Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“နိုင်ငံတကာကနေ တော်လှန်ရေးအတွက် လုပ်ဆောင်နေတဲ့ ပြည်သူတွေ အပေါ်မှာ ပံ့ပိုးမှုက အများကြီး လိုအပ်နေပါသေးတယ်”

သံအမတ်ကြီး ဦး​ကျော်မိုးထွန်းနဲ့​မေးမြန်းခန်း (အပိုင်း-၁)

နိုင်ငံတကာမျက်နှာစာတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ မြန်မာပြည်သူလူထု တွေ့ကြုံခံစားနေရသည့်အဖြစ်အပျက်များကို အရှိအတိုင်း ရှင်းလင်းအစီရင်ခံနေသည့် သံတမန်တစ်ဦးသာ ရှိပါသည်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ရုံးထိုင်သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းဖြစ်ပါသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာ့အရေးတွင် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများက ထိရောက်စွာ လုပ်ဆောင်ကူညီခြင်းမရှိသည့်တိုင် မြန်မာပြည်သူများ နေ့စဥ်ခံစားရင်ဆိုင်နေရသော စစ်တပ်၏ အကြမ်းဖက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ရာဇဝတ်မှုများကို နိုင်ငံတကာသိရှိစေရန် ကုလသမဂ္ဂစင်မြင့်မှတဆင့် အသံလွှင့်ထုတ် တင်ပြနေလျှက်ရှိသည်။ မကြာမီစတင်မည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာပြည်သူများအား ဆက်လက်ကိုယ်စားခွင့်အခြေအနေ၊ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးဆောင်ရွက်မှု ပျက်ကွက်နေမှုအပိုင်း၊ လက်ရှိနှင့် ဆက်လက်လျှောက်လှမ်းရမည့် တော်လှန်ရေး အခြေအနေ စသည်တို့နှင့်ပတ်သက်၍ သံအမတ်ကြီး၏ သဘောထားအမြင်များကို People’s Spring-လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါသည်။

အီယိုရီ/People’s Spring

မေး – ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ပြည်တွင်းမှာရော၊ အမေရိကန်အပါအဝင် နိုင်ငံတကာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ မြန်မာပြည်သူတွေရဲ့ သံအမတ်ကြီးဖြစ်တယ်၊ ပြည်သူ့သံအမတ်၊ ငါတို့သံအမတ်ဆိုတာမျိုး မြန်မာပြည်သူတွေက ခိုင်ခိုင်မာမာ ထုတ်ဖော်ပြသနေကြတယ်။ ဒီအပေါ် သံအမတ်ကြီး ဘယ်လိုခံစားရလဲ။

Public Service Announcement

Public Service Announcement

ဖြေ – အခုလိုမျိုး ပြည်သူ့သံအမတ်၊ ငါတို့သံအမတ် ဆိုတဲ့ အသံတွေ ကြားရတယ်ဆိုတော့ သူသူကိုယ်ကိုယ်ပေါ့၊ ကျွန်တော်လည်း ကာယကံရှင်ဖြစ်တဲ့အတွက်ကြောင့် အရမ်းပီတိဖြစ်ရတယ်လို့ပဲ ပြောရမှာပေါ့။ တဖက်ကလည်းကျွန်တော်တို့ တော်လှန်ရေးလုပ်ဆောင်နေတဲ့အချိန် အထူးသဖြင့် တော်လှန်ရေးက ခရီးအတော်ရောက်လာပြီးတော့ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ ဆောင်ရွက်လာတာက အရှိန် တော်တော်ရလာတဲ့အချိန် ဒီလိုမျိုးတွေ ကြားရတယ်၊ ဒီလိုမျိုးတွေ မြင်ရတယ်။ နောက်ပြီး အတိုင်းအတာတစ်ခုအထိ ဒီဘက်မှာလည်း ပြည်သူတွေရဲ့ အသံကို ဆက်ပြီး ထုတ်လွှင့်နိုင်နေရတဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့် ဝမ်းသာပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ တော်လှန်ရေးက ခရီးရောက်သလို ဆက်လည်း လုပ်ရမယ့် အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့် ဒီအချိန်မှာ အရေးကြီးနေတယ်။ ဒီအချိန်မှာ တစ်သံတည်းထွက်နိုင်လေလေ ကျွန်တော်တို့အတွက် အားဖြစ်စေတာ ဖြစ်တဲ့အတွက် ဒီလိုမျိုးတွေပြောတာ၊ ဒီလိုမျိုးတွေ ထုတ်ဖော်ပြသတာတွေက ကျွန်တော့်အတွက်တင်မဟုတ်ပါဘူး။ အားလုံး အားလုံးအတွက် တော်လှန်ရေးကို ဆောင်ရွက်နေတဲ့ ပြည်သူတွေ အားလုံးအတွက် အားတက်စရာတစ်ခုဖြစ်တယ်လို့တော့ ကျွန်တော်မြင်ပါတယ်။​ ဒီလိုမျိုးအခက်အခဲတွေ ကြားထဲက ပြည်တွင်းမှာ ရှိတဲ့ သူတွေရာ၊ ပြည်ပမှာ ရှိတဲ့ သူတွေရော၊ သူတို့ ဆန္ဒတွေ ထုတ်ဖော်ပြသနေတာ တွေ့ရတဲ့အတွက်ကြောင့် ကျေးဇူးအထူးတင်တယ်လို့ ပြောလိုပါတယ်။

