Connect with us

Hi, what are you looking for?

ဆောင်းပါး

တစ်ကိုယ်တည်းသမားတွေရဲ့ နိုင်ငံ

နောက်နှစ်ပတ်ကျော်ဆိုရင် သီတင်းကျွတ်ပါတော့မယ်။ဝါကျွတ်ပြီမို့ မကြာခင် မင်္ဂလာဆောင်တွေ တန်းစီအောင် လာပါတော့မယ်။ စာဖတ်သူကော အိမ်ထောင်မရှိသေးဘူးဆိုရင် ဒီနှစ် သီတင်းကျွတ်မှာ ဖိတ်စာဝေဖို့ အစီအစဥ်ရော ရှိနေပြီလား။

ထွန်းညိုဦး ရေးသားသည်

“သံသာကမ်းတိုင် တူပြိုင်ကူးမယ်လေ ဆုထူးကို မောင်မယ်စုံခြွေ ဟိုရှေးရေစက်ခိုင်မြဲ လွဲမသွေ ဖူးစာဖက် ချစ်သက်ဝေ ချစ်တဲ့သက်ဝေ….”

နောက်နှစ်ပတ်ကျော်ဆိုရင် သီတင်းကျွတ်ပါတော့မယ်။ဝါကျွတ်ပြီမို့ မကြာခင် မင်္ဂလာဆောင်တွေ တန်းစီအောင် လာပါတော့မယ်။ စာဖတ်သူကော အိမ်ထောင်မရှိသေးဘူးဆိုရင် ဒီနှစ် သီတင်းကျွတ်မှာ ဖိတ်စာဝေဖို့ အစီအစဥ်ရော ရှိနေပြီလား။

ပြီးခဲ့တဲ့လပိုင်းက ရန်ကုန်မှာ အိမ်ထောင်မပြုတဲ့ လူပျိုကြီး အပျိုကြီးတွေ များလာတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ဒါဟာ ရန်ကုန်တင်လားဆိုတော့ မဟုတ်ပါဘူး။ ဒေသအသီးသီးမှာလည်း အိမ်ထောင်ပြုဖို့ စဥ်းစားချင့်ချိန်လာကြတဲ့ လူငယ်တွေ များသထက် များလာခဲ့ပါပြီ။ အောက်ကအချက်တွေက လူငယ်တွေ အိမ်ထောင်ပြုဖို့ ပိုပြီး စဥ်းစားလာရတဲ့အချက်တွေထဲ ပါနိုင်ပါလိမ့်မယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတာကလည်း အိမ်ထောင်ပြုဖို့ စဥ်းစားလာရတဲ့ အဓိက အကြောင်းရင်းထဲမှာ ပါပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက် လူငယ် ၄ ဦးမှာ ၁ ဦး အလုပ် အကိုင်မရှိဖြစ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အလုပ်အကိုင်မရှိဘဲ ဘယ်လိုအိမ်ထောင်ပြုကြပါမလဲ။

နောက်တစ်ခုကငွေကြေးဖောင်းပွမှုပါ။ ​မြန်မာကျပ်ငွေတန်ဖိုးဟာ အင်မတန်မှ ကျဆင်းသွားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ပြီး ပြည်သူတွေ အဆမတန် ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ခဲ့ပါတယ်။ တဝေါဝေါ ကျဆင်းနေတဲ့ ငွေတန်ဖိုးနဲ့ တရိပ်ရိပ်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြားမှာ လူငယ်တွေဟာ အိမ်ထောင်ပြုဖို့ ပိုပြီး ဝေးလာရပါတယ်။

နောက်တစ်ခုက ​အနာဂတ် မရေရာမှုနဲ့ လုံခြုံရေး စိုးရိမ်ရမှု အခြေအနေပါ။ လက်ထပ်ဖို့ ဖိတ်စာဝေပြီးမှ ကိုယ်နဲ့လက်ထပ်မယ့်လူ စစ်မှုထမ်း ပေါ်တာအဆွဲမခံရဘူးလို့ မပြောနိုင်ပါဘူး။ မနက်ဖြန်တောင် ဘာဖြစ်မယ်ဆိုတာ မှန်းလို့မရတဲ့အခြေအနေမှာ ဘဝနှစ်ခုပေါင်းစပ်ဖို့ဆိုတာ အန္တရာယ်များလွန်းလှတယ်ဆိုတာ သိလာကြပါတယ်။ ဒါ့အပြင် လက်ထက်ပြီးရင်တောင် ဒီလို မတည်ငြိမ်တဲ့တိုင်းပြည်မှာ ကိုယ့်ရင်သွေးကို လူ့ဘဝထဲ ဆွဲခေါ်လာဖို့ဆိုတာ အင်မတန်စဥ်းစားရတဲ့အခြေအနေ ဖြစ်နေပါပြီ။

