■ စစ်အောင်နိုင်ရေးအတွက် စစ်ရေးမဟာဗျူဟာ ပူးပေါင်း ကွပ်ကဲညှိနှိုင်းရေးကော်မတီဖွဲ့စည်းထား
■အဖွဲ့ဝင်သစ်တွေ တိုးလာရေး၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းနှစ်ခုနဲ့ စစ်ရေး၊ နိုင်ငံရေးလက်တွေ့ကျကျ ဖော်ဆောင်မယ်လို့ အသိပေး
ဧပြီ-၁၁၊၂၀၂၆။ထားမြတ်၊သော်မွန်/People’s Spring
စစ်အာဏာရှင်တွေကိုစစ်ရေးအရဖိအားပေးတိုက်ခိုက်မှု အပါအဝင် စစ်ရေးနဲ့နိုင်ငံရေး ယှဉ်တွဲပြီး နိုင်ငံ တည်ဆောက်မယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အတွင်းရေးမှူးအဖွဲ့ဝင်တွေက ပြောကြားလိုက်ပြီး ဒီလိုဆောင်ရွက်ရာမှာ အဖွဲ့ဝင်တွေ တိုးလာရေး၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းနှစ်ခုနဲ့ လုပ်ဆောင်မယ်လို့အသိပေးပါတယ်။

Public Service Announcement
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတိ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ ပါဝင်ပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEFကို ဖွဲ့စည်းကြောင်း မတ်လ ၃၀ရက်မှာ ကြေညာခဲ့ပြီးနောက် ပထမဆုံး သတင်းစာရှင်းလင်းမှုကို ဧပြီ ၁၁ရက်ညမှာ ကျင်းပခဲ့ရာ ကောင်စီရဲ့ အတွင်းရေးမှူးအဖွဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဆောင်ဆန်းမြင့်၊ ပဒိုစောတာဒိုမူး၊ ဆလိုင်းထက်နီ၊ ဒေါ်ဇင်မာအောင်၊ဒေါ်ဖြူဖြူသင်း တို့ကရှင်းလင်းပြောကြားခဲ့တာပါ။
NUG နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် ကောင်စီအတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါ်ဇင်မာအောင်က NUGအစိုးရဟာ တော်လှန်ရေးကာလအတွက်သာ ရှိနေတာဖြစ်ပြီးအခု SCEFဟာ စာရွက်ပေါ်မှာ ရှိထားတဲ့ သဘောတူညီချက်တွေ လက်တွေ့အကောင်အထည်ဖော်ဖို့ ၊ စစ်ရေး နိုင်ငံရေးကို လက်တွေ့ကျကျ ပေါင်းစပ်လိုက်တာဖြစ်တယ်လို့ ရှင်းလင်းပြောကြားပါတယ်။
တော်လှန်ရေးမှာ ပေါ်ထွန်းလာတဲ့ စုဖွဲ့မှုတွေကို အပြန်အလှန် တန်ဖိုးထားပြီး စုစည်းခြင်းအားဖြင့်သာ တော်လှန်ရေးဦးဆောင်မှုမှာ ပိုအားကောင်းစေမယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောကြားပါတယ်။
SCEF ဖွဲ့စည်းမှုဟာဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ဖြစ်ပြီး မျှော်လင့်ထားတဲ့ ဖက်ဒရယ်နိုင်ငံဟာ အားလုံးအတူတကွ မျှဝေ နေထိုင်းပြီးအတူတကွ တည်ဆောက်လိုက်တဲ့ နိုင်ငံသစ်ဖြစ်မယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ် ၊ဖက်ဒရယ် ဦးဆောင်ကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ ပဒိုစောတာဒိုမူးက ပြောပါတယ်။ လူမျိုးတမျိုးက အခြားလူမျိုးတမျိုးကို နိုင်ငံထက်စီးနင်းလုပ်တဲ့ ပုံစံ မဖြစ်စေရဟုလည်း သူက ပြောပါတယ်။
“နေပြည်တော်မှာရှိတဲ့ တဗိုလ်တက်တဗိုလ်ဆင်းဖြစ်တဲ့ နေပြည်တော်က ခေါင်းဆောင်တွေက ပွင့်ပွင့်လင်းလင်း ပြောရရင်ဖက်ဒရယ်ကို ရှင်းရှင်းလင်းလင်း ပြောရရင် ဖက်ဒရယ်ကို မလိုချင်ဘူးလို့ပဲ ပြောရမှာပဲ။ ၂၀၀၈ အောက်ကနေ ဘယ်လိုမှ ဖက်ဒရယ် ဖြစ်လာလို့မရပါဘူး” လို့ ပဒိုစောတာဒိုမူးက ပြောါပတယ်။
