Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ဒါပထမအဆင့် ပိတ်ဆို့မှုဖြစ်သွားပြီ”

ILO၏ မြန်မာနိုင်ငံအပေါ် အရေးယူလာနိုင်မည့်အခြေအနေများနှင့် ဆက်စပ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

"ဒါပထမအဆင့် ပိတ်ဆို့မှုဖြစ်သွားပြီ"
"ဒါပထမအဆင့် ပိတ်ဆို့မှုဖြစ်သွားပြီ"

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ဗဟိုအလုပ်မှုဆောင်ဒေါ်ခိုင်ဇာအောင်နှင့်မေးမြန်းခန်း

အဓမ္မစစ်မှုထမ်းခိုင်းခြင်းနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေမှုများကြောင့် စစ်ကောင်စီ၏ မြန်မာနိုင်ငံအပေါ်ကို အရေးယူမည့် အတည်ပြုချက်တစ်ခုကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)က နိုဝင်ဘာလဆန်းပိုင်းတွင် ချမှတ်ခဲ့သည်။ ILO၏ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးကို ILO ဌာနချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာလ ၇ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကို အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ILO၏ မြန်မာနိုင်ငံအပေါ် အရေးယူလာနိုင်မည့်အခြေအနေများနှင့် ဆက်စပ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ဗဟိုအလုပ်မှုဆောင်ဒေါ်ခိုင်ဇာအောင်
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ဗဟိုအလုပ်မှုဆောင်ဒေါ်ခိုင်ဇာအောင်

ရဲ​ခေါင်/People’s Spring

မေး – ILO က စစ်ကောင်စီရဲ့ မြန်မာနိုင်ငံအပေါ်ကို ဘာကြောင့် အရေးယူတာလဲဆိုတာ ရှင်းပြပေးပါဦး။

ဖြေ – မြန်မာနိုင်ငံကို ILO အနေနဲ့က အရေးယူမှာဆိုရင် ဘာကြောင့်အရေးယူမှာလဲ ဆိုပြီး တချို့လူတွေနားမလည်ကြဘူးပေါ့နော်။ ရှင်းပြချင်တာက ILOဆိုတာ ကမ္ဘာအလုပ်သမားအဖွဲ့ချုပ်ပါ။ ILO ရဲ့ အစည်းအဝေးညီလာခံတွေမှာ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေ နိုင်ငံအလိုက် ပါဝင်ပြီး ဆွေးနွေးကြတယ်။ အလုပ်သမားနဲ့ သက်ဆိုင်တာတွေကို ဆွေးနွေးပြဌာန်းခဲ့တယ်။ ပြဌာန်းတဲ့နေရာ ဖြစ်တယ်။ အဲဒီတော့ အလုပ်သမား၊ အလုပ်ရှင်အစိုးရ နိုင်ငံတကာပေါင်းစုံကနေပြီးတော့ စုဝေးဆွေးနွေးချမှတ်ထားတဲ့ ပြဌာန်းချက်တွေကို သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံတွေက လေးစားလိုက်နာဖို့ လိုပါတယ်။ အဲဒီမှာ ပြဌာန်းချက်ပေါင်း ၁၉၀ ရှိတဲ့အထဲမှာ ရှစ်ချက်က မဖြစ်မနေ လိုက်နာရမယ်။ နိုင်ငံတိုင်းက လိုက်နာရမယ်။ အဲဒီရှစ်ချက်ထဲမှာ လွတ်လပ်စွာ အသင်အဖွဲ့ ဖွဲ့စည်းခွင့်တို့၊ အဓမ္မခိုင်းစေမှု မလုပ်ရဘူးတို့ ကလေးလုပ်သားမခိုင်းရဘူးတို့၊ အနည်းဆုံးလုပ်ခ အခကြေးငွေလည်းပါတယ်။ ဆိုတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာ ILOက ဘာဖြစ်လို့ အရေးယူမှာလဲဆိုရင် မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးပြင်းပြင်းထန်ထန်ချိုးဖောက်နေတယ်ဆိုတာကို ကျွန်မတို့က အစီရင်ခံတင်ပြခဲ့တာဖြစ်တဲ့အတွက် ဒါကို စုံစမ်းစစ်ဆေးဖို့ ၂၀၂၂ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ILO က ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၃ တစ်နှစ်လုံးမှာ မြန်မာနိုင်ငံက သမဂ္ဂအဖွဲ့ချုပ်တွေ၊ အလုပ်သမားတွေ ပြီးတော့ စစ်တပ်ရဲ့ ဖိနှိပ်မှုကိုခံရတဲ့ ကဏ္ဍပေါင်းစုံက အလုပ်သမားတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကိုလည်း တွေ့ပြီးတော့မှ သူတို့ရဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်။

