Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒီမိုကရက်တစ် ပါတီရဲ့ အောင်ပွဲကို အိုဘားမား ချီးကျူး၊ ပါတီက လက်တွေ့ အလုပ်လုပ်ရမယ့်အချိန်လို့ ဟားရစ်ပြော

လွှတ်တော်နှစ်ရပ်စလုံးကို အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ပြန်လည် ထိန်းချုပ်နိုင်စေခဲ့တဲ့ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲရဲ့ ရလဒ်ကို ပါတီ ကိုယ်စားပြု သမ္မတဟောင်း ဘာရတ် အိုဘားမားက ချီးကျူးခဲ့ပါတယ်။

ဓာတ်ပုံ - Getty

လွှတ်တော်နှစ်ရပ်စလုံးကို အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ပြန်လည် ထိန်းချုပ်နိုင်စေခဲ့တဲ့ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲရဲ့ ရလဒ်ကို ပါတီ ကိုယ်စားပြု သမ္မတဟောင်း ဘာရတ် အိုဘားမားက ချီးကျူးခဲ့ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီရဲ့ အမတ်လောင်းတွေဟာ ရီပတ်ဘလစ်ကန် ပါတီ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော် အမတ်နေရာတွေထဲက ၇ ခုနဲ့ အောက်လွှတ်တော် အမတ်နေရာပေါင်း ၂၉ ခုထက် မနည်းကို လက်လွှဲယူနိုင်ခဲ့ပါတယ်။ ထူးခြားမှုအဖြစ် အစဉ်အလာအရ ရီပတ်ဘလစ်ကန် ပါတီ တစ်ဖက်သတ် အားကောင်းတယ်လို့ မှတ်ယူနိုင်တဲ့ ပြည်နယ်တချို့မှာပါ ဒီမိုကရက်တွေက အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့မှာတော့ အိုဘားမားက ရွေးကောက်ပွဲ အောင်မြင်မှု ရလဒ်ကို ချီးကျူးခဲ့ပြီး အမေရိကန် ပြည်သူတွေဟာ သွေးကွဲအောင် လုပ်နေတဲ့ ခေါင်းဆောင်အစား စည်းလုံးညီညွတ်စေမယ့် နိုင်ငံရေး စနစ်ကိုပဲ လိုချင်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သတင်းစကားတစ်ခု ပေးပို့လိုက်ခြင်း ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။ အိုဘားမားဟာ ရွေးကောက်ပွဲကြို ကာလမှာ ဒီမိုကရက်တစ် ပါတီအတွက် တက်တက်ကြွကြွ မဲဆွယ် စည်းရုံးပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ပါတီအတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်လာတယ် ဆိုတာကလည်း အမေရိကန် နိုင်ငံအနှံ့မှာ ထူးချွန်တဲ့ အမတ်လောင်း၊ ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြလို့ ဖြစ်ကြောင်း၊ အနိုင်ရဖို့ အခွင့်အလမ်း နည်းလွန်းတယ်လို့ ယူဆခံရတဲ့ ပြည်နယ်တွေမှာတောင် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ အမတ်လောင်းတွေဟာ နောက်ခံ အသီးသီးကနေ ထွက်ပေါ်လာသူတွေ ဖြစ်ပေမယ့် ပြည်သူ့အကျိုးအတွက် တာဝန်ထမ်းဆောင်ပြီး ပြည်သူအတွက် ဦးစားပေးမယ်ဆိုတဲ့ ကတိကဝတ်တွေမှာတော့ အားလုံး စည်းစည်းလုံးလုံး ရပ်တည်ခဲ့ကြကြောင်း အိုဘားမားက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အစိုးရရဲ့ လက်ကျန်သက်တမ်း ၂ နှစ်အတွင်း ဒီမိုကရက်တစ် ပါတီအနေနဲ့ မူဝါဒတွေကို လက်တွေ့ ထိထိရောက်ရောက် စတင်ဖို့၊ အာဏာပိုင် အဖွဲ့အစည်းတွေထဲမှာ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဆောင်နိုင်ဖို့၊ ထိခိုက်ပျက်စီး ဆုံးရှုံးနိုင်ခြေတွေ ထပ်ကြုံမလာအောင် တားဆီးဖို့၊ အနာဂတ်အတွက် အခြေခံကောင်းတွေ ချမှတ်ဖို့ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ အိုဘားမားက မှတ်ချက်ပေးခဲ့ပါတယ်။