ဒါကြောင့် ဖက်ဒရယ်ကိုသွားဖို့ ကိုယ်တိုင်ထုဆစ်ရမှာဖြစ်တာကြောင့် အခုဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် နဲ့ ဖွဲ့စည်းခဲ့တာလို့ အသိပေးပါတယ်။
“ထူးခြားတာက ဒီဟာသည်နိုင်ငံတည်ဆောက်မှု ဖြစ်သလို တဖက်မှာလည်း စစ်အာဏာရှင်တွေကို စစ်ရေးအရ ဖိအားပေး တိုက်ခိုက်သွားမှာဖြစ်သလို စစ်ရေးနဲ့ နိုင်ငံရေးယှဉ်တွဲပြီး သွားနိုင်မယ့် နိုင်ငံတည်ဆောက်မှု အင်စတီကျူးရှင်း ပုံစံအသစ်တမျိုးဖြစ်တယ်ဆိုတာလေးကိုတော့ပြန်ပြီး ဖြေကြားလိုပါတယ်” လို့ ပဒိုစောတာဒိုမူးက ပြောပါတယ်။
ဖက်ဒရယ် ဦးဆောင်ကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း SCEF ရဲ့ လုပ်ငန်းလမ်းညွှန်မှာ စစ်ရေးနဲ့ ပတ်သက်ပြီး စစ်မဟာဗျူဟာ ပူးပေါင်းညှိနှိုင်း ကွပ်ကဲရေးကော်မတီ ကို ဖွဲ့စည်းထားဟု အသိပေးပါတယ်။
“အဲဒီမှာ အဖွဲ့အစည်း တခုတည်းနဲ့ ဦးဆောင်မှု မဟုတ်ဘဲနဲ့စစ်အောင်နိုင်ရေးအတွက်စစ်ရေးမဟာဗျူဟာ ပူးပေါင်း ကွပ်ကဲညှိနှိုင်းရေးကော်မတီဆိုတဲ့ဟာ ဖွဲ့ထားတာရှိပါတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်းရှိနေတဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မဟာဗျူဟာ စစ်ရေးအရ ကွဲပြားမှုတွေ ချိန်ညှိပြီး အမိန့်တခု၊ မူဝါဒ တခု၊ မဟာဗျူဟာတခု အောက်မှာ စစ်ရေးကို ဖော်ဆောင်သွားမယ်လို့ ရှင်းပြပါတယ်။
“SCEF ဆိုတာ နွေဦးတော်လှန်ရေးရဲ့ ၅နှစ်တာ အတွေ့အကြုံကို ယူပြီးတော့မှ ဒီမဟာဗျူဟာနဲ့ မျှော်မှန်းချက် မှာ စစ်အာဏာရှင်အာဏာရှင်မှန်သမျှ မဖြစ်မနေ အမြစ်ပြတ် ဖယ်ရှားပြီးတော့မှ ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ရပ်တည်ချက်ကို လက်တွေ့ကျကျ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံရေးအခင်းအကျင်းသစ်တစခုကို စုစည်းမှုနဲ့အညီ ဖော်ဆောင်ချင်တာဖြစ်ပါတယ်။ငါးနှစ်တာ တော်လှန်ရေးအတွေ့အကြုံကနေ ခုပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်တခုကို တာထွက်အနေနဲ့ ဒီခြောက်ဖွဲ့ကနေဖော်ဆောင်လိုက်တာဖြစ်ပါတယ်”လို့ဆလိုင်းထက်နီက ပြောပါတယ်။
လက်တွေ့မှာနယ်မြေအရခိုင်မာမှုရှိတဲ့ တော်လှန်ရေးကာလအတွင်းစုစည်းအုပ်ချုပ်မှုတည်ဆောက်နေတဲ့ အဖွဲ့အစည်းများစွာ ရှိပြီး အဲဒီ အဖွဲ့တွေ ပူးပေါင်းပါဝင်လာမှုအတွက် ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။
SCEFအတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ် ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူးဖြစ်တဲ့ ဦးအောင်ဆန်းမြင့်ကလည်း SCEFဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ စင်ပြိုင်မဟုတ်ဟုလည်း ပြောပါတယ်။