Public Service Announcement

Public Service Announcement

မေး – ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဘာတွေ တင်ပြခဲ့တာလဲ။

ဖြေ – ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းရေးကော်မရှင်အဖွဲ့ရဲ့ တင်ပြချက်က ၂၀၂၃ ခုနှစ်သြဂုတ်လမှာ ထုတ်တယ်။ သူ့အစီရင်ခံစာမှာ ဖော်ပြချက်တွေအရ မြန်မာနိုင်ငံမှာ လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့် ပြင်းထန်စွာချိုးဖောက်နေတယ်။ အဓမ္မ ခိုင်းစေမှုကိုလည်း ပြင်းထန်စွာချိုးဖောက်နေတာကို သူတို့ တွေ့ရှိခဲ့ရတယ်လို့ အစီရင်ခံစာထဲမှာ အတိအလင်းဖော်ပြထားပါတယ်။ သူတို့ တွေ့ရှိရတဲ့ ချိုးဖောက်မှုတွေကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖို့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြံပြုချက်တွေလည်း ထည့်သွင်းထားပါတယ်။ ဒီလိုမျိုး စုံစမ်းစစ်ဆေးကော်မရှင်ရဲ့ အကြံပြုချက်ကို သက်ဆိုင်ရာနိုင်ငံက လုံးဝလိုက်နာရမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ အချိန်ကာလအတွင်းမှာ ပြုပြင်ပြောင်းလဲရမှာဖြစ်တယ်။ သို့သော်မြန်မာနိုင်ငံ(စစ်ကောင်စီ)က မလုပ်ဘူး။ ဒါကြောင့်မို့ ILOရဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၃၃ အရ IOL ရဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို မလိုက်နာတဲ့နိုင်ငံတွေကို အရေးယူမှုလုပ်ခြင်းအားဖြင့် အရေးယူသွားဖို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

မေး – ILOက သူရဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၃၃နဲ့ အရေးယူမယ်ဆိုပြီး ဖော်ပြတာ​တွေ တွေ့ရတယ်။ အဲဒီ ပုဒ်မ ၃၃ အရ ဘယ်လိုတွေအရေးယူနိုင်လဲဆိုတာ ရှင်းပြပေးပါဦး။

