Connect with us

Hi, what are you looking for?

ဆောင်းပါး

ရင်တမမ စတားလင့်

သတင်းအမှောင်ချခံထားရတဲ့ မြန်မာပြည်တွင်းကဒေသတွေမှာ စတားလင့်အင်တာနက်ဟာ မျှော်လင့်ချက်ရောင်စဥ်တစ်ခု ဒါမှမဟုတ် အသက်ရှူပေါက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီမျှော်လင့်အားထားရာ ရောင်စဥ်တန်းလေးတစ်ခုဆီကို အန္တရာယ်တွေ ကျရောက်လာနေပါပြီ။

(စစ်တပ်က ဖုန်းလိုင်း ၊အင်တာနက်လိုင်း​တွေဖြတ်​တောက်ထားချိန်မှာ စတားလင့်ဟာ ကျေးလက်​ဒေသကပြည်သူ​တွေအတွက်ဆက်သွယ်​ရေးအတွက်အဓိကအားထားစရာဖြစ်လာပါတယ် ။ဓါတ်ပုံ-Karenni Hope )

-ထက်ဖြိုး​ရေးသားသည်။

သတင်းအမှောင်ချခံထားရတဲ့ မြန်မာပြည်တွင်းကဒေသတွေမှာ စတားလင့်အင်တာနက်ဟာ မျှော်လင့်ချက်ရောင်စဥ်တစ်ခု ဒါမှမဟုတ် အသက်ရှူပေါက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီမျှော်လင့်အားထားရာ ရောင်စဥ်တန်းလေးတစ်ခုဆီကို အန္တရာယ်တွေ ကျရောက်လာနေပါပြီ။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ဟာ စတားလင့်အသုံးပြုဖို့ တရားဝင်ခွင့်ပြုထားတဲ့ နေရာမဟုတ်တာကြောင့် စတင်အပိတ်ခံနေရပြီလို့ စတားလင့်ပိုင်ရှင်တွေနဲ့ အသုံးပြုသူတွေက ပြောဆိုကြပါတယ်။ ဒါ့ကြောင့် တချို့စတားလင့်စက်တွေ အပိတ်ခံနေရပြီး တချို့ကတော့ ဘယ်နေ့စပိတ်ခံရမလဲဆိုပြီး ရင်တမမနဲ့ စိုးရိမ်နေကြရတာပါ။

အင်တာနက်ဆိုတာ သတင်းအချက်အလက် ရရှိဖို့သပ်သပ်တင်မကတော့ဘဲ လူမှုဘဝရှင်သန်ရပ်တည်ရေးအတွက်ပါ အရေးပါတဲ့ အခြေခံလိုအပ်ချက်တစ်ခုဖြစ်နေလို့ပါ။

Public Service Announcement

Public Service Announcement

အဲဒီလိုအပ်ချက်ကို ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် အင်တာနက်တွေ ဖြတ်တောက်လိုက်ပါတယ်။ လက်နက်ကိုင်ခုခံတော်လှန်မှုတွေ အားကောင်းတဲ့ ဒေသတွေမှာဆိုရင် အင်တာနက်သာမက ဖုန်းလိုင်းဆက်သွယ်ရေးတွေပါ ဖြတ်တောက်လိုက်တာပါ။

အဲသလို ဖြတ်တောက်လိုက်တဲ့အတွက်ပြည်သူတွေကြားထဲမှာ သတင်းအချက်အလက်ရရှိဖို့ ခက်ခဲသွားသလို အင်တာနက်အသုံးပြု စီးပွားရေးလုပ်ကိုင်သူတွေ၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးကိစ္စတွေအထိပါ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရပါတယ်။

အလားတူ ၂၀၂၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ယူကရိန်း-ရုရှား စစ်ပွဲဖြစ်မှာလည်းရုရှားက ယူကရိန်းကို အကြီးစား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ပြီး အင်တာနက်လိုင်းတွေဖြတ်တောက်လိုက်ပါတယ်။အဲဒီအချိန်မှာSpace-X ကုမ္ပဏီပိုင်ရှင် အီလွန်မက်စ်က ယူကရိန်းအတွက် စတားလင့် အင်တာနက်အသုံးပြုခွင့် ပေးလိုက်ချိန်မှာတော့ မြန်မာပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစု အသီးသီးအတွက်ပါ အင်တာနက်အတွက် စတားလင့်မျှော်လင့်ချက်တွေ ရောင်စင်သန်းလာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ စတားလင့်တွေ တော်လှန်ရေးနယ်မြေဒေသတချို့မှာ စတင်အသုံးပြုလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျေးလက်က လူစည်ကားတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့ ရွာတွေတော်တော်များများမှာ စတားလင့်ဟာ လူမှုစီးပွားဘဝတွေရဲ့ ကြားခံဖြစ်လာပြီး ရွာတိုင်းနီးပါးမှာ ရှိလာခဲ့ပါတယ်။

