Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ချောင်းကြည့်တဲ့သူ​ပြောတာက​တော့ သူတို့က အရှင်လတ်လတ် ရှို့တယ်လို့ ပြောတယ်”

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာသို့ စစ်ကောင်စီတပ်များကဒီဇင်ဘာ ၇ ရက် ဝင်ရောက်စီးနင်းစဉ် ဆယ်ကျော်သက်အရွယ် ကလေးငယ်ငါးဦးအပါအဝင် ဒေသခံ ၁၁ဦး ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်မီးရှို့သတ်ဖြတ်ခဲ့သည်။အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးအား People’s spring က ဆက်သွယ်မေးမြန်းထားပါသည်။

ပြည်သူ ၁၁ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်မီးရှို့သတ်ဖြတ်ခဲ့ခြင်းအပေါ် ဒုန်းတောဒေသခံ တစ်ဦးနှင့်​မေးမြန်းချက်


​မေး-ဒုန်းတောရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရတဲ့ အခြေအနေကို​ပြောပြပေးပါလား။

​ဖြေ- ဒုန်းတောဖြစ်စဉ်က ကလေးတွေက ကြောက်လန့်ပြီးပုန်းနေကြတာ။ ဘုန်းကြီးကျောင်းဘေးမှာ ပုန်းနေတာကို ဝင်လာတာ မသိလိုက်ဘဲနဲ့ နောက်ကနေဝင်ကုပ်သွားပြီး တစ်ခါတည်း အကုန်လုံး ကြိုးနဲ့တုပ်ပြီး ရွာ့အရှေ့ဘက် တစ်ဖါလုံလောက် အကွာမှာ လယ်ကွင်းတွေရှိတယ်။ အဲဒီလယ်ကွင်းမှာ မီးရှို့သွားတာ။

​မေး-ဒုန်း​တောရွာကို သူတို့စစ်ကောင်စီတပ်တွေ အရင်တုန်းကရောလာပါသလား။ ဘယ်ကြောင့်လာတယ်လို့ သိရပါသလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-ဒီကောင်တွေ ကံကုန်းရွာမှာ မိုင်းထိတာရှိတယ်။ အဲဒါကို လာရှာတာထင်တယ်။ ဒီနားရွာတွေက လုပ်တယ်ထင်ပြီး လှည့်ပတ် စစ်ကြောင်းထိုးတာ။ ကံကုန်းရွာ ဖြစ်စဉ်က သူတို့ထိသေးတယ် ကားရောထိတယ်။ အဲဒီလိုထိလို့ မဲပြီးတော့ စစ်ကြောင်းထိုးတာ။

​မေး-သူတို့လာတာကို ရွာကပြည်သူ​တွေ ကြိုသိကြလား။

​ဖြေ- ကြိုသိဆို ကြားလို ပုန်းကြတာ။ ပုန်းတာကို ဘာမှ မလုပ်ဘဲ ပုန်းနေတဲ့ သူတွေကို တွေ့သွားတာ ။ ၁၁ယောက်။ တွေ့တဲ့အချိန်မှာ ခေါ်ပြီး ကြိုးတုပ်ပြီး မီးရှို့တာ။ ကျွန်တော်တို့တွေ့တဲ့အချိန်မှာ လူတွေမမှတ်မိတော့ဘူး။ ပြီးတော့မှ ပျောက်တဲ့သူစာရင်းနဲ့ နာမည်စာရင်းထုတ်ပြန်လိုက်ရတာ။ ​ချောင်းကြည့်တဲ့သူ​ပြောတာက​တော့ သူတို့က အရှင်လတ်လတ် ရှို့တယ်လို့ ပြောတယ်။ ဆုံးပါးသွားတဲ့ သူတွေအားလုံးက ဒုန်းတောရွာကပါပဲ။

​မေး-ဒီလုပ်ရပ်အပေါ် ဒေသခံတစ်ဦးအနေနဲ့ဘာပြောချင်လဲ။

​ဖြေ-ကျွန်တော်တို့ လုံး၀ ဝမ်းနည်းကြေကွဲရတာပေါ့။ တိုက်ပွဲမှာ သူတိုက် ကိုယ်တိုက် ကျသွားလို့ဆိုရင် ကျွန်တော်တို့က လက်ခံနိုင်သေးတယ်။ အခုက ပြည်သူတွေကို ဘာမှမဟုတ်ဘဲနဲ့ ကြိုးတုပ်ပြီး မီးရှို့သွားတာ ကျွန်တော်တို့ ကြေကွဲကြတာပေါ့။

​မေး-စစ်ကောင်စီတပ်တွေက​နေရာတိုင်း အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့​တော့ အခုလို ပုံစံမျိုးနဲ့ သတ်ဖြတ်မယ်လို့ မျှော်လင်ထားလား။

​ဖြေ- ဒီကောင်တွေလုပ်ရင် သူတို့စိတ်တွေက ရက်ရက်စက်စက် ဆိုတော့ လုပ်မယ်လို့တော့ထင်တယ်။ ထင်တယ်ဆို ပြည်သူကိုတော့ မလုပ်လောက်ဘူးထင်တာ PDF တပ်ဖွဲ့ဝင်တွေဆိုရင် လုပ်မယ်လို့ထင်တာ။ ပြည်သူကိုတော့ အဲဒီလို မလုပ်လောက်ဘူးထင်တာ။ ဒီလိုလုပ်ရပ်ကတော့ တော်တော့်ကို အောက်တန်းကျတယ်။ အခုကို(ဒီဇင်ဘာ ၁၂ရက်) ဘိန်းနွယ်ချောင်ရွာဘက်မှာ ဝင်နေတယ်လို့ ကြားတယ်။

​မေး-စစ်ကောင်စီတပ်ရဲ့ အခုလိုလုပ်ရပ်ကြောင့် နောက်ဆက်တွဲအနေနဲ့ ဒေသခံတွေဆီက ဘာတွေကြားရပါသေးလဲ။

​ဖြေ-ဒီလုပ်ရပ်လုပ်သွားတော့ ပတ်ဝန်းကျင် ဘိန်းနွယ်ချောင်တို့ ဂုဏ်တောတို့၊ အုံတုံပင်တို့ အဲဒီရွာတွေက အကုန်လုံး ကြောင့်လန့်ပြီး အကုန်ထွက်ပြေးကြတာ စစ်ဘေးရှောင်တွေဖြစ်သွားတာ။ အရင်တုန်းကတော့ ဘာမှမရှိဘူး အရင်တုန်းက ဒီနားမှာ ငြိမ်းချမ်းစွာနေထိုင် နေကြတဲ့မိသားစုတွေပဲရှိတာပါ။

​မေး-အခု​ရော စစ်ကောင်စီရဲ့လှုပ်ရှားမှုက ဘာတွေတွေ့ရပါသေးလဲ။

​ဖြေ- စစ်ကောင်စီက အခုကို ယမားတံတားပေါ် ကားတွေရောက်နေတယ်လို့ ပြောတယ်။

​မေး-အကိုတို့ဒေသမှာ အခုလို ဖြစ်စဉ်ဖြစ်တော့ အခြားတစ်နိုင်ငံလုံးကလူထုတွေကိုရောဘာ​ပြောချင်လဲ။

​ဖြေ-ဖြစ်နိုင်ရင်တော့ မြင်တယ်လာတယ်ဆိုရင် ရှောင်ကြပါ။ ဒီကောင်တွေက တွေ့တဲ့သူ ရန်သူပဲဖြစ်နေတာ အခုဟာက။ ရွာတွေဘာတွေ ဝင်တယ်ဆို အတက်နိုင်ဆုံးရှောင်ကြပါ။ ထိပ်တိုက် သွားမတွေ့ပါနဲ့။ တွေ့ရင်လည်း သူတို့က မထင်
မထင်သလို သတ်ဖြတ်မှာပါ။ အဲဒါကြောင့် ရွာတွေဝင်တယ်သတင်းကြားရင် တစ်ယောက်နဲ့ တစ်ယောက် ဖုန်းနဲ့ ချိတ်ဆက်ပြီးတော့မှ ဝင်တယ်ဟေ့ တို့ဆီရောက်နေတယ် ကြားတယ်ဆိုရင် ဘေးနား ပတ်ဝန်းကျင်ရှိတဲ့ရွာတွေက ရှောင်ထွက်ကြဖို့ အကြံပြုချင်ပါတယ်။

​မေး-အခြား ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါအုံး

​ဖြေ-ဒီလိုအခြေအနေမျိုးမဖြစ်အောင် စောစောက ပြောသလိုပါပဲ ရွာတွေဘာတွေဝင်တယ်ဆို တစ်ယောက်နဲ့ တစ်ယောက်ချိတ်ဆက်ကြပါ။ စစ်အာဏာရှင်တွေချုပ်ငြိမ်းဖို့ အတက်နိုင်ဆုံး စည်းလုံးကြပါ ညီညွတ်ကြပါ။ ကိုယ်ရှေ့မထွက်နိုင်ဘူးဆိုရင် လည်းနောက်ကနေ ပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

အခုလို​ဖြေ​ပေးတာ​ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။