ဟောမုဇ်ရေလက်ကြား လုံခြုံရေးအတွက် တိုက်ခိုက်ရေး မဟုတ်တဲ့ တပ်အင်အားတချို့ ဖြန့်ကျက်သွားမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
အီရန်စစ်ပွဲမှာ ပါဝင်ရှုပ်ထွေး ပတ်သက်ဖို့အတွက် တပ်တွေ ဖြန့်ကျက်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား အစိုးရက အခိုင်အမာ ပြောဆိုထားရာကနေ နိုဝင်ဘာ ၅ ရက်နေ့မှာ အခု ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာပါ။
အီရန်စစ်ပွဲကို အကြောင်းပြုပြီး ပိတ်ဆို့ခံထားရတဲ့ ကမ္ဘာ့ အရေးအပါဆုံး ရေလမ်းကြောင်း တစ်ခုကို ပုံမှန် ပြန်ဖွင့်နိုင်ရေး အတွက်တော့ တောင်ကိုရီးယားဟာ မဟာမိတ် အမေရိကန်နဲ့ ပူးပေါင်းပြီး စီစဉ် အားထုတ်မှုတွေ ရှိနေပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ ကြေညာချက်အရ တောင်ကိုရီးယားဟာ ရေကြောင်း ကင်းလှည့် လေယာဉ်တစ်စီးနဲ့ ရေမြှုပ်မိုင်း ဖယ်ရှားရှင်းလင်းရေး အဖွဲ့တစ်ခု အပါအဝင် ရေတပ်အရင်းအမြစ် တချို့ကို ဟောမုဇ် အနောက်ပိုင်း ရေပြင်ဆီ ပို့ဆောင်မယ်လို့ သိရပါတယ်။ ဒါဟာ ရေလမ်းကြောင်းကို ဘေးကင်းကင်း ပြန်ဖွင့်နိုင်ရေး အားထုတ်မှုရဲ့ အစိတ်အပိုင်း တစ်ခုလို့ တောင်ကိုရီးယားက ဆိုပါတယ်။

Public Service Announcement
တောင်ကိုရီးယား အစိုးရဟာ နိုင်ငံရဲ့ ပင်လယ်ဓားပြ တိုက်ခိုက်ရေး အထူးတပ်ဖွဲ့ဖြစ်တဲ့ ချောင်ဟေးယူနစ်ကို စစ်ဆင်ရေး နယ်မြေ ချဲ့ထွင်စေဖို့ စီစဉ်နေကြောင်း သတင်းတွေကို အတည်ပြုခဲ့ပါတယ်။ အဲဒီ ယူနစ်ဟာ ဆိုမာလီယာ ကမ်းလွန် ပင်လယ်ပြင်မှာ ပင်လယ်ဓားပြ သောင်းကျန်းမှုတွေကို နှိမ်နင်းနေရာကနေ ဟောမုဇ် ရေလက်ကြားနားထိ စစ်ဆင်ရေးဇုန် တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။
ဟောမုဇ်မှာ ဖြန့်ကျက်မယ့် တောင်ကိုရီးယား ရေတပ်အင်အားထဲမှာ ဖျက်သင်္ဘောတစ်စီး၊ P-8 ရေကြောင်းကင်းလှည့် လေယာဉ်တစ်စီး၊ မိုင်းရှင်းအဖွဲ့တစ်ခု၊ ရေပေါ်နဲ့ ရေအောက်သွား ဒရုန်းတွေ၊ ရေအောက် စူးစမ်းရေး ဒရုန်းတွေ ပါဝင်မယ်လို့ ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ချောင်ဟေးယူနစ်ကို ဖြန့်ကျက်ဖို့ သက်တမ်းဟာ အခုနှစ် အကုန်မှာ ပြီးဆုံးမှာဖြစ်ပြီး သက်တမ်း ထပ်တိုးဖို့ အတွက်ကတော့ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီ ယူနစ်ကို ချဲ့ထွင် အသုံးပြုတာဟာ တောင်ကိုရီးယား နိုင်ငံသားတွေကို ကာကွယ်ဖို့၊ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဟောမုဇ်မှာ ဖြန့်ကျက်မယ့် တောင်ကိုရီးယား တပ်ဖွဲ့ဝင်တွေဟာ အိုမန်တောင်ပိုင်း ရေပြင်ကနေ နယ်ကျော်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ ရေကြောင်း ကင်းလှည့် ရေယာဉ်ဟာလည်း အီရန် ပိုင်နက်ထဲကို ပစ်မှတ်ထား ထောက်လှမ်းမှုတွေ လုံးဝ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
စက်တင်ဘာ လတုန်းကတော့ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က သူ့နိုင်ငံဟာ အီရန်စစ်ပွဲမှာ စစ်ရေးအရ ပါဝင်စွက်ဖက်တဲ့ အခြေအနေမျိုး ဖြစ်သွားစေမယ့် စစ်အင်အား ဖြန့်ကျက်မှုတွေ လုံးဝ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ကြေညာထားခဲ့ပါတယ်။
ကိုးကား: AFP





















