“တချို့က ဖိလစ်ပိုင်အကောင့် ဖောက်တယ်။ တချို့က ဂျပန်အကောင့်ဖောက်တယ်။ ကျနော့်စက်က ဖိလစ်ပိုင်အလုံးလေ။ဖိလစ်ပိုင်နိုင်ငံအကောင့်ဖောက်ထားတဲ့ စက်က ဖိလစ်ပိုင်မှာမရှိဘဲနဲ့ တခြားပြင်ပဒေသမှာ သုံးနေတာကို စစ်ဆေးတွေ့ရှိလို့ ပိတ်တယ်ဆိုတဲ့ သဘောပေါ့”လို့ စတားလင့်စက်တွေ အပိတ်ခံရတဲ့အခြေအနေကို စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်က စတားလင့်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပုလဲမြို့နယ်အတွင်းမှာလည်း စတားလင့်စက် အပိတ်ခံရတာတွေ စတင်ကြုံတွေ့နေရပြီလို့ စတားလင့် အင်တာနက်ဆိုင် ဖွင့်သူကဆိုပါတယ်။

“တရားဝင် ခွင့်ပြုထားတဲ့ နိုင်ငံမဟုတ်လို့ အီးမေးလ်ကျလာပြီးခါမှ ပိတ်ပစ်တာပေါ့။ အလုံးတိုင်းတော့ မဟုတ်ဘူး။ ဖြည်းဖြည်းချင်းပိတ်မယ့် အနေအထားလို့ ထင်တာပဲ”လို့ ပုလဲမြို့နယ်က စတားလင့်ဆိုင် ပိုင်ရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစတင်ပြီး စတားလင့်အသုံးပြုခွင့်ကို တင်ကျပ်လာခဲ့ရာက အခု ဇူလိုင်လမှာတော့ စတားလင့်စက်တွေ စတင်ပိတ်လာတာလို့ ဆိုပါတယ်။ ဇွန်လကစတင်ပြီး စတားလင့်ပိုင်ရှင်တွေဆီကိုID (သက်သေခံအထောက်အထား) စတင်တောင်းခံလာခဲ့ပါတယ်။ ဒီစက်ကို ဒီအထောက်အထား ကိုင်ဆောင်ထားသူက အမှန်တကယ်ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထားကို ဆိုလိုတာပါ။ အဲဒီအချိန်မှာ သက်သေခံအထောက်အထားကို ပိုင်ရှင်တွေက ယာဉ်မောင်းလိုင်စဉ်၊ ပတ်စ်ပို့ ၊ မှတ်ပုံတင်တွေနဲ့ တင်ကြည့်ကြပါတယ်။

အဲဒီသုံးခုထဲမှာ ပတ်စ်ပို့နဲ့ အထောက်အထားတင်သူတွေက အဆင်ပြေကြပြီး ယာဉ်မောင်းလိုင်စင်နဲ့ တင်သူတွေကတော့ အဆင်ပြေတာရှိသလို မပြေတာတွေလည်းရှိခဲ့ပါတယ်။ မှတ်ပုံတင်နဲ့ တင်သူတွေကတော့ အဆင်လုံးဝမပြေကြဘူးလို့ ဆိုပါတယ်။

သက်သေခံအထောက်အထား တင်စဉ်ကတည်းက မအောင်မြင်တဲ့သူတွေမှာ အဲဒီအချိန်ကတည်းက စက်အပိတ်ခံရတာတွေရှိခဲ့ကြပါတယ်။ ဇူလိုင်လမှာတော့ အထောက်အထားတင်မကတော့ဘဲ အသုံးပြုခွင့်မရှိတဲ့ တည်နေရာမှာ အသုံးပြုလို့ဆိုပြီး တစ်ဆင့်တက် ပိတ်နေတာပါ။ဒါ့ကြောင့် တစ်လတစ်ကြိမ် ငွေပေးသွင်းပြီး အသုံးပြုနေရတဲ့အတွက် ငွေဆက်သွင်းပြီး သက်တမ်းတိုးရမလား၊ မတိုးဘဲထားရမလားဆိုတာ ဝေခွဲရခက်နေကြတယ်လို့ ဆိုပါတယ်။

