ့အကြီးအကဲတစ်ဦးလို ခရီးဦးကြိုမှု မရရှိခဲ့သလို တည်းခိုရာဟိုတယ်နဲ့ လေဆိပ်သာ အသွားအပြန်ရှိခဲ့တယ်လို့ သံတမန်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အစောပိုင်းထွက်ထားတဲ့ အစီအစဥ်က သံရုံးကို လာဖို့ပါတယ်။ အဲ့ဒီအစီအစဥ်ဖျက်လိုက်ပြီးအားချင်း(ချက်ချင်း)ပြန်လာရတာ”လို့သံတမန်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေကို ကြည့်ရင်လည်း အာဏာသိမ်းခေါင်းဆောင်ဟာ သူတည်းခိုတဲ့ ဟိုတယ်နဲ့ ၁မိုင်ကျော်သာဝေးတဲ့၊ ကားနဲ့ဆို ၁၀မိနစ်တောင် မမောင်းနှင်ရတဲ့ မြန်မာသံရုံးကိုမသွားခဲ့ပါဘူး။ ပုံမှန်အားဖြင့် ပြည်ပကို ထွက်ခွာတဲ့ နိုင်ငံ့ခေါင်းဆောင်များဟာ အဲဒီနိုင်ငံမှာရှိတဲ့ သံရုံးဝန်ထမ်းတွေကို သွားရောက်တွေ့ဆုံ အားပေးတာ၊ ဂါရဝပြုခံတာ အစဥ်အလာတစ်ခုလို့ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာ သံတမန်တာဝန်ထမ်းဆောင်ခဲ့သူအချို့က ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် အာဏာသိမ်းကာလ ၄ နှစ်အတွင်း ပထမဆုံအကြိမ် ဘန်ကောက်မြေကို ခြေချခွင့်ရပေမယ့် ထိုင်းနိုင်ငံက သံတမန်ရေးလုပ်ထုံး လုပ်နည်း (protocol) တဆင့်နိမ့်ပြီး ဆက်ဆံခဲ့တာတွေ့ရတယ်လို့ သံခင်းတမန်ခင်းကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထက် နာရီပိုင်းစောပြီး ဘန်ကောက်မြို့ကို ရောက်ရှိခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီဟာလေဆိပ်မှာဂုဏ်ပြုတပ်ဖွဲ့ တခမ်းတနားကြိုဆိုခံခဲ့ရပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကိုတော့ထိုင်းနိုင်ငံရဲ့အလုပ်သမားဝန်ကြီးတစ်ဦးသာ သွားရောက်ကြိုဆိုခဲ့ပါတယ်။ နိုင်ငံ့အကြီးအကဲတစ်ဦးလိုသာ ကြိုဆိုခံရမယ်ဆိုရင် ဧည့်သည်အကြီး အကဲ လေယာဥ်ပေါ်က မဆင်းလာခင်မှာအိမ်ရှင်နိုင်ငံရဲ့ဌာနဆိုင်ရာအကြီးတန်းအရာရှိက လေယာဥ်ပေါ် အရင်တက်သွားပြီး ခရီးဦးကြိုပြု၊ လေဆိပ်ကို လာရောက်ကြိုဆိုတဲ့ တာဝန်ရှိသူတွေနဲ့ မိတ်ဆက်ပေးရကြောင်း ဝါရင့်သံတမန်တစ်ဦးက ပြောပါတယ်။

“အခု သူ့ကို(မင်းအောင်လှိုင်ကို)ကြိုတဲ့ ပုံစံကြီးက ကျွန်တော်မြင်တာတော့ ဝန်ကြီးတစ်ယောက်ကို ကြိုတဲ့အဆင့်တောင်မရှိဘူး။ တိုင်းပြည်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဖိတ်ထားတယ်ဆိုရင် အိမ်ရှင် နိုင်ငံတစ်နိုင်ငံက ဧည့်ဝတ်ကျေပြွန်ရမယ်။ အကုန်လုံး သတိထားရတယ်။ ပရိုတိုကောကို အရမ်းကြည့်ရတယ်” လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်စိုးမိုး(CDM)က ပြောပါတယ်။

