ဇွန် ၈၊ ၂၀၂၅။ကိုဘီဂျီ/People’s Spring
စစ်အုပ်စုကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ (ILO)ရဲ့ Article 33အရ ထိရောက်စွာအရေးယူဖို့ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးမှာ ပူးပေါင်းဆောင်ရွက်သူတွေကို အထူးကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့(ဇွန်လ ၈ရက်)မှာ ထုတ်ပြန်ပါတယ်။
Article 33 အရ အရေးယူမှုဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ ဝန်ကြီးဌာနနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သုံးပွင့်ဆိုင်အဖွဲ့ဝင် မြန်မာနိုင်ငံအလုပ် သမားတပ်ပေါင်းစု (Myanmar Labour Alliance – MLA) ၊ မြန်မာနိုင်ငံ အလုပ်ရှင်များအဖွဲ့ (Myanmar Employers Organization – MEO) ၊ မြန်မာနိုင်ငံ လုပ်ငန်းရှင်များ အဖွဲ့ချုပ် (Myanmar Employers Federation – MEF) ၊ စစ်အုပ်စုရဲ့ အခွင့်အရေးချိုးဖောက်ကျူးလွန်မှုအထောက်အထားအချက်အလက်များ ကောက်ယူစုစည်းပေးပို့ရာမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးတဲ့ အဝေးရောက် ဧရာဝတီအသင်း (Overseas Irrawaddy Association – OIA)၊ Mondiaal FNV ၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ ညီလာခံ တက်ရောက်နိုင်ရေးအပါအဝင် အဘက်ဘက်က ပံ့ပိုးကူညီပေးတဲ့ International Trade Union Confederation – ITUC, International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association – IUF ၊ Building and Wood Workers’ International – BWI နဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များ၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ မဲခွဲဆုံးဖြတ်ရန် မလိုအပ်အောင် မတရားမှုကို တော်လှန်ရာမှာ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပေးခဲ့တဲ့ ILO အဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနအနေအနဲ့ ထူးကျေးဇူးတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NUG အနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန် ရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး၊ လူထုဆက်ဆံရေးစတဲ့ တော်လှန်စစ်မျက်နှာပေါင်းစုံကနေ တိုက်ပွဲဝင်လျက်ရှိရာအလုပ်သမားဝန်ကြီးဌာနအနေနဲ့နိုင်ငံရေးနဲ့ဘဏ္ဍာရေးကဏ္ဍမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ (ILO) အပါအဝင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

Public Service Announcement
ILOရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ အလုပ်သမားဝန်ကြီးဌာနဦးဆောင်တဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အဖွဲ့ကို ဖွဲ့စည်းပြီး ILO ယန္တရားကတဆင့် အကြမ်းဖက်စစ်အုပ်စုကို အပြစ်ပေးအရေးယူရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် ILOက စတင်အသိအမှတ်ပြုမှုရရှိဖို့ အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
CDM ဝန်ထမ်းတွေအပါအဝင် အလုပ်သမားထုတစ်ရပ်လုံးအပေါ် အခြေခံအခွင့်အရေးချိုးဖောက်ခံရမှု အထောက်အထားတွေ ပြည့်စုံစွာ ရရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကြောင့် ၂၀၂၃ သြဂုတ်မှာ စစ်အုပ်စုက ချက်ချင်းလိုက်နာဆောင်ရွက်ရမယ့် တိုက်တွန်းချက်များပါဝင်တဲ့ COIရဲ့ အစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုအနေနဲ့အဲဒီတိုက်တွန်းချက်တွေကိုမလိုက်နာတဲ့အပြင် ပိုမိုဆိုးဝါးတဲ့ ချိုးဖောက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သက်သေအထောက်အထားအချက်အလက်တွေ၊ အထူးသဖြင့် စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု၊ အရပ်သားပြည်သူအပေါ် နေ့စဉ် ဗုံးကြဲသတ်ဖြတ်မှု၊ ဖမ်းဆီး သတ်ဖြတ်မှု သက်သေအထောက်အထားတွေကို သုံးပွင့်ဆိုင်အဖွဲ့အနေနဲ့ ILO ထံ စဉ်ဆက်မပြတ် အစီရင်ခံတင်ပြခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီသက်သေအချက်အလက်တွေဟာ စစ်အုပ်စုကို အရေးယူရေး ဆုံးဖြတ်ချက် ချမှတ်ရာမှာ များစွာအထောက်အကူဖြစ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။
ILO ကArticle 33 အရအရေးယူမှုဆုံးဖြတ်ချက်(Resolution)မှာ အဓိကအနေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေအနေဖြင့် စစ်ကောင်စီနဲ့ ဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည် သုံးသပ်ဖို့၊ ပြည်သူအပေါ် အခြေခံအခွင့်အရေးချိုးဖောက်မှုနဲ့ ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေမယ့် စစ်ကောင်စီထံ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေးစီးဆင်မှုတွေ မပြုလုပ်ဖို့ စတဲ့ စစ်အုပ်စုအပေါ် တိုက်ရိုက်ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးနဲ့ဘဏ္ဍာရေးစစ်မျက်နှာမှာစစ်အုပ်စုကို များစွာထိခိုက်စေမှာဖြစ်ပြီး တနည်းအားဖြင့် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် များစွာအကျိုးသက်ရောက်စေမှာဖြစ်တာကြောင့် ပြည်သူတွေရဲ့အောင်ပွဲတစ်ရပ်လို့ ဖော်ပြပါတယ်။
စစ်အုပ်စုကို အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ILOရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇)နဲ့ အဓမ္မအလုပ်ခိုင်း စေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၂၉)တွေကို ကျူးလွန်ချိုးဖောက်မှုတွေကြောင့် Article 33အရ အရေးယူဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာလို့ NUGရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
