Connect with us

Hi, what are you looking for?

ဆောင်းပါး

တပ်ချုပ်သစ်ရဲ့ စနဲမြို့စစ်ဆင်​ရေးကျရှုံး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဇော်ရမ်း/People’s Spring

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

တရုတ်စီမံကိန်း​တွေကိုအကာအကွယ်ယူပြီး စနဲမြို့ကို ပြန်သိမ်းယူဖို့ ကြည်း၊ရေ၊လေ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ဆင်ရေး ဆယ်ရက်ခန့်အကြာမှာပဲ အထိနာပြီး ပြန်ဆုတ်သွားပြီလို့ကျောက်ဖြူမြို့က သတင်းရင်းမြစ်တွေက ပြောပါတယ်။

၁၀၂၇စစ်ဆင်ရေးနဲ့အတူ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ စနဲမြို့ကို စစ်တပ်က ဧပြီလကတည်းက အင်အားဖြည့်ပြီး မေလ ၁၀ရက်မှာစစ်ရေးစတင်ဖော်‌ဆောင်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စနဲမြို့ကနေ ၂၈မိုင်ခန့်သာဝေးနဲ့ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းအနီးက တောင်မော်ဦးရေတပ်စခန်းမှာ အင်အားတွေစုဖွဲ့ပြီး ကြည်း၊ရေ၊လေ စစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။

” မဒေးကျွန်းမှာက တရုတ်ဓာတ်ငွေ့စီမံကိန်းရှိတယ်။တပ်တော်က အဲ့နေရာကို မတိုက်တော့ စစ်တပ်က အင်အားတွေ စိတ်ကြိုက်ဖြည့်တာ။ အခုကကြတော့ ပင်လယ်ရေကြောင်းကရော၊ လေ

ယာဉ်တွေရော၊‌ ခြေလျင်တပ်ရော စနဲကို ဦးတည်တိုက်တာ။တိုက်ပွဲတွေကအရမ်းပြင်းထန်ပြီးမှ ပြန်ဆုတ်သွားတာပါ”လို့ ကျောက်ဖြူမြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တောင်မော်ဦးရေတပ်စခန်းဟာ ကျောက်ဖြူမြို့က ဓညဝတီရေတပ်ရဲ့ လက်အောက်ခံစခန်းဖြစ်ပါတယ်။ စနဲမြို့နဲ့ တောင်မော်ဦးရေတပ်ကြားက အဝတောင်ရွာကို စစ်တပ်စစ်ကြောင်းအရောက်မှာ AAကပိတ်ဆို့တိုက်ခိုက်တာဖြစ်ပါတယ်။

“တနေ့တည်းမှာ ၁၀၀ လောက်သေတဲ့သတင်းလည်းကြားတယ်။ စနဲကိုလည်း ရေတပ်ကနေရော၊ လေယောဉ်နဲ့ပါ ဗုံးကြဲလို့ အပျက်အစီးအရမ်းများတယ်ဗျ။ဒီနေ့အထိနောက်ဆုံးကြားတာက စစ်တပ်က တောင်မော်ဦးဘက်ကို ပြန်ဆုတ်နေပြီကြားတယ်” လို့ အခြားသတင်းရင်းမြစ်တဦးက မေလ၂၂ရက်မနက်ပိုင်းမှာပြောပါတယ်။

တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ မေလ ၁၉ရက်မှာ စစ်တပ်ကစနဲမြို့ကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားပြည်သူတွေရဲ့အိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကျောက်ဖြူနဲ့ စနဲမြို့ကြားကတောင်မော်၊သိုင်းချွိန်၊ မြောချောင်း၊ အဝတောင်အပါအဝင် ကျေးရွာ ၁၀ရွာကျော်ကဒေသခံ ၈၀၀၀ ခန့် နဲ့ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ထိန်ဒွေရပ်ကွက်ကဒေသခံတွေနေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

“မိုးတွင်းအတွက်အခက်အခဲရှိနေချိန်မှာ အခုလိုတိုက်ပွဲတွေဖြစ်တော့ အခြေအနေတွေကပိုဆိုးသွားတယ်။နေရေးစားရေးအကူအညီအားလုံးလိုအပ်နေကြတယ်”လို့ စစ်ဘေးရှောင် တွေကိုကူညီနေသူတစ်ဦးကပြောပါတယ်။

စစ်တပ်ဟာစနဲမြို့ကို စစ်ကြောင်းထိုးပြီး စစ်ရေးအရ အရေးပါတဲ့ စနဲ-လေးတောင် လမ်းဆုံ၊ ရမ်းဗြဲ-စနဲ လမ်းဆုံ၊ ပင်လယ်ထွက်ပေါက်လမ်းဆုံတွေကို ထိန်းချုပ်ချင်တာဖြစ်ပေမယ့် တပ်လန်သွားပြီလို့ ဒေသခံတွေကဆိုပါတယ်။ စနဲကို ပြန်ထိန်းချုပ်နိုင်ပြီဆိုရင် ရမ်းဗြဲမြို့ကိုဆက်လက်ထိုးစစ်ဆင်ပြီး အဲဒီကမှတစ်ဆင့် ကျောက်ဖြူမြို့ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်တာလို့ စစ်ရေးလေ့လာသူတွေကပြောပါတယ်။

