Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“အသတ်ခံရတဲ့သူတစ်ဦးဆိုရင် လက်ထိပ်ခတ်လျက် တန်းလန်း မီးရှို့ခံထားရတာ လက်ထိပ်ပါ ကျန်နေခဲ့တာ”

၁၉ရက်နေ့က ဖမ်းထားတဲ့သူတွေပဲကျန်နေခဲ့တော့တာ။ ရွာသားတွေကလည်း မကပ်ရဲဘူး။ ဘယ်နေ့၊ ဘယ်ရက်က သတ်လိုက် လဲတော့ မသိဘူး အရိုးစုတွေတွေ့ရတာပေါ့။ မြင်တဲ့သူတွေလည်းရှိတယ် လက်ပြန်ကြိုးတုပ်ပြီးခေါ်သွားတာတို့ လက်ထိပ်ခတ်လျက်ကြီး ခေါ်သွားတာတို့ ပေါ့ အဲဒီထဲက လူတစ်ယောက်ဆိုရင် လက်ထိပ်ခတ်လျက်ကြီးနဲ့ မီးရှို့ခံထားရတာ။

ထီးချိုင့်မြို့နယ်မှတောင်သူ​လေးဦးအသတ်ခံရပြီးမီးရှို့ခံခဲ့ရခြင်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦးနှင့် အင်တာဗျူး

စစ်ကိုင်းတိုင်း ၊ထီးချိုင့်မြို့နယ် ကြက်တစ်ကောင်အုပ်စု၊ ကျွဲကောရွာနှင့်အင်တိုင်းရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဒေသခံရွာသား​လေးဦးဖြစ်​သော ကိုကျော်ရွှေ၊ ကိုထွန်းချစ်ဇော်၊ ကိုဝင်းမောင်ဦး နှင့် ကိုဖိုးသား တို့ကို သတ်ဖြတ်ကာ နေအိမ်များနှင့်အတူမီးရှို့ခဲ့သည်။​​နိုဝင်ဘာ၁၉ ရက်တွင်သတ်ဖြတ်မီးရှို့ ခံရခြင်းဖြစ်​​သော်လည်း​ဒေသခံများထွက်​ပြေးရာမှ ပြန်လာ​သောနိုဝင်ဘာ၁၉ ရက်တွင်မှ သတ်ဖြတ်မီးရှို့ခံရသည်ကိုသိ့ကြခြင်းဖြစ်သည်။တောင်ယာခင်းထဲတွင်တဲထိုး​နေ​သော​​ဒေသခံ​တောင်သူလယ်သမား​လေးဦးကို အကြမ်းဖက်စစ်​ကောင်စီတပ်က ရက်ရက်စက်စက်သတ်ဖြတ် ၊မီးရှို့အ​လောင်​​ဖျောက်ခဲ့​သောအခြေအနေနှင့် ပတ်သက်၍ ထီးချိုင့်ဒေသခံ တစ်ဦးနှင့်အင်တာဗျူးထားသည်ကိုဖော်ပြလိုက်ပါသည်။ ​ဖြေဆိုသူ၏လုံခြုံ​ရေး​ကြောင့် အမည်ကို မ​ဖော်ပြခြင်းဖြစ်ပါသည်။

​မေး-ထီးချိုင့်မြို့နယ် ကြက်တကောင် အုပ်စုမှာ အရပ်သားတွေမီးရှို့အသတ်ခံရတယ်လို့ ကြားရပါတယ်။ အဲဒီဖြစ်စဉ်ကို သိသ​လောက်​ပြောပြ​ပေးပါလား။

​ဖြေ-နိုဝင်ဘာ ၁၉ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်)နေ့မှာ သူတို့(စစ်ကောင်စီတပ်)တွေရောက်လာတာ။ ရောက်လာပြီးတော့ ကြက်တစ်ကောင်မှာ ခဏနားပြီး အင်းယားတို့ ကျွဲကောတို့ ဘက်ကို ချီတက်သွားပြီးတော့ ရွာလည်းမဟုတ်တဲ့ တဲစုတွေက လူတွေကို ဖမ်းတယ်။ ထွက်ပြေးတဲ့သူကလည်း ထွက်ပြေးပေါ့။ ၁၉ရက်နေ့က ဖမ်းထားတဲ့သူတွေပဲကျန်နေခဲ့တော့တာ။ ရွာသားတွေကလည်း မကပ်ရဲဘူး။ ဘယ်နေ့၊ ဘယ်ရက်က သတ်လိုက် လဲတော့ မသိဘူး အရိုးစုတွေတွေ့ရတာပေါ့။ မြင်တဲ့သူတွေလည်းရှိတယ် လက်ပြန်ကြိုးတုပ်ပြီးခေါ်သွားတာတို့ လက်ထိပ်ခတ်လျက်ကြီး ခေါ်သွားတာတို့ ပေါ့ အဲဒီထဲက လူတစ်ယောက်ဆိုရင် လက်ထိပ်ခတ်လျက်ကြီးနဲ့ မီးရှို့ခံထားရတာ။ အသတ်ခံရတဲ့သူ ၄ဦးက သူတို့ ဖမ်းထားတဲ့သူတွေ မေးတာ မရလို့ သတ်တာလား ဘာကြောင့်လဲတော့ မသိဘူး။ရွာသားတွေကလည်း စစ်ကြောင်း ဝင်လာတာနဲ့ အခင်းတဲစုတွေကို စွန့်ပြီးတော့ တန်းပြေးကြတာပါ။ အဲဒီမှာ ကျွဲကောဆိုတဲ့ အခင်းတဲစုမှာက ၃ယောက်၊ အင်းယား ဆိုတဲ့ အခင်းတဲစုမှာက တစ်ယောက် ၄ယောက် အသတ်ခံရတာ။