အိုဘားမားရဲ့ အစိုးရ လက်ထက်မှာ ဒုတိယ သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး နောက်တော့ ကိုယ်တိုင် သမ္မတ ဖြစ်လာခဲ့တဲ့ ဂျိုးဘိုင်ဒန်ကလည်း ရွေးကောက်ပွဲကြိုကနေ ပြီးဆုံးတဲ့ ကာလတွေထိ ပါဝင်ယှဉ်ပြိုင်မယ့် သူတွေဆီ ဖုန်းခေါ်ပြီး အားပေးတာ၊ ချီးကျူးဂုဏ်ပြု စကားပြောတာတွေနဲ့ အလုပ်များနေခဲ့ပါတယ်။ သူနဲ့ သူ့ရဲ့ ရုံးအဖွဲ့သားတွေဟာ ရွေးကောက်ပွဲ အကြိုညမှာတင် ဒယ်လာဝဲမြို့ နေအိမ်ကနေ ဖုန်းခေါ်ဆိုမှု ၄၀ ကျော်လောက် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဘိုင်ဒန် အစိုးရ လက်ထက်တုန်းက ဒုတိယ သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၄ ရွေးကောက်ပွဲမှာ သမ္မတ နေရာအတွက် ဒေါ်နယ်လ်ထရမ့်ကို ရှုံးနိမ့်ခဲ့သူ ကာမာလာ ဟားရစ်ကလည်း အမေရိကန် ပြည်သူတွေဟာ နာကျင်မှုကို ရည်ရွယ်ချက်အဖြစ်၊ ဒေါသကို လက်တွေ့ တုံ့ပြန်မှုအဖြစ် ပြောင်းလဲနိုင်ခဲ့ကြောင်း ပြောပါတယ်။ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ အနိုင်ရခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ တကယ့် စစ်မှန်တဲ့ ရလဒ်တွေကို ဆောင်ကြဉ်းဖို့ အလုပ်စလုပ်ကြရတော့မယ်လို့ ဟားရစ်က သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်သူတွေဟာ နိုင်ငံအနှံ့က ဖက်ဒရယ်၊ ပြည်နယ်နဲ့ ဒေသတွင်း ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ်တွေကို ရွေးကောက် တင်မြှောက်ပေးခဲ့ကြောင်း၊ ပါတီဝင်တွေ အနေနဲ့ စီးပွားရေး အကျပ်အတည်းတွေ ပြောလျော့စေဖို့၊ အဂတိ အမြစ်တွယ်နေတဲ့ အာဏာပိုင်တွေ တာဝန်ယူ တာဝန်ခံမှု ရှိလာစေဖို့ လုပ်ပိုင်ခွင့် အားလုံးကို အသုံးချပြီး ကိုင်တွယ်သွားရမှာဖြစ်ကြောင်း ဟားရစ်က ဆိုပါတယ်။

ဒီမိုကရက်တစ် ပါတီက အောင်ပွဲရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ပြန်လည် ထိန်းချုပ်လိုက်နိုင်ကြောင်း သတင်းကောင်းကို ကြားသိပြီးတဲ့နောက် ဟားရစ်က သူကိုယ်တိုင် ‘ဟာလေးလုယာ’ (ဘုရားသခင်ကို ချီးမွမ်းပါတယ်)လို့ ပြောဆိုထားတဲ့ ဗီဒီယို တစ်ခုကိုလည်း Instagramမှာ အောင်ပွဲခံတဲ့ အနေနဲ့ တင်ထားခဲ့ပါသေးတယ်။

ကိုးကား: Wall Street Journal

ဆက်စပ်သတင်းများ

Facebook