“တပ်ချုပ်အသစ်က နယ်တကာလှည့်ပြီး စည်းရုံးရေးဆင်းရင်း ဝါဒဖြန့်နေပေမယ့် ရခိုင်မှာAA ကိုမနိုင်တာ လက်တွေ့မြင်နေရတာပဲ။ ဒီအတိုင်းဆိုရင်AAက စစ်ရှိန်ပိုပြီးမြှင့်လာမယ့်သဘောရှိတယ်။ မင်းအောင်လှိုင်ရဲ့တပ်ချုပ်အသစ် အိပ်ရေးဝဝ အိပ်ရမယ်မထင်ဘူး”လို့ ရခိုင်စစ်ရေးအခြေနေကိုစောင့်ကြည့်လေ့လာသူတစ်ဦးကပြောပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)အပါအတင် စစ်ရေးလေ့လာသူတွေကလည်း စစ်မှုထမ်းသင်တန်းဆင်းတွေအားကိုးနဲ့ စစ်ရေးဖော်ဆောင်နေနိုင်တဲ့ စစ်တပ်ဟာ ရခိုင်ပြည်နယ်မှာ အခြေအနေမကောင်းနိူင်ဘူးလို့ သုံးသပ်ကြပါတယ်။

AA အနေနဲ့ ဒေသတွင်းတိုက်ပွဲတွေမှာတရုတ်စီမံကိန်းတွေကိုအထိခိုက်မရှိအောင် စစ်ရေးဖော်ဆောင်နေချိန် စစ်တပ်က တရုတ်စီမံကိန်းကို အကာအကွယ်ယူပေး အင်အားတိုးမြင့်တာနဲ့ စစ်ရေးဖော်ဆောင်တဲ့လုပ်ရပ်ကြောင့်အခက်အခဲကြုံစေသလို ကျောက်ဖြူမြို့သိမ်းစစ်ဆင်ရေးကို အရှိန်မြင့်လာနိုင်တဲ့အနေအထားရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

AAကကျောက်ဖြူမြို့ကိုဦးတည်တဲ့စစ်ဆင်ရေးတွေ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကစတင်ခဲ့တာဖြစ်ပါတယ်။ဒေသတွင်းမှာရှိတဲ့တရုတ်အစိုးရရဲ့စီမံကိန်းတွေကြောင့် စစ်ရေးကိုအကန့်အသတ်နဲ့ဖော်ဆောင်နေရတယ်လို့ ထုတ်ပြန်ဖူးပါတယ်။စစ်တပ်ကလည်း ကျောက်ဖြူမြို့ကို၎င်းတို့အပြည့်အဝထိန်းချုပ်ထားနိုင်ကြောင်း မကြာခဏဝါဒဖြန့်ပါတယ်။

တိုက်ပွဲပြင်းထန်နေချိန်မှာပဲ စစ်တပ်ရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဟာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်စီမံကိန်းတွေကို မေလ ၉ ရက်နေ့ကသွားရောက်ဟန်​ရေးပြခဲ့ပါတယ်။ ကျောက်ဖြူကိုလေကြောင်းခရီးစဉ်ပြေးဆွဲဖို့လည်းစစ်ကောင်စီကစီစဉ်ခဲ့ပါတယ်။ AA ကတော့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကမြို့နယ်တွေကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းနေပြီး အရပ်သားပြည်သူတွေကိုပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုဖို့ မကြာခဏသတိပေးနေပါတယ်။

ရခိုင်ပြည်နယ်မှာAAကစစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေကလွဲလို့ ကျန်တဲ့မြို့တွေကိုသိမ်းယူထားပါတယ်။ AA ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကောင်စီကအရေးပေါ်အခြေအနေကြေညာထားပြီးAAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်က လက်ကျန်မြို့တွေကို ၂၀၂၇ ခုနှစ် မကုန်မီ အပြီးသတ် သိမ်းပိုက်သွားမယ်လို့ ဧပြီလ ၁၀ရက်နေ့က ကျရောက်တဲ့ (၁၇) နှစ်မြောက် အာရက္ခတတပ်တော်မွေးနေ့မိန့်ခွန်းမှာ ပြောထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်စစ်တွေမြို့အနီးမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီး ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းနယ်စပ်ဖြစ်တဲ့ ပန်းတောင်းမြို့နယ်၊ ရခိုင်ပြည်နယ်နဲ့ဧရာဝတီတိုင်းနယ်စပ်ဖြစ်တဲ့လေးမျက်နှာနဲ့ရေကြည်မြို့နယ်တွေမှာလည်း စစ်ရေးတင်းမာနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

Facebook