Public Service Announcement

Public Service Announcement

​မေး-အသတ်ခံရတဲ့သူတွေကဘယ်လိုပုံစံမျိုး အသတ်ခံရတယ်လို့ သိရပါသလဲ။

​ဖြေ- ဘယ်လိုပုံစံမျိုးလဲဆိုတော့ သူအိမ်ထဲမှာ သတ်ပြီးမီးရှို့တာလား ၊မီးရှို့ပြီးသတ်တာလား​သေချာမသိ့ဘူး။ အိမ်ထဲမှာပဲ ထည့်ပြီး မီးရှို့ခဲ့တာ။အသတ်ခံရတဲ့ သူတွေက ရွာအပြင် အခင်း(​တောင်ယာခင်း)ထဲမှာ စုပြီးနေတဲ့သူတွေပေါ့။ အသတ်ခံရတဲ့သူတွေက သူ့တဲမှာပဲ သူဟာ ဘယ်သူဖြစ်ကြောင်းဆိုတာ သိသာတဲ့အမှတ်အသားတွေတော့ ကျန်နေခဲ့ပါတယ်။သူတို့ရဲ့ ကာယကံရှင် ကျန်ရှိတဲ့မိသားစုက အတည်လည်းပြုပါတယ်။ ဒီလူတွေကို ဖမ်းသွားတာ ရွာသားတွေကမြင်တယ်။ ချောင်းကြည့်တဲ့ သူက လက်ပြန်ကြိုးတုပ်ထားတာ လက်ထိပ်ခတ်ထားတာမြင်တယ်။ အသတ်ခံရတဲ့သူတစ်ဦးဆိုရင် လက်ထိပ်ခတ်လျက် တန်းလန်း မီးရှို့ခံထားရတာ လက်ထိပ်ပါ ကျန်နေခဲ့တာ။

​မေး-စစ်ကောင်စီတပ်တွေက အဲဒီဘက်ကို အရင်က​ရောဝင်ပါသလား။

​ဖြေ-အဲဒီရွာ(ကြက်တ​ကောင်ရွာအုပ်စု)ကို ဝင်တာဒါပထမဦးဆုံးပဲ။ ကျန်တဲ့ တခြားရွာတွေကိုတော့ ဝင်တယ်။ ရွာထဲမှာ သတ်ပြီး ဒီအတိုင်း အလောင်းပြန်ပေးတာရှိတယ်။ အခု လေးဦးကတော့ အလောင်းလည်း ပြန်မရဘူး။ သတ်ပြီး သူတို့ အိမ်တွေ အခင်းတဲတွေမှာပဲ။ အခင်းတဲအားလုံး ၁၆လုံးမီးရှို့ပြီး ၄ ဦးအသတ်ခံရတာ။

​မေး-ဒီလိုသတ်ဖြတ်မှုအပေါ် ဒေသခံ တစ်ဦးအနေနဲ့ဘယ်လိုမြင်လဲ ။

​ဖြေ- ဒါက စစ်အကြမ်းဖက်မှုပေါ့။ ဒီရွာသား လေးဦးဟာ သူတို့မကြိုက်တဲ့အလုပ် လုပ်ချင်လည်း လုပ်မယ် ။လုပ်ချင်မှလည်း လုပ်မယ်။ ဒါကို သူတို့က ပြည်သူလူထုကို မတရား ဖမ်းဆီးသတ်ဖြတ်တယ်လို့ပဲ မြင်တယ်။

​မေး-အဲဒီနားမှာ တိုက်ပွဲဖြစ်တာတွေ စစ်​​ကောင်စီတပ်ထိတာတွေရှိထားလို့လား။ဒါမှမဟုတ် အကြောင်းမဲ့ လုပ်သွားတဲ့သဘောလား။