သက်တမ်းတိုးဖို့ ငွေမသွင်းပြန်ရင်လည်း သတ်မှတ်ရက်ကျော်လွန်ရင် ငွေမသွင်းလို့ဆိုပြီး အပိတ်ခံရမှာလည်း စိုးရိမ်နေကြရပြီး ဗျာများနေကြရပါတယ်။ သက်တမ်းကုန်လို့ ဆက်သုံးနေပြီး ငွေမသွင်းဘဲ ထားလိုက်ရင်တော့ သတ်မှတ်ရက်ကျော်တဲ့အခါ အကြွေးမပေးလို့ဆိုပြီး အဲဒီစက်က နောက်ထပ် ဘယ်နေရာမှာပဲသုံးသုံး လုံးဝအသုံးပြုလို့ မရတော့ဘဲ ဖြစ်သွားမှာပါ။

“တချို့ကကျတော့ အခုဆောင်လိုက်တယ်။ ဆောင်လိုက်တော့ကျတော့ မြန်မာနိုင်ငံမှာနေပြီးခါမှ ဆောင်လိုက်တယ်။ ဒီစက်က မြန်မာနိုင်ငံမှာရှိတယ်။ စက်က ဖိလစ်ပိုင်တည်နေရာဖြစ်တဲ့အတွက် ဘေဆောင်လိုက်တဲ့အခါမှာ ဒီအလုံးက မြန်မာနိုင်ငံကပဲဆိုပြီး သူတို့သတိရပြီး ပိတ်တဲ့အနေအထားမျိုးလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်”လို့ ပုလဲမြို့နယ်က စတားလင့်ပိုင်ရှင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စတားလင့်အင်တာနက်အပိတ်ခံရတာက ၂၀၂၅ ခုနှစ် အောက်တိုဘာလ ကတည်းကရှိခဲ့တာပါ။ ဒါပေမယ့် အဲဒီတုန်းက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ စတားလင့်တွေကိုသာ ပိတ်လိုက်တာဖြစ်ပြီး စတားလင့်ပေါင်း ၂၅၀၀ ကျော်ကို ပိတ်သိမ်းလိုက်တယ်လို့ Space-X ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ဖိအားပေးမှုကြောင့်နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းတွေကို အရေးယူဖို့အတွက် ထိုင်းအစိုးရဟာ မြန်မာဘက်ခြမ်းကို အင်တာနက်ထောက်ပံ့မှု ဖြတ်တောက်ခဲ့တာကြောင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဟာ စတားလင့် အင်တာနက်ကို မှီခိုအသုံးပြုလာခဲ့တာပါ။

ဒါ့ကြောင့် စတားလင့်တွေသာ ပိတ်လိုက်ရင် ကျားဖြန့်ဂိုဏ်းတွေထက် မြန်မာပြည်က အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ခံထားရတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေက ပိုကြီးမားစေမှာဖြစ်ပါတယ်။

စတားလင့် အင်တာနက်ဆိုင်မှာ လာရောက် အသုံးပြုမှုအများဆုံးကတော့ ထိုင်း၊ ဂျပန်၊ မလေးရှား၊ ကိုရီးယား၊ စင်ကာပူ စတဲ့ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မိသားစုဝင်တွေနဲ့ ရပ်ရွာမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ အချင်းချင်း တွေ့ကြဆုံကြသူတွေ၊ ငွေလွှဲငွေထုတ် လုပ်ကြသူတွေ၊ စတားလင့်အသုံးပြု စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတွေ၊ အင်တာနက်ပေါ်ကနေ ပညာသင်ယူနေသူတွေနဲ့ ဂိမ်းကစားချင်တဲ့ ကလေးတွေက အများဆုံးလာသုံးကြတာလို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း စတားလင့် အပိတ်ခံရမယ်ဆိုပါက ထောက်ပို့အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရေး ခက်ခဲ​စေနိုင်ပါတယ်။

“စတားလင့် ပိတ်လိုက်လို့ရှိရင် ဖုန်းလိုင်းကလည်း မရတဲ့အတွက် အများကြီး ဒုက္ခဖြစ်တာပေါ့။ ရွာတိုင်းလိုလိုကလည်း စတားလင့်တွေက ရှိနေတော့ ပြည်ပကသားသမီးတွေနဲ့ ပြောလို့ရတယ်။ အခုကတော့ စတားလင့် ပိတ်လိုက်လို့ရှိရင် သာရေးနာရေးလေးတွေ သတင်းလေးတွေ မေးမြန်းမယ့်အခါကျပြန်တော့လည်း ဝိုင်ဖိုင်လိုင်းပိတ်လိုက်ရင် လူကိုယ်တိုင်းသွားပြီး သတင်းမမေးရင် မသိရတော့ဘူး”လို့ ဆိုပါတယ်။