ဖြေ – စစ်ကောင်စီကို ILOရဲ့ ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ ၃၃ အရ အရေးယူမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲလို့ ပြောရရင် အဆင့်သတ်မှတ်ချက်သုံးခုနဲ့ အရေးယူလာနိုင်တယ်။ ပထမအဆင့်မှာက မည်သည့်ပူးပေါင်းဆောင်ရွက်မှုမှ မလုပ်ဘူး။ နည်းပညာပိုင်းအရရော၊ ဘဏ္ဍာရေးပိုင်းအရရော၊ ဘာမှထောက်ပံ့မှုမလုပ်ဘူးဆိုတဲ့ ILO အဆင့် Sanction(ဒဏ်ခတ်အ​ရေးယူ)ဖြစ်တယ်။ နောက်တစ်ချက်က နိုင်ငံအဆင့် ILO အဖွဲ့ဝင်တွေက အရေးယူမယ့် အဆင့်မျိုးတစ်ခုရှိပါတယ်။ အဲဒီက အကယ်၍ ILO ကနေပြီး အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ILO အဖွဲ့ဝင်များသည် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်ပြီး သုံးသပ်ပါဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့မယ်ဆိုရင် ILO အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့အစိုးရတွေကော ILOရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အလုပ်ရှင်တွေရော ကုမ္ပဏီတွေရောကနေပြီး ILO ရဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာပြီး အကောင်အထည်ဖော်ရမယ့်ကိစ္စ ဖြစ်သွားရပါလိမ့်မယ်။ ဒါက ဒုတိယအဆင့် Sanctionပေါ့နော်။ နိုင်ငံတကာကနေ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်လိုက်တယ်ဆိုတဲ့ Sanctionမျိုးက ထပ်ပြီးဖြစ်မှာ ဖြစ်ပါတယ်။

မေး- ဒဏ်ခတ်အရေးယူမှုတွေက ဘယ်အချိန်ကစပြီး သက်ရောက်နိုင်မလဲ။

ဖြေ – အခု(အောက်တိုဘာ ၂၈ ရက်ကနေ နိုဝင်ဘာ ၇ ရက်)အထိ ILOရဲ့ အုပ်ချုပ်ရေး အစည်းအဝေး ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံကို နည်းပညာအကူအညီမပေးရဘူး။ တခြားကူညီထောက်ပံ့မှု မပေးရဘူးဆိုတာ ဆုံးဖြတ်ချက်ထဲ ပါသွားပြီ။ ပြောမယ်ဆို ဒါပထမအဆင့် ပိတ်ဆို့မှုဖြစ်သွားပြီ။

မေး – နောက်ထပ်အရေးယူမှုတွေအတွက်ကရော ဘယ်ချိန်လောက်ထပ်လာနိုင်မလဲ။ နောက်ပြီး ILO ရဲ့လုပ်ငန်းစဥ်ကို ရှင်းပြပေးပါဦး။

ဖြေ – ကျွန်မတို့အားလုံးသိထားဖို့လိုတာက ILO သည် တစ်နှစ်မှာ အစည်းအဝေးသုံးခုရှိပါတယ်။ မတ်လမှာတစ်ခါ။ နိုဝင်ဘာမှာ တစ်ခါ။ ပြီးရင် ​ခြောက်လပိုင်း ဇွန်လမှာ ILO ရဲ့ ညီလာခံ ရှိပါတယ်။ ILO ရဲ့ ဆုံးဖြတ်ချက်များ ချစရာရှိတာတွေကို သူတို့လုပ်တဲ့ အစည်းအဝေးတွေ မှာ ဆုံးဖြတ်ချက်ချတာဖြစ်ပါတယ်။ ဆိုတော့ နောက်တစ်ကြိမ် ILO က အစည်းအဝေးထိုင်မှာက ၂၀၂၅ မတ်လ ဖြစ်ပါတယ်။ မတ်လမှာ ကျွန်မတို့က ILOအနေနဲ့ မြန်မာပြည်ကို ဘယ်လို အရေးယူမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ အကြိတ်အနယ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အကြိတ်အနယ်ဆိုတဲ့နေရာမှာ ကျွန်မတို့ မြန်မာနိုင်ငံသည် စစ်ကောင်စီအနေနဲ့ ILO ကော်မရှင်ရဲ့ အကြံပြုချက်ကို မလိုက်နာဘူး။ ပိုပြီးတော့တောင် တိုး တိုးပြီး ချိုးဖောက်နေတာတွေက ထင်ထင်ရှားရှားဖြစ်နေတာကြောင့် အရေးယူမှုက ဖြစ်ကိုဖြစ်မယ်။ ကျွန်မတို့လိုချင်တဲ့ အရေးယူမှု ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်တယ်။ မတ်လမှာ ILO ရဲ့ ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုရင် ရှေ့လာမယ့် ခြောက်လပိုင်း ဇွန်လမှာ ပြုလုပ်မယ့် ILO ညီလာခံကြီးမှာ ကျွန်မတို့ မြန်မာကိစ္စကို အတည်ပြုချက်ချမှာ ဖြစ်ပါတယ်။ ILO ရဲ့ ဆုံးဖြတ်ချက်တွေကို နိုင်ငံတကာအဖွဲ့ဝင်အားလုံးကနေ လိုက်နာဖို့ဆိုရင် ညီလာခံကြီးမှာ တင်ပြီးတော့မှ အတည်ပြုခိုင်းရတာ ဖြစ်ပါတယ်။

