Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရီပတ်ဘလစ်ကန် အောင်နိုင်ရေးအတွက် မတ်စ်ခ်က ဒေါ်လာ သန်း ၄၅၀ နီးပါး မြှုပ်နှံခဲ့ပေမယ့် အလဟဿ ဖြစ်ခဲ့

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ဟာ အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ အောင်ပွဲခံဖို့ ဒေါ်လာ သန်းပေါင်း ၄၅၀ နီးပါး ထည့်ဝင်လှူဒါန်းထားခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ဟာ အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ အောင်ပွဲခံဖို့ ဒေါ်လာ သန်းပေါင်း ၄၅၀ နီးပါး ထည့်ဝင်လှူဒါန်းထားခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ဖြစ်ခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် ပါတီရဲ့ အမာခံ ငွေကြေး ပံ့ပိုးသူ တစ်ဦးဖြစ်တဲ့ မတ်စ်ခ်ဟာ နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ ပါတီ ရန်ပုံငွေအတွက် ဒေါ်လာသန်း ၄၅၀ နီးပါး မြှုပ်နှံခဲ့ပေမယ့် အခုတော့ အဲဒီငွေကြေးတွေ အလဟဿ ဖြစ်သွားတဲ့ သဘောပါ။ ဒီပမာဏဟာ အမေရိကန်ရဲ့ ရွေးကောက်ပွဲ ကာလတစ်ခုမှာ တစ်ဦးချင်း ထည့်ဝင်မှု အများဆုံး စံချိန်လည်း ဖြစ်ခဲ့ပေမယ့် မတ်စ်ခ်ရဲ့ လောင်းကြေးထပ်မှုက ဒီတစ်ကြိမ်မှာတော့ ဆုံးရှုံးမှုဆီ ဦးတည်သွားခဲ့တာ ဖြစ်ပါတယ်။

မတ်စ်ခ်အတွက် အထိနာဆုံး တစ်ချက်ကတော့ တက္ကဆက်စ်ပြည်နယ် အထက်လွှတ်တော် အမတ်နေရာကို ရီပတ်ဘလစ်ကန် ပါတီက ဆက်ပြီး ထိန်းမထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အစဉ်အလာအရ တက္ကဆက်စ်ဟာ ရီပတ်ဘလစ်ကန် အားကောင်းတဲ့ နယ်မြေဖြစ်ပေမယ့် အခုရွေးကောက်ပွဲမှာတော့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ဂျိမ်းစ် တယ်လာရစ်ကိုက အနိုင်ရသွားခဲ့ပါတယ်။ သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ်ကန် အမတ်လောင်း ကန်ပက်စ်တန်ရဲ့ မဲဆွယ်မှုတွေ အတွက်တင် မတ်စ်ခ်ဟာ ဒေါ်လာ ၄၅ သန်းလောက် ရင်းနှီးမြှုပ်နှံပေးထားခဲ့တာ ဖြစ်ပါတယ်။

အလားတူ အရီဇိုးနား၊ မီချီဂန်၊ ဝစ္စကွန်ဆင်နဲ့ မင်နီဆိုးတား ပြည်နယ် ရွေးကောက်ပွဲတွေမှာလည်း မတ်စ်ခ်ဟာ ဒေါ်လာတွေ သန်းနဲ့ချီ အမြောက်အမြား ထည့်ဝင်ခဲ့ပါသေးတယ်။ မှတ်တမ်းတွေအရ သူဟာ ရွေးကောက်ပွဲ မတိုင်ခင်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ ရက်နေ့ထိ ငွေကြေး ထည့်ဝင်မှုတွေ မရပ်တန့်ခဲ့ဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၃ ရက် ညပိုင်းမှာတော့ မတ်စ်ခ်က သူ့ရဲ့ ဆုံးရှုံးမှုတွေကို သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Xမှာ ရွှတ်နောက်နောက် ပို့စ်တစ်ခု ရေးသားပြီး အတည်ပြု ဝန်ခံထားခဲ့ပါတယ်။ အာကာသ နည်းပညာ လုပ်ငန်းစုကြီး SpaceXရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ‘မတ်စ်ခ်က ရွေးကောက်ပွဲ စွက်ဖက်ရေး လေဆာစနစ်က အလုပ်မလုပ်ခဲ့ဘူး’လို့ ရေးထားခဲ့တာပါ။

လေ့လာသူတွေကတော့ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေရဲ့ အမတ်နေရာတွေ ဆုံးရှုံးကုန်တာဟာ မတ်စ်ခ် ကိုယ်တိုင်ရော၊ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေမှာပါ ရှုပ်ထွေးမှုတွေ ကြုံတွေ့လာစေနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

SpaceXဟာ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် ဒုတိယအကြိမ် သမ္မတ ဖြစ်လာချိန် ကတည်းက ဒေါ်လာ ၁၀ ဘီလီယံဖိုးလောက်ရှိတဲ့ အစိုးရ စာချုပ်တွေ လက်ခံ ရရှိထားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဒီမိုကရက်တစ် အမတ်တချို့က အစိုးရ အဖွဲ့ထဲမှာပါ SpaceXရဲ့ ပါဝင်ပတ်သက်မှုနဲ့ အခန်းကဏ္ဍတွေ ကြီးထွားလာနေတာကို စုံစမ်းစစ်ဆေးဖို့ လိုနေကြောင်း ထောက်ပြလာပါတယ်။

လွှတ်တော်နှစ်ရပ်ကို ရီပတ်ဘလစ်ကန်ပါတီ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားတာဟာ SpaceXနဲ့ တခြား နည်းပညာ လုပ်ငန်းစုကြီး တချို့ရဲ့ အနာဂတ် Data center တည်ဆောက်မှု စီမံကိန်းတွေ အတွက်ပါ အခက်အခဲတွေ ကြုံလာစေဖွယ် ရှိပါတယ်။ ဂျော်ဂျီယာ ပြည်နယ်မှာဆိုရင် ရွေးကောက်ပွဲ အနိုင်ရလာတဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု အုပ်ချုပ်ရေးမှူးလောင်းဟာ အကြီးစား အဆောက်အအုံကြီးတွေ ရုတ်တရက် များပြားလာတာကို ကန့်သတ်လိုကြောင်းနဲ့ အဲဒီလို အဆောက်အအုံတွေကို အဓိက ဆောက်လုပ်တဲ့ နည်းပညာ လုပ်ငန်းစုကြီးတွေတွေအတွက် အခွန်သက်သာခွင့်ကို ပယ်ဖျက်လိုကြောင်း ပြောဆိုထားပါတယ်။ ဂျော်ဂျီယာဟာ SpaceXရဲ့ Data centerကြီးတွေ ဆောက်လုပ်ရေးအတွက် အဓိက ရွေးချယ်ထားတဲ့ ပြည်နယ်တစ်ခုပါ။

Data centerတွေဟာ ဉာဏ်ရည်တု (AI)လိုမျိုး ခေတ်ရှေ့ပြေး နည်းပညာတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေ ဖြစ်လာပါတယ်။ မတ်စ်ခ်က Data centerတွေကို ကမ္ဘာပေါ်မှာအစား အာကာသထဲမှာ တည်ဆောက်ထားဖို့ စိတ်ကူးကို အရင်က မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာပြီးတဲ့ အခါမှာတော့ သူက အဲဒီတုန်းက စိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်သင့်ကြောင်း ပိုပြီး ယုံကြည် လက်ခံလာသင့်ပြီလို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook