Connect with us

Hi, what are you looking for?

ဆောင်းပါး

သူခိုးမနိုင် မြို့တော်

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်နဲ့ မိုင်(၉၀) ဝန်းကျင်လောက်ပဲဝေးတဲ့မိတ္ထီလာမြို့ဟာစစ်ကောင်စီထောက်ခံသူတွေများလွန်းလို့အစိမ်းရောင်လွင်ပြင်လို့တောင် တင်စားခံရတဲ့ဒေသတခုပါ။ ဒါ့အပြင် မိတ္ထီလာမြို့ဟာ လေတပ်စခန်း ဌာနချုပ်၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် စတဲ့ စစ်တပ်စခန်းတွေရှိတာကြောင့် တပ်မြို့တော်လိုဖြစ်နေပြီး လုံခြုံရေးတင်းကျပ်တဲ့မြို့တမြို့ပါ။ အဲဒီလိုစစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားတဲ့ မြို့တမြို့မှာ ပြည်သူတွေ တကယ်ကော လုံခြုံပါရဲ့လား။ ကျနော်တို့ ဆက်ကြည့်ကြရအောင်ပါ။

Scorpio/People’s Spring

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်နဲ့ မိုင်(၉၀) ဝန်းကျင်လောက်ပဲဝေးတဲ့မိတ္ထီလာမြို့ဟာစစ်ကောင်စီထောက်ခံသူတွေများလွန်းလို့အစိမ်းရောင်လွင်ပြင်လို့တောင် တင်စားခံရတဲ့ဒေသတခုပါ။ ဒါ့အပြင် မိတ္ထီလာမြို့ဟာ လေတပ်စခန်း ဌာနချုပ်၊ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် စတဲ့ စစ်တပ်စခန်းတွေရှိတာကြောင့် တပ်မြို့တော်လိုဖြစ်နေပြီး လုံခြုံရေးတင်းကျပ်တဲ့မြို့တမြို့ပါ။ အဲဒီလိုစစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားတဲ့ မြို့တမြို့မှာ ပြည်သူတွေ တကယ်ကော လုံခြုံပါရဲ့လား။ ကျနော်တို့ ဆက်ကြည့်ကြရအောင်ပါ။

မိတ္ထီလာမြို့ဟာတောင်ပေါ်နဲ့မြေပြန့်သွားရာ လမ်းဆုံမြို့တမြို့ဖြစ်တာကြောင့် အချက်အချာကျတယ်။ စည်ကားတယ်။ စီးပွားရေးဖြစ်ထွန်းတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာမှာလည်း အဓိက စျေးကွက်နေရာကြီးတခုဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပြတယ်။

ဒါ့အပြင် စစ်ကောင်စီကို ဆက်ကြေးပေးပြီး ဖွင့်နေကြတဲ့ဂျင်ဝိုင်းနဲ့လောင်းကစားဝိုင်းတွေလည်း ပေါများနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မူးယစ်ဆေးဝါးနဲ့လောင်းကစားကိစ္စအပြင်စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းအဘက်ဘက်ကယိုယွင်းပျက်စီးမှုတွေကြောင့်လုံခြုံရေးတင်းကျပ်လှပါတယ်ဆိုတဲ့ မိတ္ထီလာမြို့မှာအဆိုးရွားဆုံးဖြစ်လာတာကတော့သူခိုးတွေသောင်းကျန်းလာကြတာပါလို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုကင်းမဲ့ပြီး မြို့ကြီးတွေမှာသူခိုးဓါးပြတွေ သောင်းကျန်းလာတာ ဘာများထူးလို့လဲလို့မေးရင် ဟုတ်ကဲ့ မိတ္ထီလာကသူခိုးတွေကတခြားသူခိုးတွေထက်ကို ထူးပါတယ်လို့ ရဲရဲပြောလို့ရပါတယ်။ ဘာလို့ပါလဲ။

ပထမဆုံး ပြောပြရမယ်ဆိုရင် ဆိုင်ကယ်အခိုးခံရတာတွေက စပြောရမှာပါ။

အမျိုးဘာသာ သာသနာကို စောင့်ရှောက်သူတွေ ပေါများတယ်ဆိုတဲ့ မိတ္ထီလာမှာ ပြီးခဲ့တဲ့ ဧပြီလထဲက ရတနာမာန်အောင်ရပ်ကွက်မှာရှိတဲ့အောင်ချမ်းသာ ဘုန်းကြီးကျောင်းက ဆွမ်းချိုင့်လိုက်ယူရာမှာ သုံးတဲ့ ၊ လိုင်စင်ပါတဲ့ 110 SHAYAN ဆိုင်ကယ် အခိုးခံလိုက်ရတာပါ။