မေး – ILOက မြန်မာနိုင်ငံအပေါ်အရေးယူမှုက အရင်ကရော ရှိခဲ့ဖူးလား။

ဖြေ – ဒီလိုကိစ္စမျိုးက ဖြစ်ဖူးလားလို့ မေးရင် ဖြစ်ဖူးပါတယ်။၂၀၀၀ ခုနှစ်မှာ မြန်မာနိုင်ငံကို ILO က ဒီလိုဆုံးဖြတ်ချက်မျိုး ချဖူးပါတယ်။ ၂၀၀၀ ခုနှစ်မှာ မြန်မာပြည်မှာ ဘာဖြစ်ခဲ့တာလဲဆိုတော့ အဲဒီအချိန်မှာ အဓမ္မ ခိုင်းစေမှုတွေ ဖြစ်တယ်။ အဓမ္မခိုင်းစေမှုနဲ့ပတ်သတ်ရင် ဒီ ILO မှာ ကျွန်မတို့အဖွဲ့အစည်းကပဲ အဲဒီအချိန်တုန်းက FTUB ပေါ့။ အခုကတော့ CTUMပေါ့။ FTUB အနေနဲ့ ILOမှာ နှစ်တိုင်း အဓမ္မခိုင်းစေမှုတွေပြည်သူပေါ်မှာ ကျူးလွန်နေတာကို report တွေ တင်ခဲ့တဲ့အတွက်ကြောင့်မလို့ ILOကနေ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့တယ်။ ဖွဲ့စည်းပြီး စစ်ဆေးတဲ့အခါမှာ ပြစ်မှုကျူးလွန်ကြောင်းပေါ်ပေါက်တယ်။ အဲဒီတော့ ILO ရဲ့ပြဌာန်းချက်ကို လိုက်နာဖို့အတွက် ဒီစုံစမ်းရေးကော်မရှင်ကနေ သူတို့ရဲ့ အကြံပြုချက်တွေကို သူတို့ရဲ့ အစီရင်ခံစာမှာထည့်တယ်။ ဒါပေမယ့် အဲဒီအချိန်က စစ်အစိုးရကလည်း မလိုက်နာခဲ့ဘူး။ ဒါကြောင့်မို့ ILOက ၂၀၀၀ခုနှစ်မှာ ဒီဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့တယ်။ ခုနက ပြောတဲ့ ILOရဲ့ နိုင်ငံအဖွဲ့ဝင်တွေက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည်ပြီးသုံးသပ်ပါဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ နိုင်ငံတကာက သူတို့ရဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆက်သွယ်မှုကို ရပ်တန့်လိုက်တဲ့အတွက်ကြောင့် ၂၀၀၀ ခုနှစ်အလွန် ၂၀၀၃ ခုနှစ်နောက်ပိုင်းမှာဆိုရင် စီးပွားရေးပိတ်ဆို့မှု ကြုံခဲ့ရတယ်ဆိုတာ ပြန်ပြီး အမှတ်ရမှာ ဖြစ်ပါတယ်။