ဒါအပြင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာထိုင်းဝန်ကြီးချုပ်ရဲ့အစိုးရအိမ်တော် (GovernmentHouse) ကို ဖိတ်ခေါ်ကြိုဆိုခြင်း မခံခဲ့ရသလို ထိုင်းဝန်ကြီးချုပ်ပေထုန်တန်နဲ့ ဘင်းစတက်ထိပ်သီးညီလာခံကျင်းပရာ Shangri La ဟိုတယ်မှာပဲ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အဲဒီဟိုတယ်မှာပဲ တည်းခိုတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အိန္ဒိယဝန်ကြီးချုပ်၊ သီရိလင်္ကာဝန်ကြီးချုပ်၊ နီပေါဝန်ကြီးချုပ်၊ ဘူတန်ဝန်ကြီးချုပ်တို့ကိုလည်း Shangri La မှာပဲ​ တွေ့ဆုံခဲ့ပါတယ်။

ဒါအပြင်ထိုင်းဝန်ကြီးချုပ်ပေထုန်တန်က ညစာစားပွဲ နဲ့ ဧည်ခံပွဲမှာ တက်​ရောက်လာတဲ့ တခြားနိုင်ငံ​ခေါင်း​ဆောင်​တွေကို လက်အုပ်ချီပြီးမှလက်ဆွဲ နှုတ်ဆက်​ပေမယ့် အာဏာသိမ်း​ခေါင်း​ဆောင်ကိုလက်အုပ်မချီပဲ လက်ပဲဆွဲနှုတ်ဆက်ခဲ့တာဟာတမင်ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံတာလို့ထိုင်းလူမှုကွန်ယက်မီဒီယာ​တွေမှာ​ရေးသား​နေကြပါတယ်။

အိန္ဒိယဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုမှာ စစ်ခေါင်းဆောင်က သူ့ကိုယ်သူပေးထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ယာယီသမ္မတ စတဲ့ ရာထူးတွေကို နာရန်ဒရာမိုဒီက ဖော်ပြခြင်းမရှိဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးဖြစ်တဲ့ Senior General (ဗိုလ်ချုပ်မှူးကြီး)ကိုသာ ဖော်ပြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်တော်သာ သူ့နေရာမှာဆိုရင် တခါတည်းလှည့်ပြန်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နိုင်ငံမှာလည်း နာရေးဖြစ်နေတာလေ။ ကိုယ့်နိုင်ငံနာရေးဖြစ်နေတဲ့အချိန် သူများနိုင်ငံက ကိုယ့်ကို ကောင်းကောင်းကြိုဆိုသလားဆိုတော့လည်း ကောင်းကောင်းမကြိုဆိုဘူး၊ ပြည်သူတွေကလည်း ကိုယ့်ကို မလိုလားဘူးဆိုရင်တော့ ဘာလုပ်မှာလဲ၊ ဒီနေရာကို ဘာလုပ်ဖို့ သွားတော့မှာလဲ” လို့ CDM သံတမန် ဦးအောင်စိုးမိုးက မှတ်ချက်ပြုပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိပြီး နောက်တစ်ရက် မနက်ခင်းမှာ သူတည်းခိုရာဟိုတယ်ကနေ လှမ်းမြင်ရတဲ့ ကျောက်ဖရားမြစ်ကူးတံတားပေါ်မှာ ထိုင်းပြည်သူတွေက “We do not welcome Murderer Min Aung Hlaing”(လူသတ်သမားမင်း​အောင်လှိုင်ကို ငါတို့မကြိုဆိုဘူး)လို့ စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။ ထိုင်းလူငယ်တစ်ဦးကလည်း မင်းအောင်လှိုင်တည်းခိုတဲ့ Shangri La ဟိုတယ်ထဲအထိ လာ​ရောက်ပြီး တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြခဲ့တဲ့ ပထမနှစ်ကျောင်းသားပွန်က “အပြစ်မဲ့သူရဲ့သွေးနဲ့ လက်ဆွဲနှုတ်ဆက်တာကို ဝန်ကြီးချုပ် Paethongtarn က ဘယ်လိုခံစားရလဲ၊ ထိုင်းနိုင်ငံက ဗမာပြည်သူတွေနဲ့ ရပ်တည်တယ်။ ထိုင်းပြည်သူတွေက လူသတ်အာဏာရှင်တွေကို လက်မခံဘူး”လို့ ဟစ်ကြွေးဆန္ဒပြခဲ့တာပါ။ ထိုင်းတက္ကသိုလ်ကျောင်းသားများနဲ့ လူမှုအဖွဲ့အစည်းများကလည်း မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက နိုင်ငံသား ၆,၀၀၀ ကျော် သတ်ဖြတ်ထားကြောင်း၊ အရပ်သား ၂၀,၀၀၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ သေဒဏ်အမိန့်ကို အသက်သွင်းခဲ့ကြောင်းနဲ့ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် ၃သန်းခွဲကျော်ရှိကြောင်း စတဲ့အချက်တွေကို ထောက်ပြကာ ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဘင်းစတက်ထိပ်သီးညီလာခံကျင်းပပြီးတဲ့ ဧပြီ ၄ရက် ညပိုင်းမှာပဲ နေပြည်တော်ကို ပြန်သွားပေမယ့် ဧပြီ ၅ရက်မနက်ပိုင်းအထိ ဘန်ကောက်မြို့မှာ​တော့ ‘ရာဇဝတ်သားမင်းအောင်လှိုင်’ကို ဆန္ဒပြမှုတွေက မရပ်တန့်သေးပါဘူး။ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့နဲ့ ကုလသမဂ္ဂ(UN)ရုံးရှေ့တို့မှာ ထိုင်းပြည်သူတွေက ဆန္ဒပြခဲ့ပြီး စစ်ခေါငးဆောင် မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း၊ လက်မခံကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