“စုဖွဲ့မှုမှာ အဓိက အခန်းကဏ္ဍကြီး ၂ခုရှိတယ်။ စစ်အောင်နိုင်ရေးနဲ့ တခုကတော့အသွင်ကူးပြောင်းရေးကာလကို ကျနော်တို့ ချောချောမွေ့မွေ့နဲ့ကူးပြောင်းနိုင်ရေးအတွက် နိုင်ငံရေးအရ အင်စတီကျူးရှင်းအရ ဦးဆောင်သွားဖို့ ဆိုတဲ့ ဦးဆောင်ကောင်စီကို ဖွဲ့စည်းခဲ့တာဖြစ်တယ်။” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
SCEFက လက်တွေ့ကျကျ စစ်ရေးနိုင်ငံရေးတွေ အကောင်အထည်ဖော်သွားမယ် လုပ်ဆောင်သွားမယ့်အဖွဲ့ဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကိုယ်စားပြုမှု ရှိတဲ့ စုအဖွဲ့တွေ ကြားထဲမှာပေါင်းစပ်ညှိနှိုင်းရေး ယန္တရားတွေ တည်ဆောက်ပြီး အကောင်အထည်ဖော်ဖို့ဖြစ်ကြောင်း ရှင်းပြပါတယ်။
“ကျနော်တို့ကNUCCနဲ့စင်ပြိုင်လည်းဖွဲ့စည်းလိုက်တာမဟုတ်ဘူး။NUCCကိုပယ်ဖျက်လိုက်တာလည်းမဟုတ်ဘူးအစားထိုးလိုက်တာလည်း မဟုတ်ဘူး”လို့ ဦးအောင်ဆန်းမြင့်ကပြောပါတယ်။
NUCC အနေနဲ့ SCEFကို အကြံပေးနိုင်ပြီး NUCC ရဲ့ နိုင်ငံရေးအရ သွားလိုတဲ့ ဆန္ဒတွေကိုလည်း ချိတ်ဆက်ဆောင်ရွက်လို့ရတဲ့ သဘောရှိကြောင်း ဦးအောင်ဆန်းမြင့်က ရှင်းပြပါတယ်။
SCEF စုဖွဲ့မှုမှာ ထပ်မံ ပါဝင်မှု မြှင့်မားလာရေး ညှိနှိုင်းမှုတွေ လုပ်သွားဖို့ရှိကြောင်း ပြောပါတယ်။ “အင်အားသစ်တွေ အဖွဲ့ဝင်သစ်တွေ ပေါ်ထွန်းလာရေးကတော့ ကျနော်တို့ သတ်မှတ်ထားတဲ့ ခုနက မဏ္ဍိုင်သုံးခုထဲကလာရမှာဖြစ်တယ်။ဖက်ဒရယ်ယူနစ်တွေပြည်နယ်တွေ၊ အမျိုးသမီးကိုယ်စားပြုမှုတွေ နောက်ပြီးမှပြည်သူလူထု ကိုယ်စားပြုတွေ ဒီအခန်းကဏ္ဍကနေပဲ အဖွဲ့ဝင်ဖြစ်ရေးက ပါလာရမှာ ဖြစ်ပါတယ်” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
ဒါပေမဲ့ တော်လှန်ရေးအောင်မြင်ရေးအတွက် လက်ရှိ မှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေအားလုံး ပါဝင်ဖို့လိုကြောင်းလည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“စစ်ရေးကို အကောင်အထည်ဖော်တဲ့အခါမှာ ဒီကနေ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တွန်း
လှန်တိုက်ပွဲဝင်နေကြတဲ့ အစုအဖွဲ့တွေ အားလုံးကပါမှာပဲ။ ဒါပေမဲ့ ပြည်နယ်ကို ကိုယ်စားပြုတယ် ဖက်ဒရယ်ယူနစ်ကို ကိုယ်စားပြုတယ်ဆိုတဲ့ အင်
အားစုတွေ EROပဲ ဖြစ်ဖြစ် ပြည်နယ်ဖက်ဒရယ်ယူနစ်တွေပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ဖက်ဒရယ်တည်
ဆောက်ရေး အတွက်မူဝါဒတွေ ချမှတ်တဲ့ အခန်းကဏ္ဍ ဒိုင်ယာလော့တွေမှာတော့ ပါသွားမှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်ဖြစ်တာ သီးသန့်ရယ် နောက်ပြီးမှ မဟာမိတ်တွေ စစ်ရေးအရရော နိုင်ငံရေးအရရော ပူးပေါင်းတဲ့ဟာတွေကတော့ဒါကိုဆက်ပြီးမှ ဆွေး
နွေးရမယ့်ဟာ နှစ်ခုရှိပါတယ်။အဖွဲ့ဝင်တွေ ဖြစ်
လာရေးနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ လမ်းကြောင်းကတော့ နှစ်ခု ခွဲခြားမြင်ဖို့တော့လိုပါတယ်” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
SCEFမှာ တအာင်း၊ ကိုးကန့်၊ AA ကဲ့သို့ အဖွဲ့တွေ မပါဝင်လာနိုင်တဲ့ အခြေအနေကိုလည်း အခုလို ပြောပြပါတယ်။
“ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် တရုတ်တို့၊အိန္ဒိယတို့ ထိုင်းတို့ အပေါ်မှာ သူ့ရဲ့ နိုင်ငံရေးအခြေ
အနေအပေါ်မှာ သူ့ရဲ့ မူဝါဒ ပေါ်လစီအပေါ်မှာ ကျနော်တို့က လှုပ်ရှားရတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် တချိုက အဖွဲ့အစည်းတွေကတခြားအိမ်
နီးချင်းနိုင်ငံရဲ့နိုင်ငံရေးအရဖိအားပေးမှုတွေ တ
ခြားဖိအားပေးမှုတွေနဲ့ မလွန်ဆန်နိုင်တဲ့ အနေ
အထားမျိုးတွေရှိပါတယ်။ဒါပေမဲ့ ကျနော်တို့ ကြားထဲမှာ စစ်ရေးအရ သော်လည်းကောင်း နိုင်ငံရေးအရသော်လည်းကောင်း အမြဲထိတွေ့ချိတ်ဆက်နေတာတွေ ရှိပါတယ်။ဒါကြောင့်မို့လို့ ကျနော်ခုဏ ပြောတယ် အဖွဲ့ဝင်မဖြစ်ရင် တောင်မှ မဟာမိတ်အနေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်က ကျနော်တို့ ကြားထဲမှာ ရှိပြီးသားဖြစ်ပါတယ်။ “ လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုတာဒိုမူးက အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးမလားဆိုတဲ့ မေးမြန်းချက်အပေါ် အခုလို ဖြောကြားပါတယ်။
၂၀၂၆ ဒီဇင်ဘာကတည်းက ထုတ်ပြန်ခဲ့တဲ့ ဘုံရပ်တည်ချက် ၆ရပ်ရှိပြီး အဲဒါတွေရဲ့ အခြေခံဟာ အဓိက အချက် ၃ချက်ရှိကြောင်း ရှင်းပြပါတယ်။
“နံပတ်တစ်က စစ်တပ်က နိုင်ငံရေးကထွက်ခွာဖို့ဆိုတာ လက်ခံဖို့လိုတယ်။ နောက် ဖွဲ့စည်းပုံအသစ်လိုတယ်။ ၂၀၀၈က ဘယ်လိုမှ ဖက်ဒရယ်တည်
ဆောက်လို့ရတဲ့ဟာမဟုတ်ဘူး သူ့ဘာသာသူလည်း ပျက်ပြယ်သွားပြီ” လို့ ပဒိုတာဒိုမူးက ပြောပါတယ်။
နောက်တချက်က အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ကိစ္စကို လက်ခံရမယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတရပ်လုံးကို ဒုက္ခပေါင်းများစွာ ရင်ဆိုင်စေရဖို့ ဖန်
တီးသူဟာ လက်ရှိ စစ်အာဏာရှင်တွေ က ပေါ်
ပေါက်လာစေတဲ့ စစ်တပ်ကြောင့် ဖြစ်တယ်လို့ ပြောပြပါတယ်။
CRPH တာဝန်ရှိသူတဦးဖြစ်သလို ၊ဖက်ဒရယ် ဦးဆောင်ကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဒေါ်ဖြူဖြူသင်းကလည်းအတုအယောင်ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ တရားမဝင်တဲ့ အစိုးရတရပ်ကို ပြည်သူတွေအားကိုးရမှာ မဟုတ်သလို တရားမဝင်အစိုးရမှာဆိုရင်လည်း စစ်တပ်က လူတွေချည်းသာဖြစ်တယ်လို့ ပြောပါတယ်။
“တရားမဝင်ဆောင်ရွက်ထားတဲ့ ကိစ္စရပ်တွေဟာ ဆွေးနွေးပြီးသွားရမှာလား၊ ဒါမှ မဟုတ်လို့ရှိရင် ပြည်သူလူထုရဲ့ ခုံရုံးကိုတင်ရမှာလားဆိုတာ အားလုံးလည်းသိရှိပြီးဖြစ်တယ်” လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
“အကြမ်းဖက်မှုတွေနေ့တိုင်းရက်ဆက်ကျူးလွန်နေတဲ့သူတွေသွားရမယ့်လမ်းကြောင်းကိုပဲ ပို့ရလိမ့်မယ်လို့ မြင်ပါတယ်။” လို့ ဒေါ်ဖြူဖြူသင်းက ပြောကြားပြီး ဒီလိုလုပ်ဆောင်ရာမှာ ဘယ်ကိစ္စမဆို ဥပဒေကြောင်းအရ ဖြစ်ရမယ်လို့ ပြောပါတယ်။























