မေး – အဲဒီပိတ်ဆို့အရေးယူမှုက စစ်အုပ်စုအပေါ် ဘယ်လိုမျိုးသက်ရောက်လာနိုင်မလဲ။

ဖြေ – ဒီလိုမျိုး ဖိအားပေးမှုဟာ မြန်မာနိုင်ငံရဲ့အတွေ့ အကြုံအရဆိုရင် နိုင်ငံရေးအပြောင်းအလဲဟာ ကောင်းမွန်တဲ့ဘက်ကို ဦးတည်ပြီးပြောင်းလဲတဲ့ ဖိအားတစ်ရပ်ဖြစ်ခဲ့တာကို ကျွန်မတို့တွေ့ရမှာ ဖြစ်တယ်။

မေး – ILOကနေ မြန်မာနိုင်ငံ(စစ်ကောင်စီ)အပေါ် အရေးယူနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ရတဲ့အပိုင်းတွေကို ပြောပေးပါဦး။

ဖြေ – စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ကျွန်မတို့က ILOကို တောက်လျှောက် အစီရင်ခံစာတွေ ပေးပို့ပါတယ်။ ၂၀၂၁ ခြောက်လပိုင်းမှာ ILO ရဲ့ ညီလာခံမှာ မြန်မာနိုင်ငံဟာ အာဏာသိမ်းသွားပြီ။ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်မရှိတော့ဘူး။ အလုပ်သမားတွေ အသတ်ခံရတယ်။ ဖမ်းဝရမ်း ထုတ်ခံရတယ်။ ပြည်သူတွေ ဘယ်လိုဖြစ်နေရတယ်ဆိုတာက ကျွန်မတို့ တောက်လျှောက် အစီရင်ခံတင်ပြခဲ့တယ်။ ကျွန်မအနေနဲ့လည်း အဲဒီအချိန်တုန်းက ကိုဗစ်ဖြစ်တော့ အွန်လိုင်းကနေပဲ ညီလာခံကို ပါဝင်ပြီး ပြောခဲ့ရတာရှိတယ်။ တင်ပြချက်တွေကတော့ စာနဲ့ရေးပြီးပေးတယ်။ တောက်လျှောက်ပေါ့။ ၂၀၂၁ ခြောက်လပိုင်းမှာလည်း တင်ပြတယ်။ နိုဝင်ဘာမှာလည်း တင်ပြတယ်။ ILOရဲ့ နှစ်တိုင်း၊ အစည်းအဝေးတိုင်းမှာ စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေကို တင်ပြခဲ့တယ်။ ဒီလိုမတင်ပြခင်ကြားကာလမှာလည်း ကိုယ်ပြောချင်တာကို တစ်ယောက်တည်းပြောရင် မထိရောက်ဘူး။ ILO မှာရှိတဲ့ အလုပ်သမားကိုယ်စားလှယ်တွေကိုလည်း ကိုယ်ပြောချင်တာကို သိအောင်၊ ပြောပေးနိုင်အောင် ILO အစည်းအဝေးတစ်ခုနဲ့ တစ်ခုကြားမှာ ကျွန်မတို့အနေနဲ့ ခရီးတွေသွားပြီး နိုင်ငံအလိုက်သမဂ္ဂတွေကို တွေ့ဆုံပြီး ရှင်းပြတယ်။ သူတို့နိုင်ငံအစိုးရတွေနဲ့လည်း တွေ့ခဲ့တယ်။

မေး – နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါလဲ။

ဖြေ – စစ်ကောင်စီအနေနဲ့ ချိုးဖောက်မှုတွေ ဆက်တိုက်ဆက်တိုက် ဆက်ကျူးလွန်နေတာကြောင့် မြန်မာနိုင်ငံကို ILOက ပုဒ်မ ၃၃အရ အရေးယူဖို့ အခြေအနေဖြစ်လာတယ်ဆိုတာကို ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေနဲ့ ပြည်သူတွေကို နားလည်းသိရှိစေလိုပါတယ်။ ။

ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး များစွာအကျိုးသက်ရောက်စေတာကြောင့် ပြည်သူတွေရဲ့အောင်ပွဲလို့ ဖော်ပြ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၇)မှာစစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။