အာဂျင်တီးနားတရားရုံးက ​ပြီးခဲ့တဲ့​ဖေ​ဖော်ဝါရီလမှာ အာဏာသိမ်း​ခေါင်း​ဆောင်ကိုဖမ်းဝရမ်းထုတ်ထားတာတာက အာဏာသိမ်း​ခေါင်း​​ဆောင် ဘန်​ကောက်​ရောက်​နေချိန် မှာ ဖမ်း​ပေးဖို့ အင်တာပိုးလ်အဖွဲ့ကိုအ​ကြောင်းကြားထားတယ်ဆိုတဲ့ သတင်း​တွေလည်း ထွက်လာပါ​သေးတယ် ။ စစ်​ခေါင်း​ဆောင်​နေပြည်​တော်အမြန်ပြန်သွားတာဟာ ဖမ်းဝရမ်းကို​ကြောက်လို့လားလို့ သုံးသပ်သူအချို့လည်းရှိပါတယ်။

ဘင်းစတက်ထိပ်သီးညီလာခံတက်ရောက်ဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့လို့ ထိုင်းလွှတ်တော်တွင်းမှာလည်း ဝန်ကြီးချုပ်ပေထုန်တန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ ဝေဖန်ပြစ်တင်မှုတွေ၊ မေးခွန်းထုတ်မှုတွေနဲ့ ကြုံနေရပါတယ်။ မင်းအောင်လှိုင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုတွေအတွက် အင်မတန် နာမည်ဆိုး ထွက်နေမှန်း သိလျင်နဲ့ ဆဋ္ဌမ အကြိမ်မြောက် ဘင်းစတက် ထိပ်သီး ညီလာခံ တက်ရောက်ဖို့ဘာကြောင့် ဖိတ်ကြားခဲ့တာလဲလို့ ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ အန်ခါနာနီလာပိုင်ဂျစ်က မေးခွန်းထုတ်ပါတယ်။