​ဖြေ-အဲဒီဘက်နယ်မှာက PDFကနေ စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောတို့ ရိက္ခာလမ်းကြောတို့ စစ်ကြောင်း လမ်းကြောတို့ကို မိုင်းထောင်ဖောက်ခွဲတာတော့ရှိတယ်။ ထီးချိုင့်မြို့နယ် PDFက ရှိတယ်။ သူတို့က အဲဒါတွေကို လိုက်ရှာရင်းနဲ့ မဆိုင်တဲ့သူတွေကို PDFတွေကို မတွေ့ဘဲ အခင်းတဲစုကလူတွေက PDFတွေကို ထောက်ပံ့တယ် စောင့်ရှောက်တယ် ပံ့ပိုးပေးပါတယ်ဆိုတဲ့ အယူအဆနဲ့ရွာသားတွေကို ဖမ်းတာပါ။ အဲဒီရွာသားတွေက PDFကို ပံ့ပိုးတာမရှိဘူး သူဟာသူအခင်းထဲမှာ နေပြီး လုပ်ကိုင်စားသောက်ကြတဲ့ သူတွေ။

​မေး-ထီးချိုင့်ဒေသ လက်ရှိစစ်ရေးအခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။

​ဖြေ-စစ်ရေးအခြေအနေက ထီးချိုင့်မြို့နယ်မှာ အရှေ့ဘက်ကမ်းရော အနောက်ဘက် ကမ်းရောဆိုရင် မြေပြင်သတင်း ခန့်မှန်းအရဆိုရင် အင်အား ၂၀၀ လောက်ရှိမယ်။ အရှေ့ဘက် ကမ်းမှာ ၁၀၀ ပတ်ချာလည်ရှိမယ် အနောက်ကမ်းမှာဆိုရင်လည်း ၁၀၀ ပတ်ချာလည်လောက်ရှိမယ်။ ဒီရွာတွေမှာ ရောက်လာပြီဆိုရင် အစားအသောက် ရောင်းတဲ့ဆိုင်ဖြစ်ဖြစ် ကုန်ခြောက်ရောင်းတဲ့ဆိုင်ဖြစ်ဖြစ် အရပ်ဆိုင်ဖြစ်ဖြစ် သူတို့က ဝင်နေလိုက် တယ်။ သူတို့က ကြိုက်တာယူစားတယ်။ ဝင်စီးပြီးနေအလိုက်ပြီး သူတို့ စားချင်တာ စားတယ် သူတို့လိုချင်တာယူတယ်။ ရွာမှာရှိတဲ့ ဝက်တို့ ကြက်တို့လည်း သတ်ဖြတ်ပြီးလည်း စားသောက်နေတာ။

​မေး-ထီးချိုင့်မှာ အခုလို အရပ်သား သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ အရင်ကရှိပါသလား။

​ဖြေ-ရှိပါတယ်။ ထီးချိုင့် လေသာ ရွာမှာ ဆိုရင် ၁၀ရက် ၁၀လက လေသာရွာကို သူတို့ စစ်ကြောင်းဝင်လာတယ်။ ဝင်လာပြီး ရွာထဲက မဆိုင်တဲ့အရပ်သား ၅ယောက်ကို ပေါ့။ တစ်ယောက်ကတော့ PDFပါ။ PDF က တစ်ယောက် ရွာသား ၅ယောက် ပစ်သတ်ခံရတယ်။ တခြားရွာတွေမှာလည်း ထီးချိုင့်မြို့နယ် မြစ်အရှေ့ဘက်ကမ်းမှာဆိုရင် ကမ်းနီတို့ ဝဲကြီးတို့ ချိတ်ပင်တို့ ရွာတွေမှာဆိုရင် အကြောင်းမဲ့ အစစ်အဆေး အမေးအမြန်းမရှိ သူတို့ မြင်မြင်ရာ သူတို့ မကျေနပ်ရင် မကျေနပ်သလို ပစ်လို့သေဆုံးသွားတဲ့ ရွာသားတွေမှာလည်း ရှိပါတယ်။


​မေး-ဒီလို လုပ်ရပ်နဲ့ပတ်သက်ပြီး ဘာပြောလိုပါသလဲ။

​​ဖြေ-အခုအချိန်မှာ ဘယ်လိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ကျွန်တော်တို့က အဆုံးထိ တိုက်မယ်။ စစ်ကောင်စီ မပြုတ် ပြုတ်ကျအောင်တိုက်မယ်။ ဖြစ်အောင်လည်းလုပ်မယ်။

ဖြေကြား​ပေးတာကျေးဇူးတင်ပါတယ်။

(ဓါတ်ပုံ- အသတ်ခံရပြီးတဲနှင့်အတူ မီးရှို့ခံခဲ့ရ​သော ကိုထွန်းချစ်​ဇော်နှင့် ကို​ကျော်​ရွှေ တို၏မီး​လောင်ပြာကျ​နေ​သောတဲ နှင့် ခန္ဒာကိုယ်အကြွင်းအကျန်အချို့ ။ကိုထွန်းချစ်​ဇော်ကိုလက်ထိပ်ခတ်လျက် သတ်ဖြတ်၊မီးရှိုသွားခြင်းဖြစ်သည်။)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။