“ဆိုင်ကယ်ကို ဆွမ်းစားကျောင်းဆောင် ခြေရင်းနဲ့ ကျောင်းထိုင်ဘုန်းကြီးအဆောင်ကြားထားတာ။ မနက်၃ နာရီလောက်မှာပျောက်သွားတာ”လို့နီးစပ်သူတဦးက ပြောပြတယ်။

ဆွမ်းချိုင့်ယူတဲ့နေရာမှာသုံးတဲ့ဆိုင်ကယ် အခိုးခံလိုက်ရတော့ သံဃာတော်တွေ ဆွမ်းချိုင့်ယူဖို့ အခက်အခဲဖြစ်သွားခဲ့တယ်လို့ သိရတယ်။

ဘုန်းကြီးကျောင်းက ဆိုင်ကယ်တွေတင် မကပါဘူး။ မြို့ပေါ်ကပြည်သူတွေရဲ့ဆိုင်ကယ်တွေလည်း မကြာခဏ အခိုးခံနေရတယ်လို့ မြို့ခံတွေက ပြောပြတယ်။ “ပြည်သာယာ (တောင်) ရပ်ကွက်တွင် တစ်ရက်ထဲ ဆိုင်ကယ် (၃) စီး ဆက်တိုက် ခိုးခံရတာ။”လို့မိတ္ထီလာမြို့ခံတဦးကပြောပါတယ်။

မြို့ပေါ်ဆိုင်ကယ်တွေကိုကော လူခြေတိတ်ချိန်မှ ဝင်ခိုးတာမျိုးလားလို့​မေးလာရင် နိုးပါ လို့ ဖြေရမှာပါ။ ဆိုင်ကယ်သူခိုးတွေဟာ နေ့ခင်းကြောင်တောင် ကိုယ့်အိမ်ရှေ့ရပ်ထားတဲ့ဆိုင်ကယ်ကို ခပ်တည်တည်နဲ့တက်ခွပြီး ပိုင်ရှင်ရှေ့တင် ခိုးယူသွားကြတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

“လူရှေ့ထားပြီးခိုးတာ ၁ လမ်းထိပ်မှာ။ကယ်ရီသမားတွေလည်းရှိတယ်။ ပိုင်ရှင်လည်း ရှိတယ်။ လူကွယ်မှာဆိုရင်တော့ ပြောမနေနဲ့”လို့ မိတ္ထီလာမြို့ခံ အမျိုးသမီးတဦးက ပြောပြတယ်။

ပြီးခဲတဲ့ မေလထဲတုန်းက ဆိုင်ကယ်အခိုးခံရတဲ့ဖြစ်စဥ်တခုမှာဆို ညနေ ၄ နာရီလောက် လူတွေတပြုံကြီး ရှိနေချိန်မှာကို ဆိုင်ကယ်ကို ပေါ်တင်ခိုးသွားတယ်လို့ မြို့ခံတဦးက ပြောတယ်။

“သူခိုးက Mask လည်းမပါ၊ဦးထုပ်လည်းမပါဘူးနော်။ ပေါ်တင်ဆိုမှ ပေါ်တင်ပဲ။ သူကဆိုင်ကယ်ပိုင်ရှင်ကိုပါ ခေါင်းယမ်းပြီး နူတ်ဆက်သွားသေးတာ”လို့ မြို့ခံက ပြောပြတယ်။ ပိုင်ရှင်ကိုတောင်နှုတ်ဆက်သွားတဲ့ သူခိုးပါတဲ့။

ဆိုင်ကယ်တွေတင် အခိုးခံနေရတာလားဆိုတော့ မဟုတ်ပါဘူး။ သင်္ချိုင်းက ပစ္စည်းတွေလည်း အခိုးခံနေရတယ်လို့ဒေသခံတွေကပြောတယ်။သင်္ချိုင်းက ဘာတွေများလဲဆိုရင် အလောင်းတင်တွန်းတဲ့ ထရော်လီသံဘီး ဖြုတ်ခိုးပါသတဲ့။ မီးသင်္ဂြိုလ်စက်ကသံချောင်းတွေကိုဖိုဖျက်ပြီးခိုးယူသတဲ့။သင်္ချိုင်းထဲသွယ်ထားတဲ့ မီးကြိုး ခိုးဖြတ်ပါသတဲ့။ ဒါတင်မကသေးပါဘူး။ ဘုရားမှာ လွယ်အိတ်လေးဘေးချ တရားထိုင်နေတဲ့သူကို ခေါင်းကိုတုတ်နဲ့ရိုက်ပြီး လွယ်အိတ်ယူသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