ထိုင်းအောက်လွှတ်တော်အမတ် Fair Party အထွေထွေအတွင်းရေးမှူး ကန်နာဝီးဆူဘန်းကလည်း ငလျင်ကြောင့် လူတိုင်း စိတ်မကောင်းဝမ်းနည်းနေတဲ့အချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့အကြောင်းရင်းတွေကို ဝန်ကြီးချုပ်ပေထုန်တန်က လွှတ်တော်ကို သေသေချာချာရှင်းပြရမယ်လို့ လွှတ်တော်မှာ ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဥ်ဟာ နာရီပေါင်း ၃၀ ပင် မကြာခဲ့ပေမယ့် အောင်မြင်တဲ့ခရီးစဥ်ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ ခရီးစဥ်မတိုင်ခင်က ခရီးစဥ်အတွင်း ငလျင်ဘေးအကြောင်း၊ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေကို ဆွေးနွေးဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါအပြင် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက အရေအတွက် ၁၈၀၀၀၀ ဟာ မြန်မာဖက်ကို ပြန်ပိုင်ခွင့် ရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ် အစိုးရဆီ အတည်ပြုခဲ့တယ်လို့ဆိုပါတယ် ။ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး တစ်ခုအပြီး ဧပြီ ၄ ရက်နေ့မှာ အဲဒီ သဘောတူညီမှုအကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရအဖွဲ့ ခေါင်းဆောင် မူဟာမက်ယူနွတ်စ်ကခန့်အပ်တဲ့ အထူးကိုယ်စားလှယ်ခါလီလူအာ ရာမန်နဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေတို့ရဲ့ ဆွေးနွေးမှု အပြီးမှာ ရိုဟင်ဂျာ ၁၈၀၀၀၀ ဟာ နေရပ်ပြန်ခွင့် ရှိတယ်လို့ မြန်မာဖက်က အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဖက်က အခုကိစ္စကို ကြေညာပေမယ့် စစ်ကောင်စီဆီကတော့ ဘာအသံမှ ထွက်မလာဘဲ နှုတ်ဆိတ်နေဆဲပါ။

ဒါအပြင် ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်​တော်(AA)ကသိမ်းပိုက်ထားပါတယ် ။​နောက်ဆုံးကျန်​နေတဲ့ စစ်​တွေ ၊​ကျောက်ဖြူ ၊မြန်​အောင်မြို့နယ် သုံးမြို့နယ်ထဲက စစ်​​တွေ နဲ့ ​ကျောက်ဖြူ ကို AA ကဒီနှစ်ဆန်းပိုင်းမှာ စတင်ထိုးစစ်ဆင်​နေပြီဖြစ်ပါတယ် ။ ဒါ​ကြောင့် ရခိုင်ပြည်နယ် ​ဒေသအများစုကို ULA/AA က အဓိကထိန်းချုပ်​ထားချိန်မှာ စစ်​ကောင်စီကရိုဟင်ဂျာ နှစ်သိန်း​လောက်ပြန်လာရတယ်လို့ဆို​နေတာဖြစ်ပါတယ် ။

ဒါပေမဲ့ ခရီးစဥ်အတွင်းမှာ ဘင်းစတက်အဖွဲ့ဝင်နိုင်ငံတွေဆီက ခိုင်မာတိကျတဲ့ အကူအညီသတင်းစကားတွေကိုတော့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြန်လည်သယ်ဆောင်လာတာမတွေ့ရပါဘူး။ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ဒီနှစ် ၂၀၂၅ ဒီဇင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း ဒေသတွင်းနိုင်ငံတွေကို သတင်းစကားပါးခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်အားကိုးနဲ့အာဏာသိမ်းပြီး အပြစ်မဲ့ပြည်သူ​တွေကို ​နေစဥ်အကြမ်းဖက်သတ်ဖြတ်​နေတဲ့ စစ်​ကောင်စီကို နိုင်ငံတကာက ဖယ်ကျဥ်ထားချိန်မှာအာဏာသိမ်း​ခေါင်း​​ဆောင်နဲ့ စစ်​ကောင်စီက အာဏာတည်မြဲ​ရေးအတွက် နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုမှုကို အသည်းအသန်ရချင်​နေတာဖြစ်ပါတယ်။ ဒါ​ကြောင့် ​​မြေငလျင်ကြီးကိုအ​ကြောင်းပြုပြီး​တော့​ရော ၊ဘန်​ကောက် ဘင်းစတက်ပ်ထိပ်သီး​ဆွေး​နွေးပွဲ တက်​ရောက်ခွင့်ရတာကို​ရော အမိအရအသုံးချနိုင်ဖို့ကြိုးစား​နေတာဖြစ်ပါတယ်။ ထိုင်းအ​နေနဲ့ ဘာ​ကြောင့်ပဲဖိတ်ကြားခဲ့တာဖြစ်ပ​ာစေ အာဏာသိမ်း​ခေါင်း​​ဆောင်ကို ICCမှာ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်း​နေချိန်မှာ တရုတ်၊ရုရှားတို့ပြီးရင် တတိယ​မြောက် ဖိတ်ကြားခဲ့တဲ့နိုင်ငံအဖြစ်​တော့မှတ်တမ်းဝင်ခဲ့ပါတယ်။