စစ်အာဏာရှင် စနစ်ရဲ့ဖိနှိပ်မှု​တွေ ၊ စစ်အာဏာရှင်စနစ်ရဲ့ဖျက်ဆီးမှု​တွေ ၊ အ​ထွေ​ထွေအကြပ်အတည်း​တွေ ၊ အဓမ္မအ​သေခံစစ်သားစု​ဆောင်းမှု​တွေ၊ စစ်ပွဲတွေကြောင့် လူငယ်တွေ အိမ်ထောင်မပြုဘဲ နေထိုင်ကြတာ၊ ဒါမှမဟုတ် မင်္ဂလာဆောင်ဖို့ ရွှေ့ဆိုင်းကြတာတွေဟာ ကမ္ဘာ့သမိုင်းမှာလည်း ရှိခဲ့ဖူးပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက အရှေ့ဂျာမနီမှာဆိုရင် ဘာလင်တံတိုင်း ပြိုကျပြီးတဲ့နောက် နိုင်ငံရေးစနစ် ပြောင်းလဲမှုတွေနဲ့ မရေရာမှုတွေကြောင့် အရှေ့ဂျာမနီက လူငယ်တွေဟာ အိမ်ထောင်ပြုခြင်းနဲ့ ကလေးမွေးဖွားခြင်းကို သိသိသာသာ ရှောင်လွှဲခဲ့ကြတယ်လို့ သိရပါတယ်။ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်းအိမ်ထောင်ပြုမှုနှုန်းဟာ၆၀ ရာခိုင်နှုန်းခန့်အထိ ထက်ဝက်ကျော် ထိန်းမနိုင်သိမ်းမရ ထိုးကျသွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အလားတူ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက် ပြိုကွဲပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ရှုပ်ထွေးမှုနဲ့ စီးပွားရေး ပျက်ကပ်တွေကြောင့် ရုရှားနဲ့ အရှေ့ဥရောပ နိုင်ငံတွေမှာလည်း လူငယ်တွေဟာအိမ်ထောင်ပြုဖို့ ဝန်လေးခဲ့ကြပြီး လူဦးရေ တိုးတက်မှုနှုန်း အကြီးအကျယ် ကျဆင်းခဲ့တယ်လို့ သိရတယ်။

ဆီးရီးယားမှာလည်း ၂၀၁၁ နောက်ပိုင်း ပြည်တွင်းစစ်နဲ့နိုင်ငံရေး ပဋိပက္ခတွေကြောင့် လူငယ်တွေ အများအပြားစစ်မှုထမ်းရတာ၊ အိမ်ထောင်ပြုဖို့ ငွေကြေးမရှိတာနဲ့ စစ်ဘေး ဒုက္ခသည်တွေ ဖြစ်နေကြတာကြောင့် မင်္ဂလာဆောင်တဲ့ နှုန်းထားဟာ အလွန်အမင်း ထိုးကျသွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ လူငယ်တွေ အိမ်ထောင်မပြုဘဲ သီးသန့်နေထိုင်ဖို့ ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ ရွေးချယ်လာကြတာဟာ ကမ္ဘာ့သမိုင်းကြောင်းအရ ကြည့်ရင်လည်း ခက်ခဲတဲ့ ခေတ်ဆိုးကြီးကို တိတ်ဆိတ်စွာ ရင်ဆိုင်ကျော်ဖြတ်နေကြတဲ့ သဘာဝအလျောက် တုံ့ပြန်မှုတစ်ခုလို့ပဲ ဆိုရမှာပါ။

ဘဝမှာ ကိုယ်ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ရတာ အတော်ပျော်စရာကောင်းမယ့်ပုံပါ။ ဒါပေမယ့် ကျနော်တို့လို စစ်တပ်အာဏာသိမ်းထားတဲ့နိုင်ငံက လူငယ်တွေအဖို့တော့ ပျော်စရာထက် ဝန်ထုပ်ဝန်ပိုးတွေက ပိုများစေမှာ အမှန်ပါပဲ။

(ရန်ကုန်မြို့တွင် တစ်ဦးတည်းသွားလာနေသော ပြည်သူအချို့အား ပြီးခဲ့သည့်လပိုင်းအတွင်းက တွေ့ရစဥ်။ ဓါတ်ပုံံ-ရောင်နီ)

ဆက်စပ်သတင်းများ

Facebook