အသက် ၅၀ ကျော်အရွယ် ရှိပြီဖြစ်တဲ့ ဦးမောင်ကတော့ စတားလင့်ဆိုင်ကို အမြဲရောက်ဖြစ်ပြီး ထိုင်းမှာ ရောက်နေတဲ့ သမီးဖြစ်သူနဲ့ အပတ်တိုင်း ဗွီဒီယိုကောနဲ့ ဆက်သွယ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ပိတ်လိုက်ရင်တော့ အဆက်အသွယ်ပြတ်သွားမှာပေါ့။ ဖုန်းလိုင်းကလည်း တိုင်က ပေါ်လိုက်ပျောက်လိုက်ဆိုတော့။ ငွေလွှဲလို့တောင် ထုတ်လို့ရမှာမဟုတ်တော့ဘူးပေါ့”လို့ သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အောက်မှာရှိနေတဲ့ မြို့နယ်အလိုက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ရေးတာဝန်ခံတွေကတော့ အပိတ်ခံရတဲ့ စတားလင့်စက်ပိုင်ရှင်တွေဆီက အချက်အလက်တွေကို ပေးပို့ဖို့ ထုတ်ပြန်ထားကြပါတယ်။

“အခုလို အချက်အလက် ကောက်ခံတာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဆက်သွယ်ရေးဝန်ကြီးဌာနကို ပေးပို့မှာဖြစ်ပြီး ဝန်ကြီးဌာနကနေမှတစ်ဆင့် စတားလင့်စက်တွေ ပြန်လည်သုံးစွဲလို့ရအောင် ဆောင်ရွက်ပေးဖို့အတွက်ဖြစ်တယ်လို့အချက်အလက်ကောက်ခံနေတဲ့ မြို့နယ်အလိုက် တာဝန်ရှိသူတွေက ​ပြောပါတယ်။

အတတ်နိုင်ဆုံးတော့ စာရင်းတွေ ကောက်ယူပြီးတော့မှ ကြိုးစားကြည့်မယ်ပေါ့။ ရချင်လည်း ရလာနိုင်တယ်ပေါ့။ မချင်လည်း မရနိုင်ဘူး။ အာမခံချက်တော့ မပေးနိုင်ဘူးပေါ့”လို့ အချက်အလက်တွေကို ကောက်ခံနေတဲ့ ဆက်သွယ်ရေးတာဝန်ခံတစ်ခုက ပြောပါတယ်။

အပိတ်ခံရတဲ့ စက်တွေပြန်လည်အသုံးပြုနိုင်ဖို့ ကြိုးစားနေကြပေမယ့် ဘယ်လိုရလဒ်တွေ ထွက်လာမလဲဆိုတာ သေချာရေရာမှု မရှိသေးပါဘူး။ အာမခံချက်မရှိတဲ့ အခြေအနေတွေကြားမှာ စတားလင့်ပိုင်ရှင်တွေနဲ့ အသုံးပြုသူတွေဟာ မျှော်လင့်ချက်တစ်ဝက်၊ စိုးရိမ်စိတ်တစ်ဝက်နဲ့ စောင့်ဆိုင်နေကြရပါတယ်။

ကျေးလက်က မီးရောင်မှိတ်တုတ်မှိတ်တုတ်အောက်မှာ အသုံးပြုနေကြတဲ့ မိသားစုနဲ့ ဝေးကွာနေတဲ့ ဦးမောင်တို့လို မိသားစုတွေ၊ ပညာသင်ကြားနေတဲ့ ကလေးသူငယ်တွေ၊ သတင်းအချက်အလက်ကို ရရှိလိုတဲ့ ပြည်သူတွေအတွက်ကတော့ ပိုပြီး မှောင်မိုက်တဲ့ နေ့ရက်တွေဆီပြန်ရောက်သွားမလားဆိုပြီး ရင်တမမနဲ့ စောင့်ဆိုင်နေကြရပါတော့တယ်။ ။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ဟာ အခကြေးငွေယူပြီး အများပြည်သူကို Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အင်တာနက်အရောင်းဆိုင်တွေ ဖွင့်လှစ်ခွင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးတော့မှာဖြစ်ပြီး အစိုးရနဲ့ အကျိုးတူပြုလုပ်ရမယ်လို့ နည်းပညာဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရွှေဘိုခရိုင်အတွင်း ယာယီပိတ်သိမ်းထားတဲ့ Starlink(စတားလင့်)အာင်တာနက် ပြန်လည် အသုံးပြုနိုင်ပြီဖြစ်ကြောင်း အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့ မေလ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။