မေး – ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကတည်းက အခုအထိ သုံးနှစ်ဆက်တိုက် သံအမတ်ကြီးက မြန်မာပြည်သူလူထုကို ကိုယ်စားပြုပြီး စစ်တပ်ရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာသိရှိအောင် ရှင်းလင်းအစီရင်ခံ၊ တင်ပြနိုင်ခဲ့တယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ သံအမတ်ကြီးအနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ တုန့်ပြန် ဆောင်ရွက်မှုတွေအပေါ် ကျေနပ်အားလား။ဒါမှမဟုတ် နိုင်ငံတကာရဲ့ဆောင်ရွက်မှု အားနည်းတဲ့အခြေအနေတွေ ဘယ်လိုရှိနေလဲဆိုတာ ရှင်းပြပေးပါလား။

ဖြေ – ဒီမေးခွန်းက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်က ဒီဘက်မှာ ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ aspiration ကို ကုလသမဂ္ဂပလက်ဖောင်းကတဆင့် နိုင်ငံတကာကို အသိပေးနေရတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေ အားမလိုအားမရဖြစ်သလို ကျွန်တော်လည်း အားမလို အားမရဖြစ်ရတယ်လို့ ပြောလိုပါတယ်။ ဒါ့ကြောင့် ဒီလိုကိစ္စတွေက မြေပြင်မှာ ရှိတဲ့လူတွေက ပိုပြီး သိတယ်။ ဘယ်လောက်အထိ သူတို့ ဒုက္ခရောက်နေတယ်၊ အခက်အခဲဖြစ်နေတယ် ဆိုတာတွေကို နိုင်ငံတကာက လက်တွေ့ အကူအညီပေးဆောင်တာ ရှိ၊ မရှိ သူတို့က ပိုသိတာဖြစ်တဲ့အတွက်ကြောင့် သူတို့ စိတ်မကောင်းဖြစ်ရတဲ့ကိစ္စတွေက ကျွန်တော်တို့ဆီမှာလည်း တိုက်ရိုက်လာရိုက်ခတ်ပါတယ်။ ဒါကြောင့်မို့ ခြုံပြီးတော့ တိုတိုပြောရရင် နိုင်ငံတကာကနေ တော်လှန်ရေးအတွက် လုပ်ဆောင်နေတဲ့ ပြည်သူတွေ အပေါ်မှာ ပံ့ပိုးမှုက အများကြီး လိုအပ်နေပါသေးတယ်။ ပြည်သူတွေအတွက် aspiration ဖြစ်သလို ပြည်တွင်းမှာ နေတဲ့သူတွေရော၊ ပြည်ပမှာ ရှိတဲ့သူတွေရော ညီအစ်ကို မောင်နှမတွေ အားလုံးနဲ့ မြေပြင်မှာ ရှိနေတဲ့ တစ်ဦး၊တစ်ဦးချင်းရဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေ၊ စစ်တပ်က မတရားအကြမ်းဖက်ပြီး ဒုက္ခတွင်းထဲ​မနက်နက်အောင် လုပ်နေတဲ့ကိစ္စတွေ မပေးနိုင်သေးခြင်းကလည်း ဒါက ကျွန်တော်တို့နိုင်ငံတကာကို တောင်းဆိုနေရာမှာ နိုင်ငံတကာက ပံ့ပိုးတဲ့နေရာမှာ လိုအပ်နေသေးတယ်လို့ မြင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာက အကူအညီကို တောင်းဆို၊ စောင့်မျှော်နေတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ ကိုယ့်မှာရှိတဲ့ ကိုယ့်မှာ တတ်နိုင်တဲ့အရာတွေနဲ့ အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းအောင် ကိုယ့်အားနဲ့ တစုတစည်းတည်း ဆောင်ရွက်နေတာရှိတယ်။ ဒါ့ကြောင့် အခု အခွင့်အခါသင့်တုန်း ပြည်သူတွေ အားလုံးကို ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရော၊ ပြည်ပမှာရှိတဲ့ ပြည်သူတွေရော တစ်ဦးချင်း တစ်ဦးချင်းက ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် ကျေးဇူးတင်ကြောင်း ပြောလိုရပါတယ်။ ဒါကြောင့် ကျွန်တော် ရှေ့မှ ပြောသလို တော်လှန်ရေးက ခရီးရောက်လာပြီဖြစ်တဲ့အတွက်ကြောင့် လူတွေလည်း ပင်တော့ ပင်ပန်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို မလွှဲမသွေ ရောက်အောင် သန္နိဋ္ဌာန်ပြုပြီး သွားလာနေကြတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီရည်မှန်းချက်ရောက်သည်အထိ လက်တွဲညီညီ တစုတစည်းနဲ့ ဆောင်ရွက်ပေးကြဖို့ကိုလည်း အခွင့်အခါသင့်ခိုက် မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံတကာရဲ့ အကူအညီကတော့ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့အပေါ်မှာ ပလက်စ်ဖြစ်တယ်ဆိုတာမျိုးနဲ့ပဲ ကျွန်တော်တို့ သွားပြီးတော့ အဓိကရဲ့ အရင်းအမြစ်က ကျွန်တော်တို့ပြည်သူတွေ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်း အမြဲပြောပြောနေတဲ့ ပြည်သူသည်သာ အဓိကပါ ဆိုတဲ့အတိုင်း ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေး၊ ပြည်သူ့တော်လှန်ရေးက ပြည်သူသာ အဓိကပါဆိုတဲ့ စကားလုံး ဘယ်လောက်မှန်ကန်လဲ၊ ဘယ်လောက်ထိရောက်လဲ၊ ဘယ်လောက် ရှေ့သွားလဲ ဆိုတာတွေက တစ်နေ့ တစ်နေ့ချင်း၊ အဖြစ်အပျက် တစ်ခုတစ်ခုချင်းရဲ့ ဖြစ်ပေါ်လာနိုင်တာနဲ့အညီ ဒါက အရမ်းကို သက်သေပြနေတယ်။ ဒါကြောင့်မို့ တစ်ဖက်ကလည်း နိုင်ငံတကာ အကူအညီပေးဖို့နဲ့ကိစ္စနဲ့ပတ်သက်လို့ အားမလို အားမရဖြစ်ရတာ တပိုင်း၊ တစ်ဖက်ကလည်း ဒီလိုမျိုးအခြေအနေမှာ ကျွန်တော်တို့ပြည်သူတွေရဲ့ အားက အရမ်းအရေးကြီးတယ်၊​အရမ်း အဓိကဖြစ်တယ်ဆိုတာက ပိုပိုပေါ်လွင်တာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကားလုံးကိုပဲ ထပ်သုံးပြီးတော့ ပြည်သူသာ အဓိကပါဆိုတဲ့ စကားလုံးနဲ့ပဲ ကျွန်တော်တို့ပြည်သူတွေ အချင်းချင်းကြားမှာ ဒီထက်ပိုပြီး လက်ချင်းယှက်ဖို့၊ ဒီထက်ပိုပြီးတော့ တစ်သံတည်း၊ ဒီထက်ပိုပြီး တစုတစည်းတည်းရှိဖို့ ဆိုတာက အရမ်းအရေးကြီးပါတယ်။ တော်လှန်ရေးပန်းတိုင်က မဝေးတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး မဝေးခင်ကာလတွေမှာ အခက်အခဲမျိုးစုံ၊ အကြောင်းကြောင်းမျိုးစုံနဲ့ ဖြစ်လာနိုင်တာတွေ ဒါတွေကို ပြည်သူသာ အဓိကပါ၊ ပြည်သူ့အားနဲ့သာ ကျော်လွှားနိုင်မယ်လို့ အပြည့်အဝယုံကြည်တယ်။ ဒါ့ကြောင့် ပြည်သူသာ အဓိကပါ ဆိုတဲ့အတိုင်း ကျွန်တော်တို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ရင်းနဲ့ပဲ ဒါတွေကို ကျော်လွှားနိုင်မယ်။ အဲဒီလို ကျော်လွှားရင်းနဲ့ပဲ နိုင်ငံတကာက ကျွန်တော်တို့ ပြည်သူတွေရဲ့ အားကို အသိအမှတ်ပြုလာပြီးတော့ ပိုပြီးထိရောက်စွာ အကူအညီပေးနိုင်မယ်လို့ပဲ ကျွန်တော်မျှော်လင့်ပါတယ်လို့ ပြောလိုပါတယ်။