CDM သံတမန်ဦးအောင်စိုးမိုးက“အောင်မြင်တယ်ဆိုတာ ဘာကိုပြောချင်တာလဲ။ ဘာနဲ့တိုင်းတာပြီး ပြောတာလဲလို့ မေးခွန်းမေးချင်တာပေါ့။ အစည်းအဝေးမှာ ဘာတွေ ပြောနိုင်ခဲ့လဲ။ ကျွန်တော်ကတော့ ပြောနိုင်ခဲ့တယ် မမြင်ဘူး။ အင်္ဂလိပ်လို မတတ်တဲ့ လူတစ်ယောက်က အစည်းအဝေးမှာ သွားထိုင်တယ်၊ ဟိုဘက်က ပြောတာလည်း နားမလည်ဘူး။ ဒီဘက်ကပြောတာလည်း ဟိုဘက်က နားမလည်ဘူးဆိုရင် အစည်းအဝေးမှာ သူသွားထိုင်တဲ့ ရည်ရွယ်ချက်က ဘာလဲ။ နိုင်ငံတကာကို ပြချင်တာက ငါ ဒီအစည်းအဝေးကြီး တက်ရတယ်ဆိုတာလောက်လား၊ အဲဒါဆို ဒီခရီးစဥ်ကို အောင်မြင်တယ်လို့ သုံးသပ်တာက ဘယ်လို အတိုင်းအတာနဲ့ သုံးသပ်တာလဲပေါ့” လို့ မှတ်ချက်ပြုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မင်းအောင်လှိုင်နဲ့ လူချင်းတွေ့ဆုံခဲ့မှု သတင်းဓာတ်ပုံ မလေးရှားဝန်ကြီးချုပ် ထုတ်ပြန်ခြင်းမရှိ၊ NUG နဲ့ အွန်လိုင်းတွေ့ဆုံမှုကို သတင်းဓာတ်ပုံ ထုတ်ပြန်

သတင်း

လုံခြုံ​ရေးစိုးရိမ်​နေတဲ့အာဏာသိမ်း​ခေါင်း​ဆောင်ဟာ​တွေ့ဆုံပွဲပြီး အမြန်ပြန်ဖွယ်ရှိ

သတင်း

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

သတင်း

■​ကျောက်တုံးကြီးပြုတ်ကျမည်ကို ​ဒေသခံများစိုးရိမ်​နေ ဧပြီ-၁၆၊၂၀၂၅။ခွာညို/People’s Spring စစ်ကိုင်းငလျင်ဒဏ်‌ကြောင့် လူနေရပ်ကွက်အတွင်း ပြိုကျမည့်အန္တရာယ်ရှိနေသော ကျောက်ဆည်မြို့ရှိ စေတီတည်ထားသော ကျောက်သေတ္တာကျောက်တုံးကြီးကို ဖြိုမချဘဲကွန်ကရစ်‌လောင်း၍ ထိန်းသိမ်းရန် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားသွားသည်။ ကျောက်ဆည်မြို့၊ ရွှေသာလျောင်းဘုရားတည်ထားတဲ့ ရွှေသာလျောင်းတောင်ပေါ် မှ ကျောက်တုံးကြီး(ဒေသအခေါ် ကျောက်သေတ္တာ)သည် မတ်လ ၂၈ရက်က...