လက်တလော ဒီလထဲ ဖြစ်ထားတဲ့ ခိုးမှုဖြစ်စဥ်ရှိပါသေးတယ်။ မိတ္ထီလာမှာရှိတဲ့ မျက်မမြင်ကျောင်းတကျောင်းက မျက်စိမမြင်တဲ့မသန်စွမ်းကျောင်းသားတွေရဲ့ ဖုန်း ၅ လုံး ဝင်အခိုးခံလိုက်ရတာပါ။ မျက်မမြင်ကျောင်းသားလေးတွေဟာ ဖုန်းထဲမှာ မျက်မမြင်တွေအတွက်ရည်ရွယ်ထုတ်ထားတဲ့ Software ထည့်ပြီး စာတွေရေးနေဖတ်နေတာလို့ နီးစပ်သူတွေက ​ပြောတယ်။ “သူတို့အတွက် ဖုန်းက လမ်းညွှန်တခုပဲ။ ဖုန်းက သူတို့မုန့်ဖိုးလေးတွေစုဝယ်ထားရတာ။”လို့ နီးစပ်သူက ပြောပြတယ်။

ဒါ့အပြင် လူခြေပြတ်တဲ့ မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်ဘက်တွေမှာလည်း မြေကွက်ကြည့်မယ်ဆိုပြီး ပွဲစားတွေဆီကနေ လုယက်တာတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အမျိုးသမီးတွေပါ ပါတယ်။ မြေကွက်ကြည့်မယ်ဆိုပြီး ခေါ်ပြီးလုတာ”လို့ မြို့ခံတဦးက ပြောပြပါတယ်။

မိတ္ထီလာမှာအဆိုးရွားဆုံးဖြစ်ရပ်ကတော့ဇွန်လ (၇)ရက်နေ့ကဒဟတ္တန်းကျေးရွာကအသက် (၇)နှစ်ပဲရှိသေးတဲ့ Grade (3) ကျောင်းသူလေးတယောက်ကို ရွှေနားကွင်းလုပြီး သတ်ဖြတ်ခဲ့တဲဲ့ဖြစ်စဥ်ပါ။

အဲဒီကျောင်းသူလေးကို တရွာတည်းနေတဲ့လင်မယားကပဲ လုယက်သတ်ဖြတ်လိုက်ကြတာပါ။ သူတို့ကလေးနဲ့လာဆော့နေတဲ့ ကျောင်းသူလေးဆီက ရွှေနားကွင်းကို တောင်းတဲ့အချိန် မပေးတာကြောင့် ယောကျာ်းဖြစ်သူက ပါးစပ်ပိတ် လည်ပင်းညှစ်လိုက်ရာကနေ ကလေးက သေဆုံးသွားခဲ့တယ်လို့ သိရတယ်။ လင်မယားနှစ်ယောက်က ကလေးအလောင်းကို ဆာလာအိတ်ထဲထည့်ပြီး သုဿန်နားသွားပစ်ခဲ့ကြတယ်။ စစ်အုပ်စုဝင်တွေက စစ်ဆေးတော့ ဖြေတာက အလုပ်အကိုင် မကောင်းလို့ စျေးသုံးဖို့အခက်အခဲဖြစ်နေလို့ လုပ်တာလို့ ဖြေခဲ့ကြပါသတဲ့။

အာဏာသိမ်းစစ်ကောင်စီနဲ့အပေါင်းအပါတွေကတော့ သူခိုးဖမ်းရတဲ့ကိစ္စကို စိတ်မဝင်စားကြပါဘူး။ မြို့ဝင်မြို့ထွက်တွေမှာ ပြည်သူတွေကို စစ်ဆေးခြိမ်းခြောက်ငွေညှစ်တာ၊ ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးပြီး ငွေတောင်းတာတွေကိုသာ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

စစ်ကောင်စီကို မြို့ခံတွေကသူခိုးတွေကိုမနိုင်တော့ဘူးလားဆိုပြီး မေးခွန်းထုတ်ကြတယ်။ အဲဒီအဖြေကို မြို့ခံတဦးက အဖြေပေးပါတယ်။

“မနိုင်တာမဟုတ်ဘူး ပေါင်းစားနေတာ”လို့သူက ဆိုလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။