မေး – ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ဒုတိယအပတ်မှာ စတင်တော့မှာဆိုတော့ ဒီနှစ် Credentials Committee နဲ့ပတ်သက်လို့ ဘယ်လိုအနေအထားမျိုး ရှိနိုင်ပါလဲ။ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်လေ့ရှိတဲ့ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့အပြင် ကျန် ၆ နိုင်ငံက ဘယ်နိုင်ငံတွေ ဖြစ်မလဲဆိုတာ အကြမ်းဖျဥ်းသိရပြီလားခင်ဗျ။

ဖြေ – အခုဟာက ရာသီရောက်လာပြီလို့ပဲ ပြောရမှာပေါ့။ အခုလက်ရှိ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက လာမယ့် စက်တင်ဘာ ၁၀ ရက်မှ ပြီးပါမယ်။ စက်တင်ဘ ၁၀ ရက် မွန်းလွဲပိုင်းမှာပဲ ၇၉ ကြိမ်မြောက် အထွေထွေညီလာခံစတင်မှာဖြစ်တယ်။ အားလုံးသိတဲ့အတိုင်း UNGA စစချင်း ပထမဆုံးနေ့မှာပဲ Credentials Committee ကို ဖွဲ့စည်းတဲ့ ဥစ္စာရှိတယ်။ ဒီ ၉ နိုင်ငံမှာ ခုနက ဆရာပြောသလို ၃ နိုင်ငံက အမြဲတမ်းပါတယ်။ ကျန်တဲ့ ၆ နိုင်ငံက ဘယ်သူတွေ ဖြစ်မလဲဆိုတာတော့ ကျွန်တော်တို့ ဂဃနဏတော့ မသိရသေးပါဘူး။ အခုလိုအချိန်မှာ ကော်မတီ ဖွဲ့စည်းဖို့အတွက် သက်ဆိုင်ရာသက်ဆိုင်ရာ ဌာနတွေက စတင်လှုပ်ရှားနေတယ်ဆိုတာမျိုး အကြမ်းဖျဥ်းသိရပါတယ်။ ထုံးစံအတိုင်းဒေသအုပ်စုတွေကနေ မျှမျှတတပါအောင် ပုံမှန်ဖွဲ့တဲ့၊ ပုံမှန်ပါတဲ့ ကိုယ်စားပြုမှုတွေကို အဓိက ထည့်သွင်းစဥ်းစားပြီးတော့ သူတို့ လုပ်သွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့် ခုနက ၆ နိုင်ငံထဲမှာ အာရှက တစ်နိုင်ငံပါတယ်။ အာဖရိက နှစ်နိုင်ငံပါတယ်။ အရှေ့ဥရောပက တစ်နိုင်ငံပါမယ်။ လက်တင်အမေရိကန် ကာရေဘီယန်က နှစ်နိုင်ငံပါမယ်။ အဲဒီခြောက်နိုင်ငံနဲ့ အမြဲတမ်းပါတဲ့ သုံးနိုင်ငံနဲ့ ဖွဲ့စည်းပါမယ်။ လောလောဆယ်တော့ ကျွန်တော်မသိသေးပါဘူး။ ဒါပေမဲ့ သက်ဆိုင်ရာအဖွဲ့တွေက ဒါတွေကို ဆက်လက်ပြီးတော့ စတင်ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ ဘယ်လိုမျိုးပုံစံနဲ့လာမလဲဆိုတော Credentials ဖွဲ့ပြီးတဲ့အချိန်မှပဲ ကျွန်တော်တို့ အနည်းနဲ့အများ ပြောနိုင်မယ့် အနေအထား ရှိတယ်။ မနှစ်က အနေအထားဆိုရင်တော့ လက်ရှိ ရှိတဲ့တာဝန်ထမ်းဆောင်နေတဲ့ အမြဲတမ်းကိုယ်စားလှယ်ဆက်လက်တာဝန်ထမ်းဆောင်တယ်။ ဒီမှာတော့ ယေဘုယျခေါ်တာ status ကို အတည်ပြုခဲ့တာရှိတယ်။ ဒီနှစ်မှာ ဘယ်လိုလာမလဲ မပြောတတ်ဘူး။ လောလောဆယ်တော့ ထူးခြားတဲ့ indication တွေတော့ ကျွန်တော်တို့ မရသေးတဲ့အနေအထားမျိုး ရှိပါတယ်လို့။ လောလောဆယ် ဒီလောက်ပဲ ဖြေနိုင်ပါသေးတယ်။

မေး – Credentials Committee က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားပြုခွင့်အတွက် အဆုံးအဖြတ်ပြုပေးရတာဆိုတော့ လာမယ့်နှစ်အတွက် သံအမတ်ကြီး ဆက်လက်ကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ ဒီအချိန်မှာ ပြောလို့ရသလောက် ရှင်းပြပေးပါလား။

ဖြေ – ကျွန်တော်ခုနက ဖြေတဲ့အထဲမှာ ပါတော့ ပါသွားပါပြီ။ လက်ရှိ session ဖြစ်တဲ့ ၇၈ ကြိမ်မြောက် session ကတော့ လက်ရှိတာဝန်ယူနေတဲ့သူကိုပဲ ဆက်လက်တာဝန်ထမ်းဆောင်တဲ့ဥစ္စာမျိုးနဲ့ ကျွန်တော်တို့ Credentials Committee က အတည်ပြုခဲ့တာရှိတယ်။ ၇၉ကြိမ်မြောက်က ဘယ်လိုသွားမလဲဆိုတာ ကော်မတီမဖွဲ့ရသေးတဲ့အတွက် ပြောဖို့လည်း စောသေးတဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့် ပြောလို့လည်းခက်ပါတယ်။ ရှေ့မှာပြောသလို အခြားထူးခြားတဲ့ indiction တော့ မကြားရသေးပါဘူး။ မတွေ့ရသေးပါဘူး။ အဲဒီလောက်ပဲ လောလောဆယ် ဖြေနိုင်ပါသေးတယ်။

မေး – နိုင်ငံတော်အာဏာကို ပြည်သူတွေ အပ်နှင်းခြင်းမရှိဘဲ လက်နက်အားကိုးနဲ့ အတင်းအဓမ္မရယူဖို့ ကြိုးစားခဲ့တဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ သုံးနှစ်ဆက် ကုလသမဂ္ဂမှာ ထိုင်ခုံရဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သုံးနှစ်ဆက် ရှုံးနိမ့်ခဲ့တယ်။ ဒီနှစ်မှာရော စစ်ကောင်စီက ထပ်မံ ကြိုးစားလာတာတွေ့ရပါလား။ ဒီအပိုင်းကို သံအမတ်ကြီး ဘာများပြောပြလို့ရနိုင်မလဲ။

ဖြေ – တွေ့ရတယ်လို့ မရှိဘူး။ ဒါပေမဲ့ အကြမ်းဖျဥ်း သိရှိနားလည်ထားတဲ့ဥစ္စာကတော့ စစ်တပ်အနေနဲ့ ဒီမှာ ဆက်လက်တာဝန်ယူနေတဲ့ဥစ္စာကို သူတို့အနေနဲ့ ပုံစံအမျိုးမျိုး ကန့်ကွက်ဆန့်ကျင်နေတဲ့ဥစ္စာကိုတော့ အကြမ်းဖျဥ်းသိရပါတယ်။ ဒါကြောင့် လာမယ့် ၇၉ ကြိမ်မြောက် session မှာတော့ အံ့သြစရာတော့ ရှိမှာမဟုတ်ပါဘူး။ သူတို့အနေနဲ့ ဆက်လက်ကြိုးစားနေဦးမှာ ဖြစ်တယ်လို့တော့ ခန့်မှန်းရပါတယ်။ ဘယ်လိုပုံစံနဲ့ ကြိုးစားမယ်။ ဘယ်လိုပုံစံရှိမလဲဆိုတာ ဒီနှစ်အတွက်တော့ မသိဘူး။ ဒါပေမဲ့ မနှစ်ကဆိုရင်တော့ သူတို့ စကစဘက်ကလည်း ၇၈ ကြိမ်မြောက်အစည်းအဝေးတက်ဖို့အတွက် Credentials ပို့တာတွေ ရှိတယ်လို့တော့ ကျွန်တော်တို့ အကြမ်းဖျဥ်းသိပါတယ်။ သူတို့ Credentials ပို့သော်လည်းပဲ Credentials Committee ကတော့ လက်ရှိလူကိုပဲ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ပုံစံမျိုးနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဒီနှစ်လည်း ကျိန်းသေတယ်။ ဆက်လက်ကြိုးစားနေဦးမှာဖြစ်တယ်။ Credentials ပေးပို့ခြင်းပါအပါအဝင်။ လောလောဆယ် ပို့လား၊​မပို့လာား ကျွန်တော် မသိပါဘူး။

မေး – ကျွန်တော်တို့ နားလည်သလောက် Credentials Committee အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ သုံးနိုင်ငံလို့ ပြောလို့ရတဲ့ တရုတ်၊ ရုရှားနဲ့ အမေရိကန်ပေါ့။ ဒီနေရာမှာ မေးချင်တာက တရုတ်ရဲ့ အနေအထားရပ်တည်ချက်က ဘယ်လိုတွေ့ရပါလဲ။ သံအမတ်ကြီး ပြောလို့ရသလောက် ပြောပေးပါလား။

ဖြေ – ဒီဘက်မှာတော့ ခုနက ပြောသလို ဘာမှ ထူးထူးခြားခြား indication မရှိသေးဘူးဆိုတာ ရှေ့မှာ ပြောခဲ့တယ်။ လောလောဆယ်တော့ ဘာ indication မှ မရသေးဘူးလို့ပဲ ဖြေနိုင်ပါသေးတယ်။

မေး – ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်လာတယ်၊ စစ်ခေါင်းဆောင်နဲ့တွေ့တယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ တရုတ်ရဲ့ လက်ရှိ ရပ်တည်ချက်က ဘယ်လိုလို့ သံအမတ်ကြီး ရှုမြင်သုံးသပ်ပါလဲ။

ဖြေ – ဒါကတော့ အားလုံးသိတဲ့အတိုင်း တရုတ်အနေနဲ့ ဟိုတစ်ခါတုန်းကလည်း ဝမ်ယိလာတယ်။ အဲဒီအကြိမ်တုန်းက သူက sub-regional အစည်းအဝေးနဲ့ဆက်နွှယ်ပြီးလာတယ်။ ပုဂံမှာလုပ်တဲ့ အစည်းအဝေးလို့ အကြမ်းဖျဥ်းမှတ်မိတယ်။ အဲဒီတုန်းက အဲဒီကိုလာပြီး အဲဒီကပဲ တန်းပြန်တယ်ပေါ့။ အခုမှာတော့ နေပြည်တော်လာတာရှိတယ်။ ပြီးတော့ စကစက လူတွေနဲ့ တွေ့သွားတာ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တရုတ်က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းလည်းဖြစ်တယ်။ နောက်ပြီး သူတို့ရဲ့ စီးပွားရေးတွေ၊ အကျိုးစီးပွားတွေလည်း မြန်မာနိုင်ငံထဲမှ အများကြီးရှိတယ်။ ဒါကြောင့် တရုတ်ရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့က အမြဲတမ်းအလေးထားတယ်။ အမြဲတမ်း နီးနီးကပ်ကပ် စောင့်ကြည့်နေတဲ့ သဘောရှိတယ်။ ကျွန်တော်တို့ အမြဲတမ်းပြောတဲ့ ဥစ္စာကတော့ ဘယ်အရာမဆို ပြည်သူတွေရဲ့ အသံကို သေသေချာချာနားထောင်ဖို့၊ ပြည်သူတွေရဲ့ ဆန္ဒကို သေသေချာချာ လေးစားဖို့၊ အဲဒီ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီသာ ဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ ထောက်ပြတာ ရှိပါတယ်။ တရုတ်ရယ်လို့မဟုတ်ပါဘူး။​ အားလုံးကို အမြဲတမ်းထောက်ပြနေတာ။ မကြာခင်တုန်းက ကျွန်တော််ပြောခဲ့တဲ့ မိန့်ခွန်းမှာလည်း ပြည်သူတွေရဲ့ အသံကို သေသေချာချာနားထောင်ဖို့ဆိုတာ၊ ပြည်သူတွေရဲ့ aspiration ကို သေသေချာချာ ရိုးသားစွာ လေးစားဖို့ ပြောခဲ့တာရှိတယ်။ ဒါကြောင့် ပြည်သူသာ အဓိကပါဆိုတာပဲ ပြန်ကောက်ရမှာ ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ အိမ်နီးချင်းနိုင်ငံတွေပါ အပါအဝင် နိုင်ငံတကာကနေ မြန်မာနိုင်ငံကိစ္စမှာ ပုံစံအမျိုးမျိုးနဲ့ ကူညီပေးချင်တာ၊ ပုံစံအမျိုးမျိုးနဲ့ ပါဝင်ပတ်သက်ချင်တာတွေ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ပဲ ပါဝင်ပတ်သက်ပါစေ၊ ဘယ်လိုပုံစံမျိုးနဲ့ပဲ ကူညီပါစေ။ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီဖြစ်တဲ့ အကူအညီကိုပဲ ပေးဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ အနာဂတ်၊ ပြည်သူတွေသာ ပိုင်ဆိုင်ရမယ်၊ ပြည်သူတွေသာ ဖန်တီးရမယ် ဆိုတာ နိုင်ငံတကာ စံနှုန်းတွေလည်း ရှိတဲ့အတွက်ကြောင့် အဲဒီစံနှုန်းတွေနဲ့အညီ နိုင်ငံတကာအနေနဲ့ ကူညီပံ့ပိုးဖို့၊ နိုင်ငံတကာအနေနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံ၊ ကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့ အနာဂတ် ဖြောင့်ဖြူး အေးချမ်းတဲ့ အနာဂတ် ဖြစ်စေဖို့အတွက် ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီသာ ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အဲဒီလို ဆောင်ရွက်ပေးဖို့လည်း ကျွန်တော်တို့ကတော့ ရတဲ့အခြေအနေ၊ ရတဲ့အချိန်မှာ အားလုံးကို တိုက်တွန်းနေမှာဖြစ်တယ်ဆိုတာ ဒီနေရာကနေ ပြောလိုပါတယ်။

ရုပ်သံအင်တာဗျူးကြည့်ရှုလိုသူများအတွက် ရုပ်သံလင့်-

https://www.facebook.com/LuduNwayOo/videos/547414671297048

(​မေးမြန်းခန်း အပိုင်း-၂ ကို ဆက်လက်​ဖော်ပြပါမယ်)

ဆက်စပ်သတင်းများ

